Skip to main content

ဦးသိန်းလွင် ချောက်မဲဆန္ဒနယ်မှ ဆွေးနွေးခြင်း

အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူးနှင့် ချောက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင် ဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ ပြည်သူ့ လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး နဝမနေ့မှာ ဘုတလင်မဲဆန္ဒနယ်က ဦးသန်းနွယ် တင်သွင်း ခဲ့တဲ့ နိုင်ငံတော်ရှိအရေးပါသော သဘာဝသစ်တောကြီးများ ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းကာ ကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သင့်ကြောင်း အဆိုကို ဆွေးနွေးတင်ပြမှာဖြစ်ပါ တယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးဟာ သစ်တော သယံဇာတ၊ သတ္ထုတွင်းထွက်သယံ ဇာတ၊ ရေနံနှင်‌့ သဘာဝဓာတ်ငွေ့သယံဇာတ စတဲ့ ရေမြေတောတောင်၊ သဘာဝသယံဇာတများ ပေါကြွယ်ဝကြောင်း ခေတ်အဆက်ဆက်ကတည်းက ယုံကြည်စွာ ဂုဏ်ယူပြောဆိုခဲ့ပါတယ်။ ဟုတ် လည်းဟုတ်ခဲ့ပါတယ်။ ဒါပေမယ့် ကနေ့ ကျွန်တော်တို့ မျက်မှောက်ခေတ်ကာလမှာတော့ ဒီအယူ အဆဟာ ဆက်လက်မှန်ကန်ခြင်းရှိ၊ မရှိ ပြန်လည်ဆန်းစစ်ဖို့ အထူးလိုအပ်နေပြီဖြစ်ပါတယ်။

လေးစားပါသောဥက္ကဋ္ဌကြီးခင်ဗျား။ အထူးသဖြင့် အခု ကျွန်တော်တို့ ဆွေးနွေးနေကြတဲ့ သဘာဝသစ်တောကြီးများ ဖြစ်တည်ကျန် ရှိမှုကို အလေးအနက်ထား သုံးသပ်ကြည့်ဖို့ လိုအပ်နေပါပြီ။ တရားဝင်မှတ်တမ်းမှတ်ရာများ၊ သစ် တောပညာရှင်များရဲ့ အဆိုအမိန့်အရ သစ်တောဖုံးလွှမ်းမှုအခြေအနေဟာ ရှေးမြန်မာကုန်းဘောင် ခေတ်မှာ ၇၀ ရာခိုင်နှုန်း၊ ၁၉၆၂ ခုနှစ်မှာ ၅၇ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်မှာ ၅၁ ရာခိုင်နှုန်း နဲ့ ၂၀၀၈ ခုနှစ်မှာ ၂၄ ရာခိုင်နှုန်းသာ ကျန်ပါ တော့တယ်ခင်ဗျာ။ ကမ္ဘာကတန်ဖိုးထားတဲ့ မြန်မာ့ကျွန်းသစ် အခြေအနေဟာလည်း ၁၉၅၆ -၅၇ ခုနှစ်တုန်းက တစ်နှစ်ကို ကျွန်းသစ်တန်ချိန် ၄ သိန်းထုတ်နိုင်ခဲ့ပေမယ့် ခုဆို တစ်နှစ်တန်ချိန် ၈ သောင်းပဲ ထုတ်နိုင်ပါတော့တယ်။ ကျွန်တော်တို့ ကျောင်းသား ဘဝတုန်းက မြန်မာနိုင်ငံရဲ့ သစ်တော ကာကွယ်ထိန်းသိမ်းမှုနှင့် စနစ်တကျခုတ်လှဲထုတ်ယူမှု၊ ပြန်လည်ပျိုးထောင်မှုတွေဟာ ရှေးယခင် အင်္ဂလိပ်အုပ်စိုးမှုကတည်းက ကျင့်သုံးခဲ့ပြီး စနစ်တကျရှိကြောင်းနှင့် ပြန်လည် အစားထိုး စိုက်ပျိုးမှု တွေမှာလည်း အိမ်နီးချင်းနိုင်ငံတွေက စံနမူနာယူရလောက်အောင် ကောင်းမွန်လှတယ်လို့ မှတ်သား ထားခဲ့ဖူးပါတယ်။

လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျာ။ သစ်တောပညာရှင်တစ်ဦးက သစ်တောများပြုန်းတီး ရခြင်းအဓိက အကြောင်းအရင်းများဟာ (၁) အလွန်အကျွံသစ်ထုတ်ခြင်း၊ (၂) တရားမဝင်သစ်ခိုးယူမှု များပြားခြင်း၊ (၃) အစားထိုးပြန်လည် စိုက်ပျိုးမှုမရှိခြင်း သို့မဟုတ် အားနည်းခြင်း၊ (၄) ရွှေ့ပြောင်းတောင်ယာနည်းစနစ် သုံးစွဲနေခြင်းနဲ့ (၅) ထင်း၊ မီးသွေးသုံးစွဲမှုများပြားခြင်းတို့ကြောင့်လို့ဖော်ပြခဲ့ပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သစ်တောကဏ္ဍနဲ့ပတ်သက်လို့ ၁၉၉၂ ခုနှစ် သစ်တောဥပဒေ၊ ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်၊ သဘာဝအပင်များကာကွယ်ရေးနဲ့ သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ၊ ၁၉၉၅ ခုနှစ် မြန်မာ့သစ်တော မူဝါဒနဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များနဲ့ နောက်ဆုံး ၂၀၁၁ ခုနှစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများ ပြဌာန်းခဲ့ပြီးဖြစ်ပါတယ်။ အမှန် စင်စစ် ထုတ်ပြန်ပြီးဥပဒေများကို တိကျစွာလိုက်နာခြင်း၊ လိုက်နာရန်ပျက်ကွက်မှုများကို မျက်နှာကြီး ငယ်မရွေး ထိရောက်စွာ၊ ပြင်းထန်စွာအရေးယူခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့မည်ဆိုပါက ကျွန်တော်တို့ရဲ့ အဖိုးတန်သစ်တောကြီးများဟာ ယခုအခြေအနေထိ ဆိုးဝါးစွာရောက်ရှိလာမယ်လို့ မထင်မိပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကအားနည်းချက်ကတော့ ရှိပြီး၊ ထုတ်ပြန်ပြီး ဥပဒေများကို လေးစားလိုက်နာရန်ပျက်ကွက်ခြင်းနှင့် လေးစားလိုက်နာရန်ပျက်ကွက်မှုများကို အကြောင်းအမျိုး မျိုးကြောင့် ထိရောက်ပြင်းထန်စွာ အရေးမယူခဲ့ခြင်း ကြောင့်လည်းဖြစ်ကြောင်း ကိုယ်စားလှယ်တော် ကြီးများအားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။

လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ခရီးမှာ သစ်တောကဏ္ဍအနေနဲ့ အောင်မြင်မှုအချို့လည်း ရရှိ ခဲ့ကြောင်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင်‌့ ကိုးခရိုင် စိမ်းလန်းစိုပြည်ရေး စီမံချက်ထဲ မှာပါတဲ့ ကျွန်တော်တို့ မိုးနည်းရေရှား ဒေသမှာရှိတဲ့ ပုပ္ပါးဒေသ၊ တန့်ကြည်တောင် ပတ်ဝန်းကျင်နဲ့ ချောက် မြို့နယ် ရွှေဘုံတောင် စိမ်းလန်းစိုပြည်ရေး တို့ဟာ နမူနာတွေဖြစ်ပါတယ်။ သို့သော်လည်းပဲ တစ်ပြည် လုံးအတိုင်းအတာအနေနဲ့ ဒီ့ထက်မက ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေပါသေးတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ သစ်တောပြုန်းတီးရခြင်း အဓိကအကြောင်းအရင်းဖြစ်တဲ့ သစ်အလွန်အကျွံ ထုတ်ယူခြင်း၊ တရားမဝင်သစ်ခိုးမှုများကို ပိုမိုထိရောက်ပြင်းထန်စွာ ဒေသခံတိုင်းရင်းသားများနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေပါသေးတယ်။ အလားတူပဲ အစားထိုးပြန်လည် စိုက်ပျိုးခြင်းများကို တစ်ပြည် လုံးအနှံ့အပြား ပိုမိုထိရောက်တဲ့ စီမံချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ် နေပါတယ်။ ရွှေ့ပြောင်း တောင်ယာစနစ်ကိုလည်း သက်ဆိုင်ရာဒေသ အာဏာပိုင်များ ဒေသခံ များနှင့် အကြေအလည် ညှိနှိုင်းဆောင်ရွက်နေဖို့ လိုပါသေးတယ်။ ထင်း၊ မီးသွေးသုံးစွဲမှုကိုလည်း ပိုမို ထိရောက်သော လောင်စာတောင့်များ ထုတ်လုပ်သုံးစွဲခြင်း၊ ကျေးရွာထင်းစိုက်ခင်းများကို ယခုထက် ပိုမိုပြုစုပျိုးထောင်ခြင်း၊ လောင်ကျွမ်း စွမ်းရည်ပိုမို မြင့်မားတဲ့ A-1 မီးဖိုကဲ့သို့မီးဖိုများ၊ ပြည်သူလူထု လက်ဝယ်အရောက် ထုတ်လုပ်ဖြန့်ဖြူး သုံးစွဲရန် ပညာပေး ဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်ခြင်း၊ ထင်း၊ မီးသွေးအစားထိုး အခြားလောင်စာများကိုလည်း ပိုမိုတိုးတက်သုံးစွဲရန် လိုအပ်သောညှိနှိုင်း စီမံမှုများ ဆောင်ရွက်ပေးရန် လိုအပ်နေပါသေးတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော်တို့ မျက်မှောက်ခေတ် ကာလမှာ ကမ္ဘာနှင့်အဝန်း မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူ လိုင်း၊ အအေးလိုင်းများ ကျရောက်ခြင်း၊ မုန်တိုင်းများပိုမိုဖြစ်ပွားလာခြင်း၊ စတဲ့ ရာသီဥတုဖောက်ပြန် မှုများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုခံစားနေကြရပါတယ်။ အဲဒီလိုရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ် ရခြင်း အကြောင်းအရင်းများစွာအနက် ရေထုညစ်ညမ်းမှုကို တိုက်ရိုက်ထိခိုက်စေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့များ Green House Gas များဟာ အဓိကဖြစ်ပါတယ်။ အဲဒီ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို အလုပ်ရုံ၊ စက်ရုံများ၊ စက်ယန္တရားများ စသည်တို့မှ ထုတ်လွှတ်လျက်ရှိပါတယ်။ အဲဒီ ဖန်လုံအိမ် ဓာတ်ငွေ့များကို စုပ်ယူပြီးတော့ လေထဲကို အောက်ဆီဂျင်များအဖြစ် ပြောင်းလဲထုတ်လုပ်ပေးတဲ့ စိမ့် လို့ခေါ်တဲ့ သစ်တောကြီးများဟာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထူးအရေး ပါလှပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အထူးအရေးပါ လှတဲ့ သဘာဝသစ်တောကြီးများ ထာဝစဉ်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်သင့်ကြောင်းအဆိုကို လေးလေးနက်နက် ထောက်ခံ တင်ပြ အပ်ပါတယ် ခင်ဗျာ။