Skip to main content

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာ ဖတ်ကြား တင်ပြခြင်း

ဦးငွန်မောင်း (အဖွဲ့ဝင်၊ စုံစမ်းစစ်ဆေးရေး အဖွဲ့)။  ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ကျွန်တော် ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ဟားခါးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုံစမ်း စစ်ဆေးရေးအဖွဲ့ဝင် ဦးငွန်မောင်း ဖြစ်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ပတ်သက်ပြီးတော့ ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံစာကို ကျွန်တော်က စတင်ပြီးတော့ ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါ တယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင် ခံစာတွင် စာပိုဒ် ၂၉ ပိုဒ် ပါရှိပါတယ်။ စာပိုဒ် ၁ မှ ၁၄ အထိ ဖတ်ကြား တင်သွင်းပြီး ကျန်စာပိုဒ်များဖြစ်တဲ့ ၁၅ မှ ၂၉ အထိကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးဝင်းမြင့် မှ တင်သွင်းဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် စတင်ပြီးတော့ ဖတ်ကြားပါမယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

အခွင့်အာဏာ

၁။       ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ၂၉ - ၈ - ၂၀၁၂ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၁၂ အရ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

ဦးနန္ဒကျော်စွာ   ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ          ဥက္ကဋ္ဌ

                   ဒဂုံမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး

          ဦးတီခွန်မြတ်                        ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ကွတ်ခိုင်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်

          သူရဦးအောင်ကို                    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ကန်ပက်လက်မဲဆန္ဒနယ်၊ ချင်းပြည်နယ်

          ဒေါက်တာစိုးရင်                    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ကမာရွတ်မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး

          ဦးသောင်း                           ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                မော်လိုက်မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

          ဦးဝင်းထိန်                          ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                မိတ္ထီလာမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး

          ဦးဝင်းမြင့်                           ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ပုသိမ်မဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီး

          ဒေါ်ဒွဲဘူ                             ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                အင်ဂျန်းယန်မဲဆန္ဒနယ်၊ ကချင်ပြည်နယ်

          ဦးငွန်မောင်း                         ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ဟားခါးမဲဆန္ဒနယ်၊ ချင်းပြည်နယ်

          ဒေါ်နန်းဝါနု                         ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ကွန်ဟိန်းမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်

          ဦးဘရှိန်                             ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ကျောက်ဖြူမဲဆန္ဒနယ်၊ ရခိုင်ပြည်နယ်

          ဒေါ်မိမြင့်သန်း                      ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ရေးမဲဆန္ဒနယ်၊ မွန်ပြည်နယ်

          ဒေါ်နန်းစေအွာ                      ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ဘားအံမဲဆန္ဒနယ်၊ ကရင်ပြည်နယ်

          ဒေါ်တင်နွယ်ဦး                      ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                ဒဂုံမြောက်ပိုင်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး

          ဦးစိုးဝင်း                             ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                            အဖွဲ့ဝင်

                                                စမ်းချောင်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး

၂။       ၃ - ၉ - ၂၀၁၂ ရက်စွဲပါအမိန့်အမှတ် ၂/၂၀၁၂ အရ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအစား ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမ်းမဲဆန္ဒနယ် အဖြစ် အစားထိုးခန့်ထားခဲ့ပါသည်။

စွပ်စွဲခံရသူများ

၃။       စွပ်စွဲခံရသူများမှာ အောက်ပါအတိုင်းဖြစ်သည်-

          ဦးသိန်းစိုး                           ဥက္ကဋ္ဌ၊    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး    

          ဒေါက်တာတင်အောင်အေး        အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

          ဒေါ်ခင်လှမြင့်                       အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

          ဦးစိုးသိန်း                           အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

          ဦးထွန်းကြည်                       အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

          ဦးခင်ထွန်း                          အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

          ဦးမြင့်ကြိုင်                          အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

          ဒေါ်မိမိရီ                            အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

          ဦးဆန်းမြင့်                          အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

အမှုအကြောင်းအရာ အကျဉ်းချုပ်

၄။       ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လွှတ်တော်အသီးသီး၏ဥပဒေတွင် ပြဋ္ဌာန်း ထားသော ပြည်ထောင်စု အဆင့်အဖွဲ့အစည်း အဓိပ္ပာယ်ဖွင့်ဆိုချက်အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာတင်သွင်း ဆောင်ရွက်သွားရန် နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်သဖြင့် ညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းဇော်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ရှေ့နေချုပ်သို့ လိပ်မူပေးပို့ခဲ့ပါသည်။ ယင်းစာအပေါ် ပြည်ထောင်စုရှေ့နေချုပ်က လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်၊  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားသော အခွင့်အာဏာဖြင့် ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ၊ မရှိ အဆုံးအဖြတ် ချမှတ်ပေးပါရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၂ (က) နှင့် ပုဒ်မ ၃၂၅(က) တို့အရ တင်သွင်းအပ်ပါကြောင်းဟု ပါရှိပြီး ယင်းတင်သွင်းလွှာကို အမိန့်အရဟု ဖော်ပြပြီး ပြည်ထောင်စုရှေ့နေချုပ်က လက်မှတ်ရေးထိုးကာ ၂-၂-၂၀၁၂ နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခြင်းဖြစ်ပါသည်။ အဆိုပါ တင်သွင်းလွှာကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက တင်သွင်းလွှာအမှတ် ၁/၂၀၁၂ အဖြစ် သတ်မှတ် လက်ခံခဲ့ပါသည်။

၅။       တင်သွင်းလွှာအမှတ် ၁/၂၀၁၂ တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ရှင်းလင်း ရမည့်သူအဖြစ် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ တို့အား သတ်မှတ်ပြီး ၁၇-၂-၂၀၁၂ နေ့အတွင်း ရှင်းလင်းလွှာတင်သွင်းရန် အကြောင်း ကြားခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ၁၇-၂-၂၀၁၂ ရက်နေ့တွင် ရှင်းလင်းချေပလွှာများ တင်သွင်းခဲ့ကြပါသည်။ ယင်းကိစ္စ အပေါ် ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းအား လည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား လည်းကောင်း တာဝန်ပေးအပ်ခဲ့သဖြင့် ၂၄-၂-၂၀၁၂  နေ့တွင် ဦးနန္ဒကျော်စွာကိုယ်တိုင် ပြည်သူ့လွှတ်တော်ကိုယ်စား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရှေ့မှောက်တွင် ရှင်းလင်း လျှောက်လဲချက် တင်သွင်းခဲ့ ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ တင်သွင်းလွှာအမှတ် ၁/၂၀၁၂ တွင် လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့် ညီညွတ်မှုမရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးက ၂၈-၃-၂၀၁၂ ‌နေ့၌ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏  ၂၈- ၃-၂၀၁၂ ရက်နေ့ ဆုံးဖြတ်ချက်အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဥပ‌ဒေနှင့်ညီညွတ်မှု မရှိကြောင်း တွေ့ရှိ ရပါသဖြင့် စွပ်စွဲပြစ်တင်ရန် ကိုယ်စားလှယ် ၁၉၁ ဦးလက်မှတ်ရေးထိုးပြီး ပထမအကြိမ် ပြည်သူ့ လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် တင်ပြရန် ကြိုးစားကြပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းကိစ္စ ဆောင်ရွက်မည့် အပေါ် ခေတ္တသည်းခံ စောင့်ဆိုင်းကြရန် မေတ္တာရပ်ခံခဲ့ပါသည်။ ယခုကိစ္စကို အေးအေးချမ်းချမ်းနှင့် ပြေပြေလည်လည်ဖြစ်စေရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊  အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်သမ္မတ နှင့်အကြိမ်ကြိမ် ကြိုးစား ညှိနှိုင်းခဲ့ပါသော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေဖြင့် နိုင်ငံတော် သမ္မတထံ ၁၄-၈-၂၀၁၂ နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ သဝဏ်လွှာ တွင် ယခုကိစ္စအတွက် ဆောင်ရွက်ရန် နည်းလမ်း နှစ်ရပ်ကို ဖော်ပြခဲ့ပါသည်။ ပထမနည်းလမ်းမှာ တင်သွင်းလွှာကို ရုပ်သိမ်းပေးရန်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရာထူးတာဝန်မှ နှုတ်ထွက်ပေးရန်ဖြစ်ပြီး၊ ဒုတိယ နည်းလမ်းမှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် လွှတ်တော်က စွပ်စွဲပြစ်တင်ရန် အစီအစဉ်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

၆။       နိုင်ငံတော်သမ္မတက ၂၀-၈-၂၀၁၂ ရက်နေ့တွင်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ သဝဏ်လွှာ  ပြန်လည် ပေးပို့ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် လွှတ်တော်အသီးသီးက ဖွဲ့စည်းထား သည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့်ဖြစ်လာပါက ငွေကြေးကိစ္စနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် အစိုးရအဖွဲ့တွင် တာဝန်ရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူစေရေး အတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်ကြောင်း၊ ယခုကိစ္စအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) တွင် ဖော်ပြထားသည့် အခွင့်အရေးကို လွှတ်တော်က သုံးစွဲမည် ဆိုပါက သင့်လျော်မည်ဖြစ်ကြောင်း၊ ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ် ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ခွင့်ရှိကြောင်း ဖော်ပြပေးပို့ခဲ့ပါသည်။ ယင်းသဝဏ်လွှာ အရလည်း ညှိနှိုင်းပြေလည်မှု မရရှိခဲ့ပါ။ ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အားလုံးအား စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းမည်ဖြစ်ကြောင်း တင်ပြကြပါသည်။ သို့သော် ပြည်သူ့ လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်း မဆောင်ရွက်မီ ၂၈-၈-၂၀၁၂ နေ့တွင် အမျိုးသားလွှတ်တော်၌ စွပ်စွဲပြစ်တင်ခြင်း အဆိုစတင်ခဲ့ပါသည်။

၇။       နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်းနှင့် ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ ဖြစ်ပါသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အားလုံးအား ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေး၏ (၃၄) ရက်မြောက်နေ့ တွင် စွပ်စွဲပြစ်တင်ခြင်းကို လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်၏ ထောက်ခံမှုဖြင့် ဆုံးဖြတ်ခဲ့ ပါသည်။ ယင်းစွပ်စွဲချက်အား ပြည်သူ့လွှတ်တော်က အဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးနိုင်ရန် အမျိုးသား လွှတ်တော်က ၂၉-၈-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၁၄/အမ(စည်းဝေး-၁)၂/၂၀၁၂-၁၅(၄) ဖြင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံ အောက်ပါ စွဲချက်နှစ်ရပ်ဖြင့် ပေးပို့လာခြင်းဖြစ်ပါသည်။ စွဲချက်(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ စွဲချက်(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက် ခြင်း။

စစ်ဆေးတွေ့ရှိချက်

၈။       လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိ၊ မရှိကိစ္စကို အမှုအဖြစ်စတင် တင်သွင်းသူမှာ နိုင်ငံတော်သမ္မတ ဖြစ်ပါ သည်။ နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅(က) အရ အမှုကိစ္စကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက်တင်သွင်း ရမည့်သူ ဖြစ်ပါသည်။ သို့သော်လည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းသော တင်သွင်းလွှာတွင် နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးထားခြင်း မရှိဘဲ ၎င်း၏အမိန့်အရ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က လက်မှတ်ရေး ထိုးထားပါသည်။

၉။       နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက တင်သွင်းလွှာအမှတ် ၁/၂၀၁၂ တွင် တင်သွင်းသူဘက် အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ကို လည်းကောင်း၊ ဖြေရှင်းလွှာ တင်သွင်းရမည့်သူများ အတွက် ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ကိုယ်စားလှယ်အဖြစ် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ပြည်သူ့လွှတ်တော်အတွက် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့ကို လည်းကောင်း ၂၄-၂-၂၀၁၂ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက်ကြားနာပြီး    ၂၈-၃-၂၀၁၂ ရက်နေ့တွင် အပြီးသတ် အမိန့် ချမှတ်ခဲ့ ပါသည်။

၁၀။     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း မှားယွင်းနေသည်ဟု ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ယူဆ ခဲ့ကြပါသည်။ ထို့ကြောင့် လွှတ်တော်နှစ်ရပ်၏ ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးများတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဆုံးဖြတ်ချက်အပေါ် တရားဝင် ဝေဖန် သုံးသပ်မှုများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် ပြစ်တင်မှုများ စတင် ဆောင်ရွက် ခဲ့ကြပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ နှင့် ပုဒ်မ ၃၀၂ တို့အရ စွပ်စွဲ ပြစ်တင်ရန် လွှတ်တော် ကိုယ်စားလှယ်များက သဘောထား တင်ပြခြင်း၊ အဆို တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါ သည်။

၁၁။     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ယခုအငြင်းပွားနေသော ဆုံးဖြတ်ချက်အပေါ် လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော် အစည်းအဝေးများတွင် တရားဝင်ဆွေးနွေး တင်ပြခြင်း ပြုလုပ်ခဲ့ကြပါသည်။ ထိုဆွေးနွေးချက်များအပေါ် ဆွေးနွေးခွင့် မရှိဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကလည်း ကန့်ကွက်လွှာများ ပေးပို့ခဲ့ပါသည်။ နိုင်ငံပိုင် သတင်းစာများနှင့် ပြင်ပ စာစောင်များတွင်လည်း ပညာရှင်များက အမြင် အမျိုးမျိုးရေးသား ဖော်ပြခဲ့ကြပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဆုံးဖြတ်ချက်အပေါ် မှန်၊ မမှန် အငြင်းပွားမှု၊ အမြင်မတူညီမှုများသည် တဖြည်းဖြည်း ကြီးထွားလာခဲ့ပါသည်။

၁၂။     နှစ်ဘက် အကြိမ်ကြိမ်ညှိနှိုင်းမှုများ အောင်မြင်မှုမရရှိသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  ဖော်ပြထားသည့် နည်းလမ်းများနှင့် အညီ လွှတ်တော်နှစ်ရပ်က စွပ်စွဲတင်ပြခြင်းနည်းလမ်းကို သုံးစွဲ ခဲ့ပါသည်။ စွပ်စွဲပြစ်တင်ရန် အဆိုကို အမျိုးသား လွှတ်တော်တွင် ၂၈-၈-၂၀၁၂ နေ့က သတ်မှတ်သော နည်းလမ်းများနှင့် အညီ အတည်ပြု ပေးခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

၁၃။     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ကို ၃၁-၈-၂၀၁၂ ရက်နေ့၊ ရက်ချိန်းတွင် ဖြေရှင်းလွှာတင်ရန် သို့မဟုတ် စစ်ဆေးခံရန် အကြောင်းကြားစာဖြင့် အသိပေးခဲ့သော်လည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအနေဖြင့် ဖြေရှင်းလွှာတင်သွင်း ခြင်းသော် လည်းကောင်း၊ ကိုယ်တိုင် လာရောက်ဖြေရှင်းခြင်းသော် လည်းကောင်း မပြုလုပ်ဘဲ ရက်ချိန်း တောင်းခံ၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ညွှန်ကြားရေးမှူး(စီမံ) ဦးသိန်းဝင်းအား ကိုယ်စားလှယ်အဖြစ် လွှဲအပ်ကြောင်းစာကိုသာ ဦးသိန်းဝင်းကိုယ်တိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌထံ ပေးပို့ပါသည်။ ဦးသိန်းဝင်းက ၎င်းမှာစာပို့ရန်သာ ဖြစ်ကြောင်း၊ ကိုယ်စားစစ်ဆေးခံမည် မဟုတ်ကြောင်း တင်ပြခဲ့ပါသည်။ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌက ၃-၉-၂၀၁၂ ရက်နေ့ နံနက် ၁၀း၀၀ တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စစ်ဆေးမည်ဖြစ်၍ အရောက်လာရန် မှာကြားခဲ့ပါသည်။ ၃-၉-၂၀၁၂ ရက်နေ့ ရက်ချိန်းနှင့် နောက်ရက်ချိန်းများတွင်လည်း အစစ်ဆေး ခံရသူများ လာရောက်ခြင်းမရှိဘဲ စစ်ဆေးခြင်းကို ကြန့်ကြာစေရန်သာ လုပ်ဆောင်နေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် စုံစမ်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးခံရမည့် ပုဂ္ဂိုလ်များအား ထပ်မံ ဆင်‌့ခေါ်ခြင်း မပြုတော့ဘဲ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်များကို သတ်မှတ်ချက်နှင့် အညီ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

၁၄။     ယခုစုံစမ်းစစ်ဆေးသော ကိစ္စမှာ ဥပဒေရေးရာကိစ္စအပေါ် အငြင်းပွားခြင်းဖြစ်ပါတယ်။  အကြောင်းခြင်းရာ အပေါ် အငြင်းပွားသော ကိစ္စမဟုတ်ပါ။ ဥပဒေပြဋ္ဌာန်းချက်အပေါ် အဓိပ္ပာယ် ကောက်ယူသောကိစ္စ ဖြစ်ပါသည်။ စုံစမ်း စစ်ဆေးမှု အစီရင်ခံစာကို တည်ဆဲဥပဒေများ၊ နှစ်ဘက် ဆောင်ရွက် တင်ပြထားသည့် ဆောင်ရွက်ချက်များ၊ မှတ်တမ်းများအပေါ်တွင် အခြေခံ၍ သုံးသပ်ကြရ မည်ဖြစ်ပါသည်။ ကျွန်တော် ဒီလောက်ပဲ ဖတ်ကြားပြီးတော့ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဥက္ကဋ္ဌ။           ။ ဆက်လက်ပြီး တာဝန်ပေးအပ်ခြင်းခံရသူအား ဖတ်ကြားဖို့ ဖိတ်ခေါ်ပါတယ်။

ဦးဝင်းမြင့် (အဖွဲ့ဝင်၊ စုံစမ်းစစ်ဆေးရေး အဖွဲ့)။               ။ လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော  သုခနှင့် ပြည့်စုံကြပါ စေလို့ ဦးစွာပထမ ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်။ ကျွန်တော်ကတော့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ကိုယ်စား သုံးသပ်ချက် စာတမ်းကို ဖတ်ကြားရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

၁၅။     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၄ အရလည်းကောင်း၊ ပြည်သူ့လွှတ်တော်ကို ပုဒ်မ ၁၀၉ အရလည်းကောင်း၊ အမျိုးသား လွှတ်တော်ကို ပုဒ်မ ၁၄၁ အရ လည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။

၁၆။     ပြည်သူ့လွှတ်တော် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁၅ မှ ၁၁၈ အထိ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၁၈ (ခ) တွင် ပြည်သူ့လွှတ်တော်သည် အထက်ပါ ကော်မရှင်နှင့် အဖွဲ့များကို ဖွဲ့စည်းသည့်အခါ ယင်းကော်မရှင် သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုပါ သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်း ထားပါသည်။ အမျိုးသားလွှတ်တော်၏ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၇ မှ ၁၅၀ အထိ ပြဋ္ဌာန်းထားပါသည်။

၁၇။     ဖွဲ့စည်းထားသော လွှတ်တော်များနှင့် ယင်းတို့က ဖွဲ့စည်းပေးထားသော ကော်မတီ၊ ကော်မရှင် နှင့်အဖွဲ့များအား သက်ဆိုင်ရာ လွှတ်တော်ဥပဒေများ အသီးသီး၏  ပုဒ်မ ၂ အရ ပြည်ထောင်စုအဆင့် ဟု သတ်မှတ် ထားပါသည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် လွှတ်တော် လုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် လည်းကောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်၊ တရားစီရင်ရေး တာဝန်ကို ဆောင်ရွက် ရန် ဖွဲ့စည်းခြင်း မဟုတ်သဖြင့် လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ပါ။ သက်ဆိုင်ရာ လွှတ်တော်များက ဖွဲ့စည်းပေးထားသော ကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ပိုင်ခွင့် ရှိသောကြောင့် ပြည်ထောင်စု အဆင့်ဟု သတ်မှတ်ထားခြင်းသည် လုပ်ငန်း သဘောသဘာဝအရ ညီညွတ်မှန်ကန် ပါသည်။ ပြည်ထောင်စု အဆင့်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂(စ) တွင် လည်းကောင်း၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂(ဇ) တွင် လည်းကောင်း သတ်မှတ် ပေးထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိုသို့ သတ်မှတ်ခြင်း မပြုရဟု တားမြစ်ထားသည့် ပြဋ္ဌာန်းချက် မပါကြောင်း တွေ့ရှိရပါသည်။

၁၈။     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က) တွင် နိုင်ငံတော် အချုပ်အခြာအာဏာ ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် အထက်ပါ ပြဋ္ဌာန်းချက်ဖြစ်သော အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း အခြေခံမူကို ထိခိုက်ပါသည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂) အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းဖြစ်ပါသည်။

၁၉။     ဒုတိယ အချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက် တင်သွင်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။

          (က)    နိုင်ငံတော်သမ္မတ

          (ခ)     ပြည်ထောင်စုလွှတ်တော်နာယက

          (ဂ)     ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

          (ဃ)    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ

          (င)     ပြည်ထောင်စုတရားသူကြီးချုပ်

          (စ)     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ

၂၀။     ထို့ကြောင့် နိုင်ငံတော်သမ္မတ ကိုယ်စား အခြားမည်သည့် ပုဂ္ဂိုလ်ကမျှ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းနိုင်ကြောင်း ပြဋ္ဌာန်းထားခြင်း မရှိပါ။ ခြွင်းချက်လည်း ပေးထား ခြင်းမရှိပါ။ ယခုတင်သွင်းလွှာကို နိုင်ငံတော်သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်း ရမည်ဖြစ်ပါလျက် နိုင်ငံတော်သမ္မတက မတင်သွင်းဘဲ အမိန့်အရ ဒေါက်တာထွန်းရှင်၊ ပြည်ထောင်စု ရှေ့နေချုပ်ဟု  လက်မှတ်ရေးထိုး တင်သွင်းခြင်းဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်း ခြင်းမဟုတ်ဘဲ ရှေ့နေချုပ်က ကိုယ်စား တင်သွင်းမှုကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး က လက်ခံကြားနာ ဆုံးဖြတ်ခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃၄ (က)(၂) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ထိခိုက်စေပါသည်။ ထို့ပြင် ဖောက်ဖျက်ရာလည်း ရောက်ပါသည်။

၂၁။    တတိယ အချက်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ တွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားပါလျက် ပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းပေးခဲ့သည့် လွှတ်တော်ဆိုင်ရာ ဥပဒေများကို ထည့်သွင်းစဉ်းစားမှု မပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း ဖြစ်ပါသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃၄(က)(၂) တွင် အကျုံးဝင်သော ဖောက်ဖျက် ကျူးလွန်မှုဖြစ်ပါသည်။

၂၂။     စတုတ္တအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂ တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ တာဝန်များကို အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည်-

          (က)    ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊

          (ခ)     ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊

          (ဂ)     ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု များ၏ အုပ်ချုပ်မှု ဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ စိစစ်ခြင်း၊

          (ဃ)    ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အကြား၊ တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ်အချင်းချင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်း ပွားမှုများကို ဆုံးဖြတ်ခြင်း၊

(င)     တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စု ဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့်တာဝန်များ နှင့်စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊

(စ)     ပြည်ထောင်စု နယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြား လာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊

(ဆ)    ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့်  လုပ်ငန်းတာဝန်များ၊

၂၃။     တင်သွင်းလွှာပါ အဆုံးအဖြတ် ခံယူလိုသော ပုဒ်မ ၃၂၂ ပုဒ်မခွဲ (က)တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟု ပြဋ္ဌာန်းထားရာ ယခုတင်သွင်းလွှာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် မည်သည့် စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆို ပေးရန်ဟု တိတိကျကျ မပါရှိသည့် အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေနှင့် ပုဒ်မ ၃၂၂ ပုဒ်မခွဲ(က)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ခွင့်မရှိပါ။ လွှတ်တော်ဆိုင်ရာ ဥပဒေများကို အဓိပ္ပာယ် ဖွင့်ဆိုပေးရန်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေများက လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းမရှိပါ။ ထို့ကြောင့် နိုင်ငံတော်သမ္မတ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်၏ တင်သွင်းလွှာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဓိပ္ပာယ်ဖွင့် ဆိုခွင့် မရှိသည့် လွှတ်တော်ဆိုင်ရာ ဥပဒေများကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လွဲမှားစွာ တောင်းဆ ိုထားခြင်း ဖြစ်ပါသည်။ စိစစ်ပေးရန် ဆိုပြန်လျှင်လည်း တင်သွင်း လွှာတွင်ပါရှိသော လွှတ်တော် ဆိုင်ရာ ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ ပုဒ်မခွဲ(ခ) နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(ခ) တို့တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေများမဟုတ်ဘဲ  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကပြဋ္ဌာန်းသော ဥပဒေများသာ ဖြစ်ပါသည်။ ယင်းဥပဒေ များကို အနက် အဓိပ္ပာယ်ဖွင့်ဆိုရန်၊ စိစစ်ရန် လုပ်ပိုင်ခွင့်မရှိပါဘဲလျက် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ စိစစ်ခြင်း ပြုလုပ်ခဲ့သည့်အတွက် လွဲမှားစွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၅) အရ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ မဆောင်ရွက်ရာ ရောက်ပါသည်။

၂၄။     ပဉ္စမအချက်အနေဖြင့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေများ၏ ပုဒ်မ ၂ တို့တွင်  အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု အစိုးရအဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရှေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်။

၂၅။   လွှတ်တော်ဆိုင်ရာဥပဒေများ၏ နိဒါန်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းရပ်များကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အလျောက် နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ချောမွေ့စွာ ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့် အခါတွင် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် လည်းကောင်း သက်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်ဟု ဖော်ပြထားပါသည်။ သို့ဖြစ်၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်ခေါ်ယူ ကျင်းပရာတွင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်ဟု အသီးသီးဖော်ပြ ထားပါသည်။

၂၆။    ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင် အထည်ဖော်ရေး အတွက် ကြိုတင် ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အရဆောင်ရွက်သည်ဟု မှတ်ယူရမည်ဟု လည်းကောင်း၊ ပုဒ်မ ၄၄၆ တွင် တည်ဆဲ ဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု လည်းကောင်း အသီးသီး ပြဋ္ဌာန်းထားရှိပါသည်။

၂၇။     အထက်ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်များ အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည် သည့်နေ့ မတိုင်မီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များ ချောမွေ့စွာ ဆောင်ရွက်ရန် အသွင် ကူးပြောင်းရေး ကာလအတွက် ရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့သော လွှတ်တော်ဆိုင်ရာ ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေမှ တိုက်ရိုက် ဆင်းသက်လာသည့် ဆင့်ပွားဥပဒေများ သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အစိတ်အပိုင်း ဥပဒေများဖြစ်ပါသည်။ လွှတ်တော်ဆိုင်ရာဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ အရ ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မရှိသေးသည့် အတွက် တည်ဆဲဥပဒေများ ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ဖြင့်လည်းကောင်း၊ ယင်းကိုယ်စားလှယ်များက ဦးဆောင်၍ လည်းကောင်း ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်ကြောင်း သက်ဆိုင်ရာ ဥပဒေများတွင် အထင်အရှား ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။

၂၈။     သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေဆိုင်ရာ ခုံရုံးက လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမဟုတ်ဟု ဆုံးဖြတ် ခြင်းမှာ မှန်ကန်စွာ ဆုံးဖြတ်မှု မပြုဘဲ လွဲမှားစွာ ဆုံးဖြတ်ခြင်းဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၅) အရ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ရာ ရောက်ပါသည်။

ထောက်ခံတင်ပြချက်

၂၉။     ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် အမျိုးသားလွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) နှင့် (၅)တို့အရ စွပ်စွဲပြစ်တင်ခြင်းသည် မှန်ကန် ထင်ရှားကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ စွပ်စွဲခံရသူ ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ၈ ဦးတို့အား ယင်းရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း တွေ့ရှိရပါ သောကြောင့် ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၀၂ ပုဒ်မခွဲ (ဂ) အရ ဆုံးဖြတ်ချက် ပြုနိုင်ပါရန် စုံစမ်း စစ်ဆေးရေး အဖွဲ့က ထောက်ခံတင်ပြအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။