Skip to main content

ဦးအောင်သိန်းလင်းမှ အဆိုတစ်ခု တင်သွင်းခြင်း

ဦးအောင်သိန်းလင်း (တောင်ဥက္ကလာပ မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ တိုင်းနှင့်ပြည်နယ်အသီးသီးမှာ စားကျက်မြေတွေကို ဌာနဆိုင်ရာ အမည်ဖောက် ပြီးတော့ ဒါမှမဟုတ် ကုမ္ပဏီမြေ အမည်ဖောက် ပြီးတော့မှ ခွဲဝေချထားပြီး တောင်သူ လယ်သမားတွေက အဲဒီလယ်မြေတွေမှာ သွင်းအားစုတွေ ကိုယ်တိုင်ထည့် စိုက်ပျိုးလုပ်ကိုင် ပြီးတော့မှ ထွက်ရှိလာတဲ့ အကျိုးအမြတ်တွေကနေ သီးစားခ ပေးနေရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ တကယ် လုပ်တဲ့ တောင်သူလယ်သမားတွေ ကိုလည်း ဦးပိုင်အမည်ပေါက် ချထားပေးဖို့ အတွက် ကျွန်တော် အဆို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အဆိုမှာ ကိန်းဂဏန်းတွေနဲ့ ဥပဒေစာသား တွေပါတဲ့အတွက် ဖတ်ကြားတင်သွင်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး ရေးကို အစဉ်အလာအားဖြင့် အခြေခံထားတဲ့နိုင်ငံဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ လယ်ယာမြေတွေပေါ်မှာပဲ အမီပြုပြီးတော့မှ အသက်မွေးဝမ်းကျောင်းပြုနေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဆိုပါ လယ်မြေများမှာ အဓိကအမှီသဟဲပြုနေရလို့ မြေယာပေါ်မှာ ကျင့်သုံးတဲ့စနစ်တွေ မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မှသာ တောင်သူလယ်သမားတွေရဲ့ဘဝ ဖူလုံ ချောင်လည်လာမှာ ဖွံ့ဖြိုးတိုးတက်လာ မှာဖြစ်ပါတယ်။ ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ တောင်သူ လယ်သမားတွေကို အခွင့်အရေး အမျိုးမျိုး သတ်မှတ်ပေးခဲ့ကြတာ တွေ့ရပါတယ်။ မြန်မာဘုရင်များ လက်ထက်မှာ လယ်မြေနဲ့ ပတ်သက်ပြီးတော့မှ ဘုရင်ပိုင်မြေ၊ အမှုထမ်း‌မြေ၊ အများပြည်သူပိုင်‌မြေ၊ ဝတ် တကမြေဆိုပြီးတော့မှ ၄ မျိုးခွဲခြား သတ်မှတ်ပြီးတော့မှ အများပြည်သူမြေကိုလည်း ဓားမဦးချမြေ၊ ဘိုးဘွားပိုင်မြေ၊ ဘုံမြေလို့ သတ်မှတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ၁၈၇၆ ခုနှစ် မြေနှင့်အခွန်တော် အက်ဥပဒေအရ တောင်သူလယ်သမားများတစ်ဦးအနေနဲ့ လယ်မြေတစ်ကွက်ကို ကိုယ်တိုင် အဆက် မပြတ် ၁၂ နှစ်ထက်မနည်း လုပ်ကိုင်ပြီး ‌မြေခွန်ကိုလည်း မှန်မှန်ဆောင်ရွက်လို့ရှိရင် ထိုလယ်သမားဟာ မိမိလုပ်ကိုင်နေတဲ့ လယ်မြေကို လက်ဝယ်ထားရှိလုပ်စားပိုင်ခွင့်ရှိတယ်လို့လည်း ရှေးအစဉ်အဆက် ပြဋ္ဌာန်းခဲ့တာကိုတွေ့ရှိရပါတယ်။ နယ်ချဲ့အစိုးရ လက်ထက်မှာ၊ ၁၉၈၉ ခုနှစ် နောက်ပိုင်းမှာ လယ်မြေ သတ်မှတ်ချက် အခေါ်အဝေါ်မတူပေမယ်‌့ ရပိုင်ခွင့်တူညီစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်။ အထက်မြန်မာနိုင်ငံမှာတော့ လက်ဝယ်ထားရှိ လုပ်ပိုင်ခွင်‌့မြေနှင့် အစိုးရမြေလို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် နယ်ချဲ့လက်ထက်မှာ (၁) ဂရန်ကြီးမြေ (သို့မဟုတ်) အပိုင်စာချုပ်မြေ၊ (၂) အငှားစာချုပ်မြေ (နှစ်ရှည် ၉၀ နှစ်)၊ (၃) ယာယီလုပ်ပိုင်ခွင့်မြေ (နှစ်တို ၂၅ နှစ်)၊ (၄) နယ်သစ်ဖွင့်မြေ၊ (၅) ကျွန်း‌မြေနု အစရှိတဲ့ သတ်မှတ်ချက်များနဲ့ လုပ်ပိုင်ခွင့်ပေးခဲ့ရုံမက အချို့လယ်မြေများနှင့် ပိုင်ခွင့်၊ ပေါင်နှံခွင့်နှင့် ရောင်းချပိုင်ခွင့်တွေ ပေးလိုက်သဖြင့် မြေခစား မြေရှင်စနစ်ကို အုတ်မြစ်ချပေးခဲ့တဲ့အတွက် ထိုအချိန် ကစပြီး တောင်သူ လယ်သမားတွေ အတွက် မြေရှင်တွေရဲ့ ချယ်လှယ်မှုကို ခံခဲ့ကြရတာပဲဖြစ်ပါတယ်။ မြေရှင်ကြီးစနစ်ကို တော်လှန်ရေးကောင်စီလက်ထက်မှာ နည်းဥပဒေတွေ၊ ဥပဒေတွေထုတ်ပြန်ပြီး မြေရှင်စနစ်ကို အမြစ်မှစပြီး တွန်းလှန်နိုင်အောင် လမ်းခင်းဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီဥပဒေတွေကတော့ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေး နည်းဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ၊ ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အစရှိသည်တို့ ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ၊ နည်းဥပဒေများဟာ ၁၉၅၃ ခုနှစ် သီးစားချထားရေး ဥပဒေကို အစားထိုး လိုက်တဲ့အတွက် လယ်ယာမြေ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး ပိုပြီးတိကျပြတ်သားစွာနဲ့ မြေရှင်ကိုချုပ်ကိုင် ထားသလို လက်ငုတ်တော်သူလယ်သမားတွေရဲ့အကျိုးကိုလည်း ကာကွယ်ပေးခဲ့တာကို တွေ့ရပါ တယ်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေဟာလည်း ငွေရှင်၊ ကြေးရှင်နှင့် မြေရှင်တွေရဲ့ မတရားဖိနှိပ်ချုပ်ချယ်မှုအန္တရာယ်ကနေပြီးတော့ တောင်သူလယ်သမား တွေကို ထိရောက်စွာ အကာအကွယ်ပေးခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် သီးစား ချထားရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟာ သီးစားခဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြေရှင် စနစ်ကို ဖျက်သိမ်းရာမှာ အပြင်းထန်ဆုံးနှင့် အထိရောက်ဆုံး လက်နက်ကဲ့သို့ အသုံးဝင်ပြဋ္ဌာန်းချက် တစ်ရပ်လည်းဖြစ်ပါတယ်။ အဲဒီဥပဒေမှာ လယ်ယာမြေများပေါ်တွင် အစိုးရကချထားသော သီးစားများ သည် သို့မဟုတ် မြေရှင်ကချပေးထားသော သီးစားများ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင်အား သီးစားခပေးရန်မလိုလို့ ၅-၄-၁၉၆၅ ရက်နေ့က ပြဋ္ဌာန်းတာကို တွေ့ရှိရပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ အသစ်ထုတ်ပြခဲ့တဲ့ လယ်ယာမြေ ဥပဒေမှာလည်း ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့်ဥပဒေ တို့ကို ရုပ်သိမ်းလိုက်ပေးမယ့် ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကတော့ ရုပ်သိမ်းတဲ့အထဲမှာ ပါဝင်ခြင်းမရှိသေးဘဲ အသက်ဝင်လျက် ရှိတာကိုလည်း အခုအခါမှာ အချို့ဒေသ တွေမှာ လယ်မြေဦးပိုင်အမည်ပေါက်တာကို အကြောင်းပြုပြီးတော့မှ သွင်းအားစုတွေလည်း ထည့်သွင်း ခြင်းမရှိ၊ ကိုယ်တိုင်လည်းဆောင်ရွက်ခြင်းမရှိဘဲ လယ်သမားများကိုသာ သူတို့ရင်းနှီးစိုက် ထုတ်ငွေ တွေနဲ့ စိုက်ပျိုးစေပြီး တစ်ဧကကို ၈ တင်းကနေ ၁၀ တင်း၊ ၁၂ တင်း အစရှိသဖြင့် သီးစားချထား ကောက်ခံနေတာကို ကြားသိနေရပါတယ်။ ဥပမာအားဖြင့် ပြောမယ်ဆိုရင် သုံးခွမြို့နယ် သြဘာညွန့် အုပ်စုအပိုင် တောင်ကောမြေတွေမှာ ဌာနဆိုင်ရာတွေက လယ်မြေလုပ်၍မရတဲ့ မြေဧက ၂၅၀ ကို ဌာန ဆိုင်ရာအမည်ပေါက်ပြီးတော့မှ ငါးကန်တွေတူးပြီး သြဘာညွန့်၊ သမစိတ္တကျေးရွာတွေက လယ်သမား ၅ ဦးကို တစ်လ ၅ သိန်းပေးစေပြီး လုပ်ကိုင်နေတာကိုတွေ့ရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ် ညောင်ပင်ခင်တန်း အုပ်စု၊ ထုံးကြီးကျေးရွာအုပ်စုတို့မှာ စားကျက်မြေဧက ၂၈၀၀ ရှိတဲ့အနက် ဝန်ထမ်းသက်သာအကြောင်းပြချက်နဲ့ အစိုးရဌာန ၅ ခုအနေနဲ့ စုစုပေါင်း ၇၂၁ ဧကကို တစ်ဧကလျှင် စပါး ၁၅ တင်းကနေ ၁၇ တင်းနှုန်းပေးသွင်းစေလျက် သီးစားခတွေရယူနေတာကို တွေ့ရှိရပါတယ်။ ကျန်ဧက ၂၀၀၀ ခန့်မှာလည်း အလားတူကျေးရွာသားများက သီးစားခများပေး၍ စိုက်ပျိုးနေကြရဆဲ ဖြစ်ပြီး အသေးစိတ် စာရင်းတွေ ကောက်ယူနေဆဲဖြစ်ပါတယ်။ အလားတူပဲ သုံးခွမြို့နယ် ညောင်ပင် ခင်တန်းကျေးရွာအုပ်စုပိုင် စားကျက်မြေဧက ၇၀ မှာလည်း အစိုးရဦးစီးဌာန အမည်ဖောက်ပြီးတော့မှ တစ်ဧက ၁၃ တင်းနှုန်း သီးစားခပေးပြီးတော့မှ စိုက်ပျိုးနေကြရဆဲဖြစ်တယ်ဆိုတာလည်း သိရှိရပါ တယ်။ သုံးခွမြို့နယ် မင်းရာအသင်းပိုင် တောင်ကောမြေဧက ၆၅၀ ကိုလည်း ဌာနဆိုင်ရာ ၄ ခု၊ လူမှုရေး အသင်းအဖွဲ့ ၃ ခု၊ ပုဂ္ဂလိက တစ်ဦးတို့က အမည်ပေါက်ရယူပြီး သီးစားခနှုန်းထားအမျိုးမျိုး ပေးသွင်း စေလျက် စိုက်ပျိုးနေကြရဆဲဖြစ်တယ်ဆိုတာကိုလည်း တွေ့ရှိနေရပါတယ်။ ဒီလိုဖြစ်တာနဲ့ ပတ်သက်ပြီး တော့မှ ယခင်ကတော့ ဌာနဆိုင်ရာတွေက ဝန်ထမ်း သက်သာအကြောင်းပြချက်နဲ့ စားကျက်‌မြေတွေကို ဌာနဆိုင်ရာအမည်ခံပြီးတော့မှ ရန်ပုံငွေရှာခြင်းဖြစ်တယ်လို့ သိထားရပါတယ်။ ဒီနေ့ကာလမှာ နိုင်ငံတော်က ဝန်ထမ်းတွေကိုလည်း လစာတိုးပေးခြင်း၊ ထပ်ဆောင်းငွေ တွေကိုလည်း ပံ့ပိုးနေတာ ဖြစ်တဲ့အတွက်သီးခြားရန်ပုံငွေ ရှာရန်မလိုတော့ဘူးလို့ ကျွန်တော်တို့အနေနဲ့ ယူဆရပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာဆိုလို့ရှိရင်လည်း ဝန်ထမ်းသက်သာဖွင်‌့ထားတဲ့ ဆိုင်တွေအားလုံးဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်က စပြီးတော့မှ အကုန်လုံးပိတ်သိမ်းသွားပြီးဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ အလားတူပါပဲ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာလည်း တောင်သူ လယ်သမားတွေအနေနဲ့ သီးစားခပေးပြီး စိုက်ပျိုးနေရဆဲ ရှိနေတာကိုလည်း တောင်သူလယ်သမားတွေရဲ့ တင်ပြစာအရ သိရှိရ ပါတယ်။ သီးစားခပေးနေရတဲ့ မြေတွေနဲ့ ပတ်သက်ပြီးတော့မှ တစ်ချို့ကတော့ လယ်သမားအနေနဲ့ အစဉ်အဆက် လုပ်ကိုင်လာတဲ့ လယ်မြေဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် ဦးပိုင် အမည်အပေါက် ခြင်း၊ ရွာနီးချုပ်စပ်က ‌မြေလွတ်၊ ‌မြေလပ်များကို တောင်သူလယ်သမားများက ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးသော်လည်း လယ်သမားအနေနဲ့ ဦးပိုင်အမည်ပေါက်အောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊အကြောင်းကြောင်း ကြောင့် ဦးပိုင် အမည် မပေါက်ဘဲ ပလပ်မြေများဖြစ်နေခြင်း၊ ဦးပိုင်မရှိသေးသော စားကျက်‌မြေများ အစရှိတဲ့ ဦးပိုင် အမည်မပေါက်တဲ့ မြေတွေကို ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကတွေက သက်ဆိုင်ရာဌာနမှာ ဦးပိုင်အမည် ပေါက်အောင် လုပ်ပြီးမှ စာရွက်ပေါ်မှာ သိမ်းပိုက်လိုက်ပြီး ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို မျက်ကွယ်ပြုပြီးတော့မှ သီးစားခ ရယူနေတာဟာ ဒီလိုလုပ်တဲ့လူတွေ ဟာ ‌မြေရှင်စနစ်ကို ပြန်အသက်သွင်းနေသလိုပဲ ဖြစ်နေပါတယ်။ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေနဲ့ နိုင်ငံတော်အတွက် တကယ်အကျိုးရှိရှိ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့အတွက် ‌မြေရှင်စနစ်ကို ပြန်လည် မသွားအောင်လို့ ကျွန်တော်တို့ ဥပဒေနဲ့ တားဆီး ကြရမှာဖြစ်ပါတယ်။ လယ်ယာမြေကို အခြေခံပြီးတော့မှ တစ်ဦးတစ်ယောက်ဟာ အခြားတစ်ဦးတစ်ယောက်လုပ်အားခ ကနေပြီးတော့ ပေါ်ထွက်လာတဲ့ အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ခြင်း မရှိဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် လယ်ယာမြေ ပိုင်ဆိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ကိုသာ အဓိကဖြစ်အောင် လုပ်ပေးရမှာဖြစ်တဲ့ အတွက် လက်ရှိအသစ်ထုတ်ပြလိုက်တဲ့ လယ်ယာမြေဥပဒေမှာ လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် ရှိအောင် ပြဋ္ဌာန်းထားတာကို တွေ့ရှိရပါတယ်။ ထိုလယ်လုပ်ခွင့်အရ အခွင့်အရေးအမျိုးမျိုးနဲ့ လယ်မြေ အမျိုးမျိုးကို မိမိတို့လက်ဝယ်ထားရှိပြီး လုပ်ကိုင်စားသောက်ခွင့် ရရှိထားခြင်းကိုပဲ ဦးပိုင်အမည်ပေါက် တယ်လို့ အများက နားလည်ထားကြပါတယ်။ လယ်မြေတစ်ကွက်ကို မိမိဦးပိုင်ပေါက်လို့ရှိရင် မိမိအစ အဆုံးပိုင်တယ်။ ထိုလယ်မြေကို မိမိသဘောနဲ့ ပေါင်နှံနိုင်တယ်၊ ရောင်းချနိုင်တယ်၊ ခွဲစိတ်နိုင်တယ်၊ လွှဲပြောင်းပေးနိုင်တယ်၊ သီးစားချနိုင်တယ် စတဲ့ လုပ်ပိုင်ခွင့်များရှိတယ်လို့ တောင်သူလယ်သမားတွေ အပါအဝင် အများစုက ယူဆနေကြပါတယ်။ လယ်မြေတစ်ကွက်ကို ဦးပိုင်အမည်ပေါက်တယ်ဆိုတဲ့ နေရာမှာ အဲဒီလယ်မြေအတွက် လက်ဝယ်ထားရှိခွင့်နှင့် စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိသူအနေနဲ့ မြေစာရင်း ဌာနမှာ ပေါက်နေခြင်းမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်‌မြေတစ်ကွက်ကို မိမိဦးပိုင် ပေါက်နေ ခြင်းဖြင့် ထိုလယ်‌မြေကို လူသုံးကုန်ပစ္စည်းတစ်ခုကဲ့သို့ မိမိပိုင်ဆိုင်သည် လုပ်ချင်သလိုလုပ်ပိုင်ခွင့် ရှိတယ်လို့ မယူဆအပ်ပါဘူး။ တရားဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးအတွင်း၌သာ အဲဒီလယ်မြေကို မိမိက အသုံးချခွင့်ရှိတာပဲဖြစ်ပါတယ်။ လယ်မြေတစ်ကွက်ကို ဦးပိုင်ပေါက်ခြင်းနှင့် ပတ်သက်ပြီးတော့မှ အဓိက အချက်နှစ်ချက်ရှိကြောင်း တွေ့ရှိရပါတယ်။ အဲဒီ နှစ်ချက်ကတော့ မြေစာရင်းဌာနမှာ အမည်ပေါက်ခြင်းနှင့် လယ်ယာမြေမှာ လုပ်ပိုင်ခွင့်ရခြင်း ဖြစ်ပါတယ်။ လယ်ယာ‌မြေ တစ်ကွက်အတွက် ဦးပိုင်ပေါက်တဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ သက်ဆိုင်ရာ လယ်မြေမှာ မိမိသည် လက်ငုတ် ဖြစ်နေပါက ထိုလယ်ယာမြေအတွက် မြေစာရင်းဌာနမှာ မိမိအမည်လည်း ပေါက်နိုင်တယ်။ လယ်ယာမြေမှာလည်း လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိနိုင်မှာပဲဖြစ်ပါတယ်။ သက်ဆိုင်တဲ့ လယ်ယာမြေမှာ မိမိသည် လက်ငုတ်မဟုတ်ပါက မိမိဦးပိုင်ပေါက်ခြင်းဖြင့် မြေစာရင်းဌာနတွင် အမည်ပေါက်နိုင်ပါတယ်။ ဒါပေမယ့် လယ်ယာမြေမှာ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် မရနိုင်ပါ။ အဲဒီ နှစ်ချက်ကို ထောက်ရှုရင် ဦးပိုင်ပေါက်ခြင်းဟာ လယ်ယာတစ်ကွက်ကို လုပ်ပိုင်ခွင့် ပေးနိုင်စွမ်း မရှိဘဲ မြေစာရင်းဌာနတွင် မိမိ အမည်ပေါက်နိုင် စွမ်းသာရှိကြောင်း တွေ့ရှိရပါတယ်။ လယ်ယာမြေတစ်ကွက်ကို လုပ်ပိုင်ခွင့်ရဖို့ အတွက် လက်ရှိလက်ငုတ်ဖြစ်ခြင်းက အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ လက်ရှိလက်ငုတ် လုပ်ကိုင် စိုက်ပျိုးနေတဲ့ တောင်သူလယ်သမားများကိုသာ ဦးပိုင်အမည်ပေါက် စေခြင်းသည်သာလျင် ပို၍ သဘာဝကျမယ်လို့ ထင်မြင်ယူဆပါတယ်။ မကြာမီက ထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေဥပဒေ အခန်း(၂) လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုခြင်း ပုဒ်မ ၆ မှာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေ အာဏာတည်သည့် နေ့ရက်တွင် တည်ရှိနေသော လယ်ယာမြေများနှင့် စပ်လျဉ်း၍ အောက်ပါ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာခရိုင် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူ ညီချက်ဖြင့် မြို့နယ်ဦးစီး ဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခြင်းပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာ‌မြေပိုင်ဆိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးရမယ်လို့ ဖော်ပြ ထားပြီးဖြစ်ပါတယ်။ အဲဒီ ဥပဒေ ပုဒ်မ ၆ (က) ၂ မှာ လယ်ယာ‌မြေကို အသုံးပြုခွင်‌့ရရှိထားတဲ့ ထိုအိမ်ထောင်စု မိသားဝင် အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်မိသားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဥပဒေပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာ ဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ် လုပ်ကိုင်နေသူဖြစ်ရမယ့်လို့ ပြဋ္ဌာန်းထား ပါတယ်။ ရိုးသားတဲ့ တောင်သူလယ်သမား အများစုအနေနဲ့ လယ်ယာမြေဥပဒေကို တိတိကျကျ သိသူနည်းပါးကြပြီး ဦးပိုင်အမည်ပေါက်သူကို သီးစားခပေးရန် တာဝန်ရှိတယ်လို့ အရိုးစွဲယုံကြည်နေကြပြီး ထိုလယ်ကို လုပ်ပိုင်ခွင့် မရမှာကိုလည်း စိုးရိမ်နေကြတာ တစ်ကြောင်း အရင်းအနှီးမရှိတဲ့အတွက် တခြားလုပ်ငန်းတွေ မလုပ်စားတတ်ဘဲနဲ့ လယ်ယာစိုက်ပျိုး ခြင်းကိုသာ အဓိကအားဖြင့် လုပ်ကိုင် စားသောက်တတ်တဲ့အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ဖျက်သိမ်းသည့်ဥပဒေကို သိလျက်နဲ့ဖြစ်စေ၊ မသိ၍ ဖြစ်စေ သီးစားခပေး စိုက်ပျိုးနေကြရဆဲ ဖြစ်ပါတယ်။ ဒီလို သီးစားခပေး စိုက်ပျိုးနေကြရတာကလည်း စိုက်နိုင်တဲ့‌မြေ တိုးတက်မှုနဲ့ လူဦးရေ တိုးတက်မှုအချိုးကိုကြည့်မယ်ဆိုရင် လူဦးရေတိုးတက်မှုနှုန်းက ပိုများနေတာကိုလည်း တွေ့နေရပါ တယ်။ မိမိတို့နိုင်ငံအနေနဲ့ မြေယာစိုက်ပျိုး ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့မှ လွတ်လပ်ရေးရပြီးခါစ ၁၉၅၀ ပြည့်နှစ်များမှာ အခြားလွတ်လပ်စ နိုင်ငံများနှင့်နှိုင်းယှဉ်လျင် တော်တော်အ‌ခြေအနေ ကောင်းခဲ့ ပါတယ်။ အဲဒီတုန်းက စိုက်ပျိုးမြေဧက ၂၁ သန်းရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် စာရင်းတွေအရ ကျေးလက် ဒေသလူဦးရေ ၃၉ သန်းခန့် ဖြစ်လာပြီး စိုက်ပျိုးမြေကတော့ ၆ သန်းခန့်သာရှိတဲ့အတွက် အချိုး ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ ဒါဟာ လူဦးရေတိုးတက်သလောက် နေစရာနဲ့ လုပ်ကိုင်စရာ မြေနေရာ လိုအပ်လာလို့ မြေဧရိယာကျဉ်းသွားသလို ဖြစ်သွားပါတယ်။ လက်လှမ်းမီသလောက် စာရင်းကောက်ယူ ကြည့်ရှုရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကိုးမြို့နယ်မှာ လယ်ယာမဲ့ လုပ်သားဦးရေ ၆၆၀၉၆ ဦးရှိတဲ့ဆိုတာ သိရှိရပါတယ်။ လယ်ယာမြေမှာ ကိုယ်တိုင်စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုဘဲ ထိုလယ်ယာမြေမှ ရရှိနိုင်မယ့် အကျိုးကျေးဇူးကိုသာ မျှော်ကိုးပြီး ပိုင်ဆိုင်မှု အမည် ပေါက်အောင် တစ်နည်းတစ်လမ်း ဆောင်ရွက်ထားခြင်း သို့မဟုတ် အမည်ပေါက် ပိုင်ဆိုင်ထားစေခြင်း သည် ပြည်သူများအနေနဲ့ ‌မြေခစား မြေရှင်ကြီးစနစ်ကို ပြန်လည်အသက်သွင်း သကဲ့သို့ ဖြစ်နေမှလား လို့ ကျွန်တော်တို့အနေနဲ့ စဉ်းစားမိပါတယ်။ ‌မြေစာရင်းဌာနမှာ ဦးပိုင် အမည်ပေါက်ခြင်းနှင့်စပ်လျဉ်း ပြီးတော့မှ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီရင် ဦးပိုင်အမည်ပေါက်ခွင့် ရှိတယ်ဆိုတာ တိတိကျကျ သတ်မှတ်ပေးထားပြီး ဖြစ်တယ်လို့လည်း ယူဆပါတယ်။ ထိုဦးပိုင်အမည်ပေါက်ခွင့် သတ်မှတ်ချက် သည် ခေတ်စနစ်နှင့် မကိုက်ညီပဲ တစ်ဦး တစ်ယောက်ကို မျက်နှာသာပေးပြီး မြေဧက အမြောက်အမြားကို သတ်မှတ်ပေးတာမျိုး မဖြစ်သင်‌့ပဲ အမှန်တကယ် လယ်ယာမြေကို လုပ်ကိုင်နေသူ တောင်သူ လယ်သမားများ ကိုသာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ်ကိုင်ဆောင်ထားသူ တောင်သူလယ်သမားများကိုသာ အမည်ပေါက် သတ်မှတ်ပေးသင့် တဲ့အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှာ စားကျက်မြေတှေ၊ မြေလွတ်၊ မြေလပ်တွေ ဌာနဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ ကုမ္ပဏီအမည်ဖောက်၍လည်းကောင်း ခွဲဝေချထားပြီး တောင်သူ လယ်သမားများထံမှ သီးစားခ ရယူနေခြင်းများသည် တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်း မရှိတဲ့ အတွက် လက်ရှိလက်ငုတ် စိုက်ပျိုးနေတဲ့ တောင်သူလယ်သမားများကိုသာ ပုဒ်မ ၆ (က) ၁၊၂ တို့နှင့် အညီ လယ်ယာမြေ လုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း၊ ဦးပိုင်အမည်ပေါက် စေခြင်းတို့ကို နိုင်ငံတော် တာဝန်ရှိသူများမှ ဆောင်ရွက် ပေးပါရန်နှင့် အဲဒီလို ဆောင်ရွက်ရာမှာ ဥပဒေနှင့်အညီ သမာသမတ်ကျကျ ဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ်များကို သီးခြားရွေးချယ်ဖွဲ့စည်း တာဝန်ပေးကြပ်မတ် ဆောင်ရွက်ပေးဖို့ တင်ပြကြောင်း အဆိုတင်သွင်း အပ်ပါတယ်ခင်ဗျား။