Skip to main content

အဆိုရှင်၏ သဘောထား ဆွေးနွေးချက်နှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးသန်းနွယ် (ဘုတလင်မဲဆန္ဒနယ်)။                 ။သဘာဝသစ်တောကြီးများ ရေရှည်တည်တံ အောင် ထိန်းသိမ်းရေး မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ဒီကနေ့ ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်ကလည်း သိသိသာသာ ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ထိုအတူပဲ ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း ဒါတွေကိုဆောင်ရွက်လျက် ရှိကြောင်း တွေ့ရတဲ့အတွက် နောက်သတင်းစာတွေမှာလည်း တွေ့ရတဲ့အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ သို့သော်လည်း ကျွန်တော်ရဲ့ အဆိုပြုချက် ၁၂ ချက်မှာ သဘာဝ သစ်တောကြီးမှ သစ်ထုတ်လုပ်မှုလုပ်ငန်းများကို လုံးဝရပ်ဆိုင်းပြီးတော့မှ သစ်တောများ အနားပေး ဖို့ဟာ တစ်ချိန်မှာ‌ဆောင်ရွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အိမ်နီးချင်းနိုင်ငံတချို့နဲ့ ထိုင်းတို့၊ အင်ဒိုနီရှားတို့မှာ ဒီလိုပဲရပ်နားထားတာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း သဘာဝ သစ်တောက သစ်ပင်၊ သစ်တောစိုက်ခင်းတွေ မအောင်မြင်တာ တောင်မှ အနားပေးလိုက်ရင်တော့ ကျွန်တော်တို့သစ်ပင်တွေ ပြန်လည်ကြီးထွားလာမှာ ဖြစ်ပါတယ်။ သစ်တောကြီးများ ပြန်လည် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချက်ကိုလည်း ဝန်ကြီးဌာနအနေနဲ့ ထည့်သွင်း စဉ်းစားဖို့ ကျွန်တော် ဒီလောက်ပဲ ထပ်မံတင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ။  ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးသန်းနွယ်၊ ဘုတလင်မဲဆန္ဒနယ်ရဲ့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးသွားသလို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန ကလည်း ရှင်းလင်းဆွေးနွေးသွားပါတယ်။ အဆိုဟာ အဆိုကောင်းတစ်ခုဖြစ်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနကလည်း ဒီအဆိုကို လက်ခံပါကြောင်း၊ ကြိုဆိုပါကြောင်းနှင့် ပြည်သူများ အပါအဝင် ပူးပေါင်းဆောင်ရွက်ရန် ပိုပြီးအောင်မြင်မယ်ဆိုတဲ့အကြောင်း ရှင်းလင်းသွားတာတှေ့ရ ပါတယ်။ ဒီနေရာမှာ အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးတဲ့ ဦးဝင်းဆွေ၊ ညောင်ရွှေမဲဆန္ဒနယ်က ဒေသမှာ ချောင်းကိုဖြောင့်ဖို့ ရေထိန်းတံခါးတစ်ခု ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စဟာ သီးခြားထပ်မံပြီးတော့ တင်ပြ ဆောင်ရွက်သင့်ပါတယ်လို့ ကျွန်တော်‌့အနေနဲ့ အကြံပြုချင်ပါတယ်။ အဲဒီအတိုင်းပဲ ဆွေးနွေးသွားတဲ့ နေရာမှာ အချို့ အဆိုပေါ်ဆွေးနွေးတာနဲ့ပတ်သက်ပြီး မရှိတာထက် မသိခက် မရှိလည်းမရှိ၊ မသိလည်း မသိတာကပို၍ခက်ဆိုတဲ့ အနေအထားမျိုးကို ဆွေးနွေးသွားတဲ့ နေရာမှာ ပြည်သူများသိအောင်ရယ်၊ ပြည်သူများရှိအောင်ရယ် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးဖို့လည်း လိုမှာဖြစ်ပါတယ်။ အဆိုရှင်တစ်ဦး အနေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာဖြစ်ပျက်ခဲ့တဲ့ ကြိုးဝိုင်းများ ပျောက်ဆုံးသွားခြင်း၊ ကြိုးဝိုင်းများ တိမ်ကောသွားခြင်းနှင့်ပတ်သက်လို့ ပြောသွား၊ ဆွေးနွေးသွားတာလည်း ရှိပါတယ်။ ကျွန်းညိုကြီး၊ မိန်းမလှကျွန်း၊ အပြင်လမ်း၊ လဲပျောက် ကြိုးဝိုင်းများဟာ ကြိုးဝိုင်းလို့သာ နာမည်ရှိပြီးတော့ လက်တွေ့မှာ သစ်ပင်တောင် မရှိသလောက်ဖြစ်တဲ့ အနေအထားတွေရှိပါတယ်။ ဒါလည်း ခုနက မရှိတာထက် မသိခက် မရှိလည်းမရှိ၊ မသိလည်း မသိတဲ့အခက်အခဲတွေကြုံခဲ့ရပါပြီ။ ဒါကြောင့် အဆိုရှင် တင်ပြထား သလို ပြည်ထောင်စုအဆင့်ဝန်ကြီးဘက်က ဆွေးနွေးသလို မိမိတို့ဆောင်ရွက်သွားမှသာလျှင် အဆိုရှင် တင်ပြထားတဲ့ကိစ္စများ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဘုတလင်မဲဆန္ဒနယ်မှ ဦးသန်းနွယ် တင်သွင်းတဲ့ သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြန်လည်ရရှိစေရေးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်ပင်နှင်‌့ သစ်တောထွက်ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါ သော သဘာဝ သစ်တောကြီးများ ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သင့်ကြောင်းအဆိုကို သက်ဆိုင်သူများ၊ သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်မှသာ အဆိုရဲ့ အဓိပ္ပာယ်ပြည့်ဝ အောင်မြင်နိုင်မှာဖြစ်တဲ့ အတွက် လွှတ်တော်ရဲ့ သဘောထားကို ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဘုတလင်မဲဆန္ဒနယ်မှ ဦးသန်းနွယ်တင်သွင်းတဲ့အဆိုကို ဖြည့်စွက်ပြီး သက်ဆိုင်သူများ၊ သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်ရန် အဆိုကို လွှတ်တော်က သဘောတူပါသလား ခင်ဗျား။

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။]

ဥက္ကဋ္ဌ။  ။ သဘောမတူသူရှိပါသလားခင်ဗျား။ လွှတ်တော်ကသဘောတူတဲ့အတွက် ဦးသန်းနွယ်တင်သွင်းတဲ့အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။