Skip to main content

သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြန်လည် ရရှိစေရေးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝ သစ်တောကြီးများ ထိန်းသိမ်းကာကွယ်ရေး နှင့်စပ်လျဉ်းသည့် အဆိုကို ဆွေးန

ဦးအောင်မြင့် (ဂန့်ဂေါ မဲဆန္ဒနယ်)။      ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းရင်း ဂါရဝပြုနှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘုတလင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနွယ်ရဲ့ အဆိုနှင့်ပတ်သက်လို့ အကြံပြု ဆွေးနွေးချက်များနှင့်အတူ ဒေသနှင့်ယှဉ်ပြီး ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ တင်ပြဆွေးနွေးမှုအား စာဖြင့်ဖတ်ကြား တင်ပြခွင့်ပြု ပေးပါရန်လည်း လေးစားစွာဖြင့် တောင်းခံအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်က အချက်ပေါင်း ၁၂ ချက်ကို အဓိကထားဆွေးနွေးသွားတာကိုလည်း ကြားသိလိုက်ရတယ်။ နိုင်ငံတော်အကျိုး၊ ပြည်သူများ အကျိုးကို မျှော်ကိုးပြီး စေတနာတရားထက်သန်စွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားတာ ဖြစ်ပါ တယ်။ နိုင်ငံတော်ရဲ့ သဘာဝသစ်တောကြီးများ ပြုန်းတီးမှုများကြောင့် ရာသီဥတုများဖောက်ပြန်ကာ သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို နည်းနိုင်သမျှနည်းပါးပြီး ကင်းနိုင်သမျှ ကင်းစေလို့တဲ့ ရည်ရွယ်ချက်များလည်း ဖြစ်ပါတယ် ခင်ဗျား။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းပါ သစ်တောကဏ္ဍနှင့် စပ်လျဉ်းလို့ မူဝါဒ ၇ ရပ်ချမှတ်ထားတာကိုလည်း တွေ့ရပါ တယ်။ ရည်ရွယ်ချက်ကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းဖြင့် တစ်ဘက်တစ်လမ်းမှ လည်း ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ရမည်လို့ ဆိုထား ပါတယ်။ အဲဒီရည်ရွယ်ချက်များ အောင်မြင်ရေး ရည်မှန်းချက်များ ကိုလည်း လုပ်ငန်းစဉ်များ  ၂၄ ချက် ကိုလည်း ချမှတ်ထားတာသိရှိရပါတယ်။ အခုလို ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေ၊ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်များကိုလည်း အမှန်အကန်လက်တွေ့ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက အဆိုရှင်ရဲ့ ဆန္ဒတွေကို ပြည့်ဝစေမှာ ဖြစ်ပါတယ်။ သစ်တော ဦးစီးဌာနအနေဖြင့် ပြည်သူများ သစ်တော သစ်ပင်များကို ချစ်ခင်မြတ်နိုးပြီး စိုက်ပျိုးစေလိုခြင်း၊ မပျက်ဆီးစေလိုခြင်း၊ ကာကွယ်လိုခြင်းစတဲ့ စိတ်ဆန္ဒများ ပေါက်ဖွားရန်အတွက် ဆောင်ပုဒ်များ များစွာဖြင့် စည်းရုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် စိမ်းလန်းစိုပြေ တို့မြန်ပြည် လေပူကအေး ရေကဖွေး နောက်ပြီး၊ ပူနွေးကမ္ဘာတားဆီးရာ ဖြေရှာတစ်ခု တောပြုစု နောက်ပြီး၊ မိုးပေါ်ကရေ၊ မြေပေါ်ကတော မိုးရေကို ငွေလိုစု ရွှေဥတဲ့တော နောက်ပြီး၊ သစ်တောတွေပြုန်း ရေမဆုံးပျက်သုံးကမ္ဘာမရှိကြ သစ်တောတွေစိမ်း ရေမြေထိန်း ဖွံ့ဖြိုးကမ္ဘာနွေရှည်ကြာ နောက်ပြီး၊ ဇီဝမျိုးစုံကြွယ်စေဖို့ ဇီဝမျိုးတွေ ထိန်းသိမ်းစို့ နောက်ပြီး၊ သက်ရှိ လောကတည်မြဲဖို့ သဘာဝမျိုးတွေ ထိန်းသိမ်းစို့ဆိုတဲ့အစရှိတဲ့ ဆောင်ပုဒ်နှင့်လည်း ပြည်သူများ ကို စည်းရုံး လေ့ရှိပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်ဆွေးနွေးချက်များ အနက် မှ အချို့ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဆိုရှင်ရဲ့ ထုတ်လုပ်ပြီး သစ်မာများကို သစ်လုံးလိုက် တင်ပို့ ရောင်းချခြင်းများကို လုံးဝခွင့်မပြုရန် ဆွေးနွေးထားမှုကို ထောက်ခံဆွေးနွေးလိုပါတယ်။ အကြောင်းကတော့ နိုင်ငံအတွင်း သင့်တော်တဲ့ဒေသများမှာ သစ်ခွဲစိတ်သော လုပ်ငန်းများကို သစ်ခွဲစိတ်စက်များ တည်ထောင်ကာ ဆောင်ရွက်ခြင်း၊ လူလုပ်အားဖြင့် လက်လွှဲလွှစင်ကြီးများဖြင့် ခွဲစိတ်ခြင်း၊ သစ်ချောထည်စက်ရုံကြီးများ တည်ထောင်ခြင်းအစရှိတဲ့ ဆောင်ရွက်ခြင်းများကို ပြုလုပ် ပေးပါက နိုင်ငံအတွင်း အလုပ်လက်မဲ့များကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးကာ ဝင်ငွေများ တိုးပွားစေပြီး ဆင်းရဲနွမ်းပါးမှုများကိုလည်း လျှော့ချရာကြမှာ ဖြစ်ပါတယ်။ ဂန့်ဂေါခရိုင်ကလည်း သစ်မျိုးကောင်းမွန်စွာ ထွက်ရှိရာ ဒေသဖြစ်တဲ့အတွက် သစ်နဲ့ပတ်သက်တဲ့ စက်ရုံ၊ အလုပ်ရုံများကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးစေလို့တဲ့ဆန္ဒများ ဒေသခံပြည်သူများရဲ့ ရင်ထဲမှာ ပြင်းပြလျှက်ရှိ ပါတယ်။ အဲဒီအတွက်လည်း ဒေသခံပြည်သူ့များရဲ့ ဆန္ဒများကိုလည်း ကြည့်ပေးစေလိုပါတယ်ခင်ဗျား။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်က သဘာဝတောများကို ထိရောက်စွာ ကာကွယ်ပေးရန်လိုအပ်ကြောင်းအချက်ကိုလည်း လေးနက်စွာ ထောက်ခံဆွေးနွေးလိုပါ တယ်။ နိုင်ငံတော်မှာလည်း သစ်တောကဏ္ဍမှာ သဘာပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းနှင့် တစ်ဘက်မှလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆိုတဲ့ ရည်မှန်းချက်ကိုအောင်မြင်နိုင်ဖို့ ချမှတ်ထားတဲ့မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါတယ်။ သဘာဝသစ်တောများကို ထိန်းသိမ်းကာကွယ်လျက် သစ်တောစိုက်ခင်းများကို ထူထောင်ခြင်းဖြင့်လည်း ရာသီဥတုကို မျှတစေပြီး စိုက်ပျိုးရေးကိုပါ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သစ်တောကြိုးဝိုင်းများကို ၂၀၁၁-၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံ စုစုပေါင်း သစ်တောဧရိယာ ၁၂၂၆၇၄ စတုရန်းမိုင်ရဲ့ ၅၆ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းဖို့ ရည်မှန်းထားကြောင်း လည်း လေ့လာသိရှိရပါတယ်။ ဒါ့အပြင် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ကျွန်းအပင် ထောင်ပေါင်း ၅၅၈ ပင် နှင့် သစ်မာအပင် ထောင်ပေါင်း ၄၃၇ ပင် စိုက်ပျိုးရန်ရည်မှန်းထားကြောင်း အလားတူ စီးပွားရေး စိုက်ခင်း ၁၂၅၀ ဧက၊ ကျေးရွာစိုက်ခင်း ၅၁၀၀ ဧက၊ ရေဝေရေလဲ စိုက်ခင်း ၂၄၅၀ ဧကနှင့် အရိပ်ပင် စိုက်ခင်း ၁၇၀၀ ဧက၊ စုစုပေါင်း သစ်တောစိုက်ခင်းဧရိယာ ၁၀၅၀၀ ဧက စိုက်ပျိုးရန် ရည်မှန်းထား ကြောင်းလည်း လေ့လာသိရှိရပါတယ်။ ဒီရေတောများ ဘက်စုံအုပ်ချုပ်လုပ်ကိုင်ခြင်းနှင့် ပြန်လည် စိုက်ပျိုးပြုပြင်ခြင်း လုပ်ငန်းစီမံကိန်းများကိုလည်း ဂျက်ကာနှင့် ပူးပေါင်းပြီး ဧရာဝတီတိုင်း၊ လပတ္တာ မြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်များမှာ ဆောင်ရွက်လျက် ရှိကြောင်း လေ့လာသိရှိရပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဂန့်ဂေါခရိုင်မှာလည်း သစ်တော ကြိုးဝိုင်းပေါင်း ၃၃ ခုရှိပြီး ၅၄၇၄၇၁.၉ ဧကနှင့် ကြိုးပြင်ကာကွယ်သော ၆၈ ကွက်မှာ ၃၃၉၁၈၀ ဧက ရှိပါတယ်။ သစ်တောများအတွင်း ကျွန်း၊ ပျဉ်းကတိုး၊ သစ်ယာ၊ အင်၊ အင်ကြင်း၊ ပိတောက်၊ ရှား၊ ထောက်ကြံ့၊ နှော၊ ခဆယ်၊ လက်ပံနှင့် ဝါးအမျိုးမျိုးအပြင် သစ်မျိုးစုံလှတဲ့ အပူပိုင်းရွက်ကြွေတော များ ပေါက်ရောက်တဲ့ဒေသလည်း ဖြစ်ပါတယ်။ ဂန့်ဂေါကျွန်းသစ်ဟာ ကမ္ဘာ့မှာ ကောင်းသတင်းဖြင့် ကျော်ကြားကြောင်းလည်း ကြားသိခဲ့ရပါတယ်။ ဂန့်ဂေါခရိုင်သစ်တောဦးစီးမှ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို သစ်တောကြိုးဝိုင်းအတွင်း တန်ဖိုးနည်းတဲ့ သစ်များသာ ကျန်ရှိတော့တဲ့ သဘာဝ တောများမှာ စီးပွားဖြစ်ကျွန်းစိုက်ခင်းများနှင့် အချို့သစ်မာစိုက်ခင်းများ စိုက်ပျိုးလေ့ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍနှစ်မှာ ပုဂ္ဂလိက လုပ်ငန်းရှင် ၁၇ ဦးမှ စီးပွားဖြစ်ကျွန်းစိုက်ခင်း ၁၃၀၀ ဧကနှင့် ရှားပင် ၂၆ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပုဂ္ဂလိက ကျွန်းစိုက်ခင်း ၂၁၀၀ ဧကနှင့် အစိုးရ သစ်တောဦးစီးဌာနမှ ကျွန်းစိုက်ခင်း ၇၀၀ ဧက၊ စုစုပေါင်း ဧက ၂၈၀၀ ဧကရှိတဲ့အတွက် ၂ နှစ်အတွင်း ၃၄၀၆ ဧက စိုက်ပျိုးခဲ့ကြတာကို လေ့လာသိရှိရပါတယ်။ ဒါ့အပြင် ကြိုးပြင်ကာကွယ်တောများမှာလည်း ပုဂ္ဂလိကများမှ မြေလတ်၊ မြေရိုင်းများ ရယူပြီး ကျွန်းစိုက်ခင်းများနှင့် တန်ဖိုးရှိ နှစ်ရှည်ပင်များ စိုက်ပျိုးနေကြတာ ကိုလည်း လေ့လာတွေ့ရှိရပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အစိုးရသစ်တောကြိုးဝိုင်းများဟာ သဘာဝသစ်တောကြီးများ ဖြစ်ကြပါတယ်။ သဘာဝသစ်တောကြီးများမှာ များစွာတန်ဖိုးရှိလှတဲ့ မှို၊ မျစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်ခေါက်၊ ဝါး၊ ချိတ်နှင့် ဆေးဘက်ဝင်အပင်အစရှိတဲ့ သစ်တောထွက်သယံဇာတ ပစ္စည်းများ ပေါက်ရောက်ထွက်ရှိကြပါတယ်။ ဒါ့အပြင် ငှက်မျိုးစုံ၊ ဂျီ၊ ဒရယ်၊ စိုင်၊ ဆတ်၊ ဖွတ်၊ ဖရတ်၊ မြွေ၊ တောဝက်နှင့် တောကြက်အစရှိတဲ့ တောနေသတ္တဝါမျိုးစုံတို့ ကျက်စားရာနေရာဒေသများလည်း ဖြစ်ကြပါတယ်။ မြက်မျိုးစုံ ပေါက်ရောက်တဲ့အတွက်လည်း တောင်သူလယ်သမားကြီးများရဲ့ ကျွဲ၊ နွား များအတွက် စားကျက်မြေများလည်း ဖြစ်ကြပါတယ်။ အချို့ လက်လုပ်လက်စား ဆင်းရဲသားပြည်သူ လူထုများရဲ့  စားဝတ်နေရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြပါတယ်။ နိုင်ငံတော်ပိုင် သစ်တောကြီးများအတွင်း ဝင်ရောက်၍ ဆင်းရဲသား လက်လုပ်လက်စားများရဲ့ စားဝတ်နေရေး အတွက် ရှာဖွေစားသောက်ခွင့်ရှိခဲ့ကြတဲ့ သစ်တောကြီးများ အချို့ဟာ ယခုတော့ ပုဂ္ဂလိက လုပ်ငန်းရှင် များရဲ့ စီးပွားဖြစ် ကျွန်းစိုက်ခင်းကြီးများ၊ သစ်မာစိုက်ခင်းများအဖြစ် ပြောင်းလဲသွားကြတာကို သစ်တောအနီးရှိ ကျေးရွာများမှ အချို့ဒေသခံပြည်သူများက ဝမ်းနည်း ဝမ်းသာ နှစ်မျိုးခံစားရကြောင်း ပြောပြကြပါတယ်။ သိရလို့ စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သဘာဝသစ်တောကြိုးဝိုင်းများ အတွင်း နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အဖိုးတန်သစ်များထွက်ရှိမှာကို ဝမ်းသာ မဆုံး ခံစားရသလို တန်ဖိုးနည်းသော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများအတွက် တန်ဖိုး အဖြတ်နိုင်တဲ့ သက်ရှိ၊ သက်မဲ့ သစ်တောထွက်သယံဇာတပစ္စည်းများ ဆုံးရှုံးတာကို မြင်ကြရတော့ ဝမ်းနည်းမိကြကြောင်း ပြောကြလို့ သိရှိရပါတယ်။ ဘာကြောင့်လဲဆို နှစ်ပေါင်းမြောက်မြားစွာက တည်ရှိခဲ့ကြတဲ့ ကြီးမားလှတဲ့ သစ်ပင်ကြီးမျိုးစုံနှင့် ဝါးတောကြီးများကို အပြောင်ရှင်းမီးရှို့စနစ်ကြောင့် ဇီဝမျိုးစုံနှင့် သဘာဝတောကြီးများ မြင်မကောင်းအောင် ပျက်စီးဆုံးရှုံးမှုကြောင့်ဖြစ်ကြောင်း ယခင် သဘာဝသစ်တောကြီးများကဲ့သို့ဖြစ်ဖို့ဆိုရင် နောက်နှစ်ပေါင်း ၅၀၊ ၆၀ ပြုစုလို့ပင် မရနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။ သဘာဝသစ်တောကြီးများ ပျက်စီးဆုံးရှုံးမှု နည်းပါးစေပြီး ဂဟစနစ်များ မပျက်စီးစေဘဲ အပြောင်ရှင်းမီးရှို့စိုက်ပျိုးခြင်းစနစ်အား အတတ်နိုင်ဆုံး မကျင့်သုံးဘဲ ကာကွယ်စောင်‌့ရှောက်နိုင်သော နည်းလမ်း၊ ဖြည့်စွက်စိုက်ပျိုးစေသော နည်းလမ်းများကို ဆောင်ရွက် သင့်ကြောင်း အကြံပြုလိုပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက စိုက်ခင်းများ၊ အစိုးရသစ်တောကြိုးဝိုင်းများ ကာလကကဲ့သို့ ဝင်ရောက်ကာ စားဝတ်နေရေးအတွက် စိုက်ပျိုးပင်ကို ထိခိုက်မှုမရှိစေဘဲ သစ်တော ထွက်ပစ္စည်းများကို စနစ်တကျ ဝင်ရောက်ရှာဖွေမရှိမှာကိုလည်း ဆင်းရဲသားဒေသခံပြည်သူများက စိုးရိပ်စိတ်များကြီးစွာ ခံစားနေကြရပါတယ်။ အဲဒီကိစ္စကိုလည်း နိုင်ငံတော်မှ ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးအစီအစဉ်တစ်ရပ်အနေဖြင့် လက်လုပ်လက်စားဆင်းရဲသားများကို ဝင်ရောက်ရှာဖွေစားသောက် ခွင့် ရရှိနိုင်ဖို့ ကူညီဆောင်ရွက်နိုင်သော ဥပဒေများပြဋ္ဌာန်းသင့်ကြောင်းကိုလည်း အကြံပြုဆွေးနွေးလို ပါတယ်။ အလားတူ အချို့ပုဂ္ဂလိက ကျွန်းစိုက်ခင်းများအတွင်း ဆင်းရဲသားတောင်သူလယ်သမားများရဲ့ လယ်ယာမြေများ အသိမ်းအဆည်း ခံခဲ့ရတာလည်း ရှိကြောင်းကိုလည်း ကြားသိနေရပါတယ်။ ကျွန်းစိုက်ခင်းပိုင်ရှင်များအတွက် အခက်အခဲ မရှိသော်လည်း ဆင်းရဲသားတောင်သူလယ်သမားများ အနေနဲ့ မိသားစုစားဝတ်နေရေးအတွက် မိမိရဲ့ ကာယစွမ်းအားဖြင့် ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ရင်းနှီးမှ လယ်ကောင်း၊ ယာကောင်းများ ဖြစ်ကြရတာ ဖြစ်လို့ ဆက်လက် ဆောင်ရွက်ခွင့်ပေးခြင်း ဒါမှမဟုတ် ထိုက်တန်သောငွေကြေးများ ထောက်ပံ့ပေးခြင်းတို့ကိုလည်း နိုင်ငံတော်အနေဖြင့် ကူညီဆောင်ရွက်ပေးသင့်ပါကြောင်း အကြံပြုဆွေးနွေး လိုပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်က နိုင်ငံတော်အနေဖြင့် ပြည်တွင်းသစ်လိုအပ်ချက်ကို သစ်တောပြုန်းတီးမှုမရှိစေဘဲ စနစ်တကျ ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်း ချပေးရန် ကိုလည်း ဆွေးနွေးတင်ပြထားပါတယ်။ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို နိုင်ငံတော်အနေနဲ့ တိုင်းသူပြည်သားများရဲ့ စားရေး၊ ဝတ်ရေး၊ နေရေးအနက်မှ နေရေးအစဉ်ပြေအောင် ကူညီဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် အများစုပြည်သူ လူထုဟာ ကျေးလက်တောရွာများမှာ နေထိုင်ကြတာဖြစ်ပြီး ဆင်းရဲကြတာများပါတယ်။ အချို့ မြို့ကြီး ပြကြီးများ ရဲ့ ဆင်ခြေဖုံးရပ်ကွက်နေ ဆင်းရဲသားများဟာလည်း နေရေးအတွက် သစ်ဈေးကြီးမြင့်မှု ကြောင့် အလွန်ပင်ခက်ခဲပင်ပန်းစွာဖြင့် ဝါးတဲလေးများဖြင့် နေထိုင်ကြရတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ အချို့သစ်များကို ပြည်တွင်းမှာ ဈေးပေါပေါဖြင့် အမှန်တကယ် အိမ်ဆောက်ကြမယ့် သူများအတွက် တရားဝင်ဥပဒေနှင့်အညီ ဝယ်ယူဆောက်လုပ်ခွင့် များရှိသင့်လှပါတယ်။ ကျွန်တော်တို့ ဂန့်ဂေါဒေသမှာပင် သစ်ခွဲသားတစ်တန်ကို ၄ သိန်း၊ ၅ သိန်းခန့်ရှိနေလို့ အိမ်တစ်လုံး ဆောက်လုပ်နိုင်ဖို့ အတော်ကို ကြိုးစားကြရပါတယ်။ တရားဝင်သုံးစွဲဖို့ မရကြတဲ့အတွက် ဥပဒေနှင့်ဆန့်ကျင်ကာ ခိုး၍ ဝယ်ယူဆောက်လုပ်ကြရတဲ့အတွက်လည်း မလိုလားအပ်တဲ့ သစ်ဈေးများ ကြီးမြင့်ခြင်း၊ စိတ်ဆင်းရဲခြင်း များခံစားကြရပါတယ်။ အများအကျိုးဖြစ်တဲ့ အချို့စာသင်ကျောင်း ဆောက်လုပ်ရန်ကို ဥပဒေမဲ့ ဆောင်ရွက်ကြရလို့ အချို့ ဖမ်းဆီးခံခဲ့ကြရတာ ထောင်ကျခံခဲ့ကြရတဲ့ အဖြစ်များကိုလည်းပဲ ကြားသိခဲ့ရ ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ သစ်ဝါးကို အခြေခံပြီး အိမ်ဆောက် လုပ်ခဲ့ကြသူများဟာ အများအားဖြင့် ဆင်းရဲသားများ ဖြစ်ကြလို့ ရွာကျက်သရေ၊ မြို့ကျက်သရေ၊ နိုင်ငံ ကျက်သရေဖြင့် သန့်ရှင်းသပ်ရပ်လှပတဲ့ ပျဉ်အိမ်ကလေးများဖြင့် နေထိုင်နိုင်ရေးကိုလည်း မေ့မနေ သင့်ဘူးလို့ အကြံပြုပြောကြားလိုပါတယ်။ ဒါကြောင့် အမှန်တကယ်လိုအပ်တဲ့ သစ်ခွဲသား၊ ပျဉ်များကို ဈေးနှုန်းချိုသာစွာဖြင့် နေရာဒေသမရွေးမှာ ဝယ်ယူသုံးစွဲနိုင်အောင် နိုင်ငံတော်အနေဖြင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး အစီအစဉ်တစ်ရပ် အနေဖြင့် စီမံဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုဆွေးနွေး လိုပါတယ်။ သစ်ထွက်သော သစ်ပေါသော ဒေသမှာပင် ဝယ်ယူသုံးစွဲရန် တရားဝင်သစ်ဆိုင်မရှိတဲ့ အတွက် အခက်အခဲများ ရှိနေကြရပါတယ်။ မှောင်ခို ဝယ်ယူတော့လည်း အဖမ်းခံရခြင်းအစရှိသဖြင့် သစ်နှင့် ပတ်သက်၍ ဒေသတိုင်းမှာ သုံးစွဲနေရခြင်းများကြောင့် အဆိုရှင်ကလည်း ယခုလို ဆွေးနွေး ခြင်းဖြစ်ဟန်တူပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ဘုတလင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ်ရဲ့ နိုင်ငံတော်အကျိုး၊ ပြည်သူများအကျိုး အတွက် စေတနာထက်သန်စွာဖြင့် တင်သွင်းတဲ့ သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြန်လည်ရရှိစေရေး နှင့် အမြဲတမ်းသစ်တောမြေများမှ သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝသစ်တောကြီးများ ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်သင်‌့ ကြောင်းအဆိုအား လှိုက်လှိုက်လှဲလှဲထောက်ခံကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။