Skip to main content

သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြည်လည် ရရှိစေရေးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝ သစ်တောကြီးများ ထိန်းသိမ်းကာကွယ်ရေး နှင့်စပ်လျဉ်းသည့် အဆိုကို ဆွေးန

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်မဲဆန္ဒနယ်)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရေးရာကော်မတီများ၊ ပြည်သူ့ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော်များ ခင်ဗျား။ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင်‌့ရှောက်ခြင်း လုပ်ငန်းစဉ်များကို ထိရောက်စွာဖြင့် အဆင်‌့မြှင့် တင်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုတစ်ခု တင်သွင်းရန် ရည်ရွယ် ထားပါသော်လည်း ယခု ဘုတလင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ် တင်သွင်းသွားခဲ့သောအဆိုသည် ကျွန်တော်တင်ပြမည့် အကြောင်းအရာများနှင့် တူညီနေခြင်း၊ ဆွေးနွေးရန် နယ်ပယ်ပိုမို ကျယ်ပြန်နက်ရှိုင်းခြင်း၊ နိုင်ငံတော်မှ အမှန်တကယ် ဖော်ဆောင်သွားရမည့် လုပ်ငန်းစဉ်များဖြစ်နေခြင်းတို့ကြောင့် ကျွန်တော့်အနေနှင့် ယခုလို ပါဝင်ထောက်ခံ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်၏ ဆွေးနွေးချက်များကို ဖတ်ကြားတင်သွင်းခွင့် တောင်းခံအပ်ပါသည်ခင်ဗျား။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။         ကျွန်တော်တို့နိုင်ငံသည် သဘာဝ တောတောင်ရေမြေ များစွာဖြင့် စိမ်းစိုသာယာလှပလျက် ကမ္ဘာ့အလယ်တွင် ထည်ဝါဝင့်ကြွားသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ ထို့အပြင် သုံးစွဲ၍မကုန်ခမ်းနိုင်သော သဘာဝသယံဇာတများစွာနှင့် သဘာဝ အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ထားပြီး ရေခံမြေခံ ကောင်းမွန်သောနိုင်ငံ ဖြစ်ပါတယ်။ ၎င်းသဘာဝ သယံဇာတများနှင့် ရေ၊ မြေ၊ တောတောင် အရင်းအမြစ်များကို ထာဝစဉ်တည်တံ့ ခိုင်မြဲ၍ သားစဉ် မြေးဆက် ထာဝစဉ်သုံးစွဲ သွားနိုင်ရေးအတွက် ဝိုင်းဝန်းကာကွယ်စောင်‌့ရှောက်သွားရန် လွန်စွာ အရေးကြီးလှပါတယ်။ ဥတုရာသီ၊ တောကိုမှီဆိုသကဲ့သို့ ယခုအခါ သဘာဝသစ်တောကြီးများ ပြုန်းတီး ခြင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ မိုးခေါင်ခြင်း၊ ရွာသင့်သည့်အချိန်တွင် မိုးမရွာခြင်း၊ အပူချိန်လွန်ကဲခြင်း၊ အအေးလှိုင်းပြင်းထန်ခြင်း၊ ငလျှင်လှုပ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်မှုများ ပိုမိုဖြစ်ပွားလာခြင်း၊ မုန်တိုင်း အန္တရယ်များ ပိုမိုကျရောက်လာခြင်းစသည့် ရာသီဥတု ဖောက်ပြန်မှုများကို ကမ္ဘာတွင်သာမက ကျွန်တော်တို့ မြန်မာနိုင်ငံ၌ပါ ရင်ဆိုင်ကြုံ တွေ့နေရပြီဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့်လည်း ကောင်း၊ စည်းကမ်းမဲ့သစ်ဝါးများ ခုတ်ထွင်ခြင်းကြောင့်လည်းကောင်း၊ တောမီးရှို့ခြင်းတို့ကြောင့်လည်း ကောင်း၊ သဘာဝသစ်တောကြီးများ ပြုန်းတီးသင့်သည်ထက် ပိုမို၍ ပြုန်းတီးလာသည်ကို မြင်တွေ့ နေရပါတယ်။ အထူးသဖြင့် ရေအရင်းအမြစ်များတည်ရှိရာ ရေထွက်နယ်မြေများ၌ ကျူးကျော် ဝင်ရောက် ခုတ်ထွင်ကြခြင်း၊ ကာကွယ်တောများ စနစ်တကျ မဆောင်ရွက် နိုင်ခြင်း တို့ကြောင့် ရေထွက် နှုန်းများ သိသိသာသာ လျော့နည်းလာခြင်း အကျိုးဆက်ကို စတင်ခံစားနေရပြီဖြစ်ပါတယ်။ ထို့အပြင် မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့စွာ လျှပ်စစ်ဘက်ထရီအိုးဖြင်‌့ ရှော့တိုက်၍ ငါးဖမ်းခြင်း၊ မိုင်းခွဲ၍ ဖမ်းဆီးခြင်း၊ အဆိပ်ချ၍ ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းများသည်လည်း လုပ်ရိုးလုပ်ငန်းများသဖွယ် ပေါ်ပေါ်ထင်ထင် လုပ်ဆောင် နေကြတာကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်သင့်သည့် အချိန်ရောက်ပြီဟု ယူဆမိပါတယ်။ ယခုအခါ နယ်မြေအတော်များများတို့တွင် သမရိုးကျငါးဖမ်းကိရိယာများဖြင့် ရှာဖွေ ဖမ်းဆီးခြင်းထက် လျှပ်စစ် ဘက်ထရီအိုးဖြင့် ရှော့တိုက်ဖမ်းဆီးခြင်း နည်းပညာခေတ်စားလာသည်မှာ ၁၀ စုနှစ် တစ်ခုထက်ပင် ကျော်လွန် လာခဲ့ပြီဖြစ် ပါတယ်ခင်ဗျား။

ရှော့တိုက်၍ဖမ်းဆီးခြင်းဖြင့် ငါးနှင့် အခြားရေသတ္တဝါများ အသေအပျောက်များ စေပြီး မသေ သောငါးများ မြုံ၍ မျိုးဆက်ပြန့်ပွားခြင်း မရှိနိုင်တော့ပါ။ မိုင်းခွဲဖမ်းဆီးခြင်းဖြင့် ရေလမ်းကြောင်းများ ပြောင်းလဲစေခြင်း၊ ရေထွက်ပေါက်များ ကန်းသွားနိုင်ခြင်း၊ တံတားနှင့်ကမ်းပါးများ ကြံ့ခိုင်မှုထိခိုက် စေခြင်း အကျိုးများဖြစ်ပေါ်စေပါတယ်။ အဆိပ်ချဖမ်းဆီးခြင်းဖြင့် ရေထုညစ်ညမ်းစေပြီး အဆိပ်ပြန့်နှံ့မှု အန္တရာယ်နှင့်တကွ ဂေဟစနစ်ကိုလည်း များစွာထိခိုက်စေပါတယ်။ ယခုကဲ့သို့သောလုပ်ရပ်များကို ကျေးလက်တောရွာ အောက်ခြေအဆင့်ထိ ပညာပေးခြင်း၊ ထိရောက်စွာပိတ်ပင်တားမြစ်ခြင်း ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ သစ်ဝါးခုတ်ထွင်ခြင်းနှင့် သားငါးရှာဖွေခြင်းလုပ်ငန်းများ အများဆုံးလုပ်ဆောင်နေတာ ကျေးလက် တောရွာဒေသများ ဖြစ်ပါတယ်။ ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် နှစ်စဉ်နှစ်တိုင်း သစ်တောဧက ၅ သိန်းခန့် ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရပါတယ် ခင်ဗျား။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။          သစ်တောပြုန်းတီးမှုကို ပြန်ကြည့် လျှင် သမားရိုးကျ ခုတ်ထွင်ခြင်းထက် Chain saw (ခေါ်) စက်တပ်လွှများဖြင့် စည်းကမ်းမဲ့စွာ ခုတ်ထွင် ခြင်းမှာ ပိုမို၍ပြန်းတီးအား ကောင်းသည်ကို တွေ့ရှိရပါသည်။ နည်းစနစ်မမှန်သော ထင်းရူးဆီ ထုတ်ယူ ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ထုံးဖုတ်ခြင်း၊ သစ်ခွနှင့် ပရဆေးပင်များကို စည်းကမ်းမဲ့ ခုတ်ထွင်ရှာဖွေခြင်း၊ ဓာတ်သတ္ထု တူးဖော်ခြင်းလုပ်ငန်းများကိုလည်း အတိုင်းအတာတစ်ခုဖြင့် ကန့်သတ်ထိန်းချုပ်သင်‌့ပါ တယ်။ သတိပေးဆိုင်းဘုတ်များ၊ တားမြစ်စာတန်းများဖြင့် မလုံလောက်နိုင်ပါ။ ထိရောက်သော အရေးယူတားမြစ်ခြင်းမျိုး ဆောင်ရွက်ပေးနိုင်မှသာ အစဉ်အလာကောင်းများ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ယနေ့အချိန်တွင် နေရာတော်တော်များများ၌ သစ်ကြီးဝါးကြီးတွေ ရှားပါးလာပြီဆိုသည့် စကားအသုံးအနှုန်းမျိုး ထပ်ဆင့်မကြားရလေအောင် သစ်တောများကို ကာကွယ်ထိန်းသိမ်းခြင်း၊ အစားထိုးစိုက်ပျိုးခြင်းတို့ဖြင့် သဘာဝ ဂေဟစနစ်မှန်ကန်တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းဆောင် ရွက်သွားရမှာဖြစ်ပါတယ်။ ငါးရှော့တိုက်ခြင်း၊ Chain Saw ဖြင့် အသုံးပြုခုတ်ထွင်ခြင်း၊ တောမီးရှို့ ခြင်းကိစ္စရပ်များကို အနယ်နယ်အရပ်ရပ်တိုင်း၌ တင်းကြပ်စွာပိတ်ပင်တားမြစ်ရပါမယ်။ ထို့ပြင် ယနေ့ ဆောင်ရွက်နေသော တစ်အိမ်ထောင် ကျွန်း ၃ ပင်၊ သစမာ ၂၀ ကဲ့သို့သော လုပ်ငန်းများ၊ စိမ်းစို ထိန်းသိမ်းတောများနှင့် ဓမ္မတာမျိုးဆက် တောများကိုလည်း မျှော်မှန်းရာနှုန်းပြည့်မီအောင် ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ပါတယ်။ သဘာဝဂေဟစနစ် မှန်ကန် မျှတရေးအတွက် တစ်ဖက်တစ်လမ်းမှ ကာကွယ်ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သကဲ့သို့ တစ်ဖက်၌လည်း ပြန်လည်ဖြည့်ဆည်း စိုက်ပျိုးခြင်းဖြင့်သာ သစ်တောကဏ္ဍကို ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ သက်ရှိလောက တည်မြဲဖို့သဘာဝတောတွေ ထိန်းသိမ်းစို့ဆိုတဲ့ ဆောင်ပုဒ်နှင့် အညီ တစ်မျိုးသားလုံး ဝိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်ခင်ဗျား။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ အနာဂတ်နိုင်ငံတော်ကြီး ထာဝစဉ်စိမ်းလန်းစိုပြေ သာယာလှပရေး၊ သဘာဝအရင်းအမြစ်များပြုန်တီးခြင်းတို့မှ အချိန်မီကာကွယ်တားဆီးရေး၊ သုံးစွဲ၍ မကုန်ခမ်းနိုင်သော သစ်တောသယံဇာတများကို သားစဉ် မြေးဆက် ကြွယ်ဝစွာ ထာဝစဉ်သုံးစွဲသွားနိုင်ရေး၊ သဘာဝ ဂေဟစနစ်များ တည်ငြိမ်မျှတမှုရရှိစေရေး စသည့်လိုအပ်ချက်များသည် ကျွန်ုပ်တို့၏ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေသောအခါသမယ၌ အမှန်တကယ် ဖော်ဆောင်သွားရမည့် လုပ်ငန်းစဉ် များွဖစ်နေပါသဖြင့် ဘုတလင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ်တင်သွင်း ခဲ့သော သဘာဝ ပတ်ဝန်းကျင် တည်ငြိမ်မှု ဂေဟစနစ်မျှတမှုကို ပြန်လည်ရရှိစေရးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝသစ်တောကြီးများ ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းကာကွယ် ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သင်‌့ကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှ အတည်ပြု ပေးနိုင်ရန် လေးလေးနက်နက် ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။