Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် NEP (National Electrification Plan) နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြသည့် အခမ်းအနားသို့တက်ရောက် လမ်းညွှန်အဖွင့်အမှာ စကားပြောကြား

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် NEP (National Electrification Plan) First Phase နှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန်အဖွင့်အမှာ စကားပြောကြားသည်။

ထိုသို့အဖွင့်အမှာစကား ပြောကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) ဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံချက် (NEP Plan) နှင့်ပတ်သက်လို့ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လာရောက် ရှင်းလင်းတင်ပြသည့် အတွက် ဝန်ကြီးဌာန၏ ကြိုးစားလုပ်ဆောင်နေမှုများကို အသေးစိတ် သိရှိလေ့လာခွင့်ရရှိပြီး ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့နိုင်ငံအတွက် အဓိကအရေးတကြီး လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ပတ်သက်၍ ဘယ်လိုဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရ မည်ဆိုတာကို သိရှိနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိမှုကဏ္ဍသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခု အနေဖြင့် ပါဝင်ကြောင်းကို မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိလက်ခံ ထားပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာခြင်းသည် တိုင်းပြည်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံ အကြောင်းအရင်း ဖြစ်သောကြောင့် လွှတ်တော်က ဝန်ကြီးဌာန၏ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာငွေကြေး ရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ International Development Association (IDA) ချေးငွေ အမေရိကန်ဒေါ်လာသန်း (၃၁၀) ချေးယူခွင့်ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုကို ကြည့်မည်ဆိုလျှင် အာဆီယံ နိုင်ငံများတွင် ရာခိုင်နှုန်း အနည်းဆုံး အနေအထားကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားကဏ္ဍသည် မိမိတို့နိုင်ငံ၏ အရေးကြီးဆုံး အမျိုးသားရေးကိစ္စ  တစ်ရပ်ဟုပင် ပြောမည်ဆိုပါက ပြောနိုင်ပါကြောင်း၊ လျှပ်စစ်ဓာတ် အားဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတကာ၏ ချေးငွေအကူအညီများရယူပြီး မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခြေခံလိုအပ်ချက်ဖြစ်သည့် အရည်အသွေးပြည့်မီသော လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း သက်ဆိုင်ရာ ဒေသအသီးသီးမှာ စီမံကိန်းများ၊ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်သည့် နေရာများတွင် အားလုံးပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်မှ အဖွင့်အမှာ စကားပြော ကြားသည်။

ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအားစီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာသန်း(၃၁၀) ဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက် (NEP Plan) နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အစီအမံများအား လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ်က NEP နှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှု အခြေ အနေများအားလည်းကောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက် လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်