Skip to main content

ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်က အတည်ပြုကြောင်းသတင်းရရှိ

     ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့ စာဖြင့်ရေးသားပြီး အဆို

<--break->

တစ်ရပ်အဖြစ် တင်ပြလာခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဌ ခွင့်ပြုခဲ့ပါသည်။

     ယင်း အဆိုမှာ  “ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသောဒီမိုကရေစီစနစ် ဖော်ဆောင်ရာ တွင် အဟန့်အတား ဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်း ပေးရန် လွှတ်တော် နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ’’ ဖြစ်ပြီး အဆိုရှင်ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက အဆို တင်သွင်းပြီးနောက် မြိတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၊ ရသေ့တောင် မဲဆန္ဒနယ် မှ ဒေါ်ခင်စောဝေ၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးနိုင်ငံလင်း၊ လသာ မဲဆန္ဒနယ်မှ ဦးကြည်မြင့်၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့က ဆွေးနွေး ခဲ့ကြပါသည်။

     အဆိုနှင့် စပ်လျဉ်းပြီး အဆိုပါလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဌက ယခုအဆိုသည် နိုင်ငံတော်၊ ပြည်သူများနှင့် တိုင်းရင်းသားများအတွက် အလွန်အရေးကြီးသော အဆို တစ်ရပ်ဖြစ်ကြောင်း အောက်ပါအတိုင်း ရှင်းလင်းဆွေးနွေး တင်ပြရာ

      ယနေ့နိုင်ငံအတွင်းရှိပြည်သူများ ဒုက္ခဆင်းရဲရောက်ပြီး လူမှုစီးပွားရေးဘဝ အဆင့်အတန်း နိမ့်ကျနေခြင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ် ပိတ်ဆို့အရေးယူမှု များကြောင့် ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြား၍ ပဋိပက္ခဖြစ်စေပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှုများတွင်လည်း အခက်အခဲ အဟန့်အတားများ ဖြစ်ပေါ်စေကြောင်း၊ ယခုကဲ့သို့ ကန့်သတ်အရေးယူ ပိတ်ဆို့ထားမှု များသည် မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံး နေသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် များစွာအခက်အခဲ အဟန့်အတား ဖြစ်စေကြောင်း၊ထို့အပြင် ဆင်းရဲဒုက္ခများစွာ ခံစားနေရသည့် လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်စေရန် လည်း အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း၊     သို့ဖြစ်၍ အဆိုရှင်၏ တင်ပြချက်သည် မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ နှင့် နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည့် အတွက် ဆောင်ရွက်နိုင်သူများပါဝင်ဆောင်ရွက်နိုင်ရေးလိုအပ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြပြီးနောက် ဒေါ်နန်းဝါနု၏ အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း နှင့် သဘောတူကြောင်း ကိုယ်စားလှယ်များ၏ ဆန္ဒရယူဆုံးဖြတ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက် အတည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။