Skip to main content

ဦးအုန်းကြိုင် (မဟာအောင်‌မြေ မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘုတလင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ် ရဲ့ သဘာဝ ပတ်ဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ် မျှတမှုကို ပြန်လည်ရရှိရေးနှင့် အမြဲတမ်းသစ်တောမြေ များမှ သစ်တောထွက် ပစ္စည်း ရေရှည်ထာဝရ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝ သစ်တောကြီးများ ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အလေး ထားဆောင်ရွက် သင့်ကြောင်း အဆိုကို ထောက်ခံအကြံပြု ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၉၆၀ ဝန်းကျင်လောက် တစ်နိုင်ငံလုံး ဧရိယာနဲ့  သစ်တော ဖုံးလွှမ်းမှုဟာ ၇၀ ရာခိုင်နှုန်း ရှိခဲ့ပြီးတော့ သစ်ပင်၊ပန်းမန်များနှင့် ဇီဝမျိုးကွဲ အလွန်များပြား ပေါကြွယ်တဲ့ နိုင်ငံလို့ ကမ္ဘာမှာ အလွန် တင့်တယ်စွာ ရှိခဲ့ပါတယ်။ ကမ္ဘာမှာ အလွန်နာမည်ကြီးတဲ့ ကျွန်းသစ်ထဲမှာ တောင်မှ ကမ္ဘာက ထွက်တဲ့ ကျွန်းသစ်တွေထဲမှာ ကျွန်တော်တို့ ကျွန်းသစ်ဟာ အလှဆုံးနဲ့ အမျိုးအစား အကောင်းဆုံးလို့ နာမည်ကြီးပါတယ်။ အဲဒီကျွန်းသစ်နှင့် အပင်ကြီးမျိုးပေါင်း ၇၀၀၀ ကျော်ရှိပြီးတော့ အဲဒီထဲက ၁၀၇၀ ကျော်ဟာ ဒေသမျိုးရင်းတွေ ဖြစ်ပါတယ်။ ဝါးမျိုးပေါင်း ၁၀၀ ကျော်၊ ကြိမ်မျိုးပေါင်း ၃၀ ကျော်၊ သစ်ခွမျိုးပေါင်း ၈၀၀ ကျော်၊ ငှက်အမျိုးပေါင်း ၁၀၅၀ ကျော်၊ ကုန်းနေသတ္တဝါ ၃၀၀ ခန့်၊ တွားသွားသတ္တဝါ ၄၀၀ ကျော်၊ လိပ်ပြာမျိုးစေ့ ၁၀၀၀ ကျော်၊ ငါးမျိုးစေ့ ၈၀၀ ကျော်ရှိတယ်လို့ မှတ်တမ်းတင်ထားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း သစ်တော ပြုန်းတီးမှုဟာ တဖြည်းဖြည်း မြန်ဆန်လာပါတယ်။ ၁၉၇၀ မှာ သစ်တောဧရိယာဟာ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ မှာ ၅၉ ရာခိုင်နှုန်းနဲ့ ၂၀၀၈ ခုနှစ်မှာ မကြာသေးခင်က ထွက်လာတဲ့ စစ်တမ်းတစ်ခုအရ သစ်တော ဖုံးလွှမ်း ဧရိယာဟာ ၂၄ ရာခိုင်နှုန်းပဲရှိတော့တယ်ဆိုတော့ အလွန်ကိုထိတ်လန့်စရာကောင်းတဲ့ နှုန်းနဲ့ ပျက်စီး သွားတာဟာ ပေါ်လွင်နေပါတယ်။ ဒီကိန်းဂဏန်းများကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှု ဟာ အလွန်မြန်ဆန်တဲ့ နှုန်းနဲ့ ပြုန်းတီးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ရေဝေရေလွှဲဒေသများ ဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်နှင့် အဲဒီထဲကို စီးဝင်းနေတဲ့ မြစ်များ၊ ချောင်းများ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်တောတွေဟာ တဖြည်းဖြည်းပါးလျား ခြောက်ခမ်းပြီးတော့ ဇီဝမျိုးစေ့များ ရပ်တည်နေထိုင်ဖို့တောင် ခက်ခဲလာပြီဆိုတာ ပေါ်လွန်ပါတယ်။ သစ်တော ပြုန်းတီးရာတွင် အဓိက အကြောင်းအရင်းတွေကို ဆန်းစစ်ရင်တော့ ကမ္ဘာက သိနေတဲ့အတိုင်းပါပဲ။ စနစ်မကျတဲ့ သစ်ထုတ်လုပ် မှုများလွန်းခြင်း ဒါကတော့ အလှည့်ကျစိုက်ပျိုးမှုမရှိဘဲနဲ့ သစ်ထုတ်လုပ်မှုကို အသားပေးပြီးတော့ ထုတ်လုပ်နေတဲ့ အတွက်ကြောင့် ပြောင်သလင်းခါသွားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံရဲ့ သဘာဝ အတိုင်းဖြစ်နေတဲ့ မဖွံ့ဖြိုးသေးတဲ့ဒုက္ခပါ။ ကျွန်တော်တို့နိုင်ငံဟာ အခုတော့ သဘာဝဓာတ်ငွေ့လည်း အလျှံပယ် ထွက်ပြီးတော့ ဘေးနိုင်ငံတွေတောင် ရောင်းချနေတဲ့ အ‌ခြေအနေမှာ ရှိပေမယ့်လို့ ဒီကနေ့အထိ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအားလုံးရဲ့ သုံးပုံ တစ်ပုံဟာ လောင်စာအဖြစ်နဲ့ ထင်းနှင့်မီးသွေးကိုပဲ သုံးနေရပါသေးတယ်။ ဒီအချိန်အနေက ကျွန်တော်တို့ အခုထက်ထိ မလွတ်မြောက်နိုင်သေးပါဘူး။ နောက် တိုးချဲ့လာတဲ့ လူဦးရေးအတွက် နေစရာမြို့ပြအိမ်ရာတွေလည်း ချဲ့ထွင်ပေးရပါတယ်။ အဲဒါတွေကလည်း တဖြည်းဖြည်းနဲ့ သစ်တော ပြုန်းတီးမှုတွေ ဖြစ်စေပါတယ်။ နောက် လယ်ယာမြေတိုးချဲ့ရပါတယ်။ နောက် ရွှေ့ပြောင်းတောင်ယာ စနစ်တွေလည်း လုပ်ရပါတယ်။ အဲဒီ သစ်တောပြုန်းတီးမှုကို ခုနှစ်ပိုင်းခြားပြီးတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်တဲ့အခါမှာ ၁၉၇၅ ကနေ ၁၉၈၉ အတွင်းမှာ ၂ ရာခိုင်နှုန်း၊ ၁၉၈၉ ကနေ ၁၉၉၈ အတွင်းမှာ ၇ ရာခိုင်နှုန်း၊ ၁၉၉၈ ကနေ ၂၀၀၆ ခုနှစ်အတွင်းမှာ ၃.၂ ရခိုင်နှုန်းရှိတာကိုတွေ့ရပါတယ်။ အဲဒါကြောင့် မို့လို့ သစ်တောပြုန်းတီးမှုဟာ မြန်မြန်ဆန်ဆန်ထိန်းသိမ်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာ ပေါ်လွင် နေပါတယ်။ သစ်တောတွေဟာ လူမျိုး တစ်မျိုးလုံးရဲ့ ကျန်းမာရေးလည်း ဖြစ်ပါတယ်။ နောက် သစ်တော ပြုန်းတီးမှုကို ဆက်ပြီးတော့ ထားလိုက်ရင် အကန့်တစ်ကန့် ရောက်တဲ့အခါမှာ ရေလည်ပတ်မှုဟာ ပြတ်သွားပြီးတော့ ဆိုလိုတာက လုံးဝခြောက်ခမ်းသွားပြီးတော့ မိုးလုံးဝမရွာတော့ဘဲနဲ့ ကန္တရအတိ ဖြစ်သွားတတ်တယ်။ စိုက်ပျိုးလို့မရအောင် ခြောက်ခမ်းတဲ့ Current ဧရိယာတွေ ဖြစ်ကုန်နိုင်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာရှင်များကလည်း နောက် သစ်တောဟာ ကမ္ဘာအဆုတ်လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ လူအတွက်အကျိုးပြုတဲ့ အောက်ဆီဂျင်ဓာတ်ကို ထုတ်ပေးပြီးတော့ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့်မို့လို့ သစ်တောသာ မရှိလျှင် နောင်လာ နောင်သားတွေမှာ ကျန်းကျန်း မာမာနေနိုင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အဲဒီတော့ နိဂုံးချုပ် စောစောက တင်ပြထားတဲ့ အချက်တွေကလည်း တော်တော်ပြည့်စုံပြီဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော် အကြံပေးချင်တဲ့ အချက်တွေကတော့ သဘာဝ အရင်းအမြစ်များ ထုတ်လုပ်မှု၊ သုံးစွဲမှု စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိတဲ့ စွန့်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲဖို့လိုပါတယ်။ သစ်တော ဂေဟစနစ်ကို ပြန်လည် ကောင်းမွန်လာအောင် စီမံရပါမယ်။ သစ်တောများနှင့်သစ်ပင်များကို စနစ်တကျ ပြန်လည် စိုက်ပျိုးရပါမယ်။ ဒီရေတောများ ပြန်လည် စိုက်ပျိုးထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းပြီးတော့ အဆင်‌့မြှင့် သစ်ချောထည်များ တင်ပို့တဲ့ စနစ်ကို ပြောင်းပြီးသုံးသင်‌့ ပါတယ်။ မြို့တိုင်း၊ ရွာတိုင်းမှာ လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ ရရှိအောင် ဆောင်ရွက် ပေးသင့် ပါတယ်။ တစ်ဆက်တည်းမှာ ကျွန်တော်ကိုယ်တွေ့ဖြစ်ရပ်နှင့် ချိန်ပြီးတော့ သစ်တော ထိန်းသိမ်းရေး ကိစ္စမှာ အသုံးတည့် မယ်ထင်တဲ့ စိတ်ကူးတစ်ခုလည်း တင်ပြပါရစေ။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဟာ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးတဲ့ နောက်မှာ အဖွဲ့ချုပ်ရဲ့ နာဂစ်ကယ်ဆယ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ အဖြစ်နဲ့ ဆောင်ရွက်ရင်းနဲ့ နာဂစ်မုန်တိုင်းသင့် ဒေသထဲကို ထည့်ထည့်ဝင်ဝင်နေပြီးတော့ အဲဒီက ဒုက္ခသည်တွေကို ကယ်ရင်း၊ ကူရင်း၊ ထူရင်း၊ မရင်းနဲ့ တော်တော်လေ့လာမိခဲ့ပါတယ်။ အဲဒီမှာ မုန်တိုင်း မကျခင် သဘာဝပပတ်ဝန်းကျင်ပြောင်းလဲလာမှုဖြစ်စဉ်ကို သူတို့ပြောပြချက်အရ အတန်အသင့် လေ့လာမိပါတယ်။ ဖြစ်တာကတော့ ၁၉၇၀ ပြည့်လွန် ၁၉၇၅ ခုနှစ်လောက်က ဖြစ်ပါတယ်။ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ် မုန်တိုင်းသင့်ဒေသတွေမှာပဲဖြစ်ပါတယ်။ ကျေးရွာလူဦးရေတဖြည်းဖြည်း တိုးလာပါတယ်။ နိုင်ငံ့လူဦးရေတိုးသလို ကျေးရွာမှာလည်း လူဦးရေ တိုးလာတာပေါ့။ အိမ်ထောင်စု တစ်စုဟာ သားသမီး ၁၀ ယောက်မွေးတယ်။ လယ် ၁၀ ဧက လုပ်စားတယ်ဆိုရင် သားသမီး ၁၀ ယောက် အရွယ်ရောက်လာတဲ့အခါ လုပ်ကွက်၊ ကိုင်ကွက်ပေးဖို့ မြေမရှိတော့ပါဘူး။ စိုက်ပျိုးမြေက တိုးမလာပါဘူး။ အဲဒီတော့ သားသမီး ၁၀ ယောက်က စိုက်ပျိုးမြေရရှိဖို့အတွက် နေရာသစ်ရှာဖွေကြ ရပါတယ်။ ဒါဖြစ်စဉ်တစ်ခုအစပါ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံဟာ ခုနကပြောသလို ထင်းနှင့် မီးသွေးကိုပဲ အားထား နေရတဲ့ အခါကျတော့ ဒါဟာလည်း ဖြစ်စဉ်တစ်ခုရဲ့အစပါ။ အဲဒီနှစ်ခု သွားတိုက် ဆိုင်မိတဲ့အခါကျတော့ ‌မြေယာလိုချင်နေတဲ့ ခုနက လယ်သမားအသစ်တွေက မိသားစုတွေဟာ ကျွန်တော်တို့ ကြိုးဝိုင်းသစ်တောလို့ ခေါ်တဲ့ မုတ်သုန် သစ်တောထဲကို ဝင်ပြီးတော့ တောခုတ်ပါတယ်။ အဲဒီ မုတ်သုန်သစ်တောဟာ မြစ်ကမ်းနံဘေးမှာ ကြိုးဝိုင်းသစ်တောလို့ ဆိုင်းဘုတ်ကပ်ထားပေမယ့်လို့ အထဲထဲဝင်ကြည့်လိုက်ရင်တော့ ဧက ၂၀၀၀၀၊ ၃၀၀၀၀ လောက်ဟာ ရွာကြီး၊ ပြည်ကြီးတွေ တည်ပြီးတော့ တကယ့်လယ်မြေတွေဖြစ်နေပါတယ်။ အဲဒီမှာ အခြေကျနေတဲ့ သူတွေဟာ စောစောက ပြောင်းသွားတဲ့ လယ်သမားအသစ်တွေဖြစ်ပါတယ်။ ဒါဖြစ်ရင် အဲဒါတွေသူတို့နဲ့ အဆင်ပြေနေတယ်။ ရန်ကုန်တို့ ဘာတို့မှာတော့ ထင်းတွေက တဖြည်းဖြည်း အလုံးကြီးကြီးထင်းကနေ လက်ကောက်ဝတ် လောက်သေးပြီးထင်းတွေထွက်လာတယ်။ ဒီထင်းတွေကလည်း လောင်စာ လိုအပ်တဲ့ နယ်တွေအထိ ပို့နေတာပါ။ အဲဒီတော့ ဒါတွေဟာ သက်ဆိုင်က မသိဘူးလားလို့ မေးတော့ သက်ဆိုင်ရာကလည်း သိပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီအချိန်မှာ သက်ဆိုင်က ဖြစ်နေတာက သူတို့အပူကပ်နေတာက အဲဒီတုန်းက တာဝန်ကျေစပါး ဖလားဆုကြီးရဖို့အတွက် မြို့နယ်က ခေါင်းဆောင်တွေကလည်း သူတို့မှာ အဲဒီအပူက ကပ်နေပါတယ်။ အဲဒီတော့ သူတို့ဟာ ဒါတွေဟာ တောမဟုတ်တော့ဘူး။ လယ်တွေ ဖြစ်သွားပြီဆိုပြီး သူတို့ကလည်းမပြောပါဘူး။ ဘာပြုလို့တုန်းဆိုတော့ အဲဒီလယ်တွေအတွက်က စပါးက တာဝန်ကျေအတွက် အပိုစပါးဆောင်းပြီးသားလိုဖြစ်နေတယ်။ စာရင်းထဲမပါဘူး။ စပါးကတော့ ဝယ်ထားတယ်။ အဲဒီလိုနဲ့ပဲ အဲဒီ အပြိုင်အဆိုင် ဖြစ်စဉ်ကြီးဟာ နောက်ဆုံး နာဂစ်ဖြစ်တဲ့အထိ တရွေ့ရွေ့နဲ့ မျောပြီးတော့ ဧရာမ တောကြီးတွေဟာ လယ်ကွင်းတွေ ဖြစ်ကုန်ပါတယ်။ ဒါကို သတိမထားမိကြပါဘူး။ အဲဒီမှာနေတဲ့ လယ်သမားကြီးတွေက ပြောပါတယ်။ နာဂစ်မဖြစ်ခင် နှစ်နှစ်လောက်က အလွန်ပူပြင်း ပါတယ်။ သစ်တောတွေ ပြုန်းတီးကုန်တဲ့ အခါကျတော့ ဘိုကလေးဘက်မှာရှိတဲ့ အင်မတန်နာမည်ကြီးတဲ့ ကျွန်းညိုကြီးတို့၊ မိန်းမလှဆိုတဲ့ သစ်တောတွေဟာ တောပုတ်တွေ ဖြစ်ကုန်တယ်။ ချုံပုတ်တွေဖြစ်ကုန်ပြီ ဆိုတော့ တအားပူပါတယ်။ သူတို့ သတိထား မိပါတယ်။ အရမ်းပူပြင်းတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။ အရမ်းပူပြင်းတယ်ဆိုတဲ့ ကြားထဲကပဲ နှစ်ပေါင်း ၆၀ အတွင်း တစ်ခါမှ သူတို့ မျှော်လင့် မထားတဲ့ အဲဒီ ဒေသသားတွေ မကြုံဘူးတဲ့ ဧရာမပြင်းထန်တဲ့ နာဂစ် မုန်တိုင်းကြီးဟာ သဘာဝအတိုင်း မရွေ့ရှားဘဲနဲ့ အဲဒီ သစ်တောပြုန်းတီးတဲ့ မြစ်ဝကျွန်းပေါ် နာဂစ်မုန်တိုင်းသင့် ဒေသကို ဖျက်ဆီး တိုက်ခတ်သွားတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ သင်ခန်းစာ နှစ်ခုပါ။ ကျွန်တော်တို့ သစ်တော ထိန်းသိမ်းတယ် ဆိုတာဟာ အထူးသဖြင့် အဲဒီ သစ်တောနားမှာနေတဲ့ ကျေးလက် နေပြည်သူတွေရဲ့ အသိ သူတို့နဲ့အတူ လက်တွဲပြီးမလုပ်ဘဲနဲ့ မရနိုင်ဘူးဆိုတာ အသိတစ်ခုပါ။ နောက်တစ်ခုက သစ်တောမခုတ်ရ။ ကြိုးဝိုင်း သစ်တော ဆိုပေမယ့်လို့ ဥပဒေတွေ ဘယ်လိုပဲပြဋ္ဌာန်း၊ ပြဋ္ဌာန်း ကာကွယ်ကာကွယ် ပြည်သူလူထုက အသိတရားနဲ့ မလိုက်လာဘူးဆိုရင် အကျင့်ပျက်မှုတွေ၊ ဥပဒေ ချိုးဖောက်မှုတွေ၊ ဥပဒေကို လက်တစ်လုံးခြား လုပ်မှုတွေသာလျှင် များပြား လာနိုင်ပြီးတော့ ပြည်သူလူထုဘဝ တိုးတက်မလာနိုင် ပါဘူး။ အဲဒီတော့ သစ်တောထိန်းသိမ်းတဲ့နေရာမှာ တစ်ဆက်တည်း စဉ်းစားသင့်တာက ကမ္ဘာမှာလည်း တော်တော်များများ လေ့လာကြည့်တဲ့အခါမှာ ဒီအချက်ကို သွားတွေ့ရပါတယ်။ သစ်တော ပြုန်းတီးတဲ့ အကြောင်း ဟာ သစ်ခုတ်လုပ်မှုနဲ့ စနစ်မကျတာလည်း အခုလည်း ပုံကျနေလို့မဖြစ်ဘူး။ သစ်တော ပြုန်းတီးမှုဟာ လယ်သမားတွေရဲ့ ဘဝ တိုးတက်မှုနှင့်လည်း ဆိုင်နေတယ်။ အဲဒီတော့ လယ်သမား တွေကို သူတို့အပိုင် လယ်‌ွမေကွက်တွေဖန်တီးပေးရမယ်။ အဲဒီလယ်မြေကွက်တွေမှာ တကယ့်ကို သစ်တောကြောင့် ရလာတဲ့ ရာသီဥတုကြောင့် ထွက်ကုန်သီးနှံတွေ အမျိုးမျိုးပိုထွက်နိုင်အောင် သူတို့ရဲ့ ဝင်ငွေတွေကို နည်းလမ်းပေါင်း မြောက်မြားစွာနဲ့ တိုးအောင်လုပ်နိုင်မယ့် ပံ့ပိုးမှုတွေလုပ်ပေးရင် အဲဒီ ကျေးလက်နေ ပြည်သူအများစု ကလည်း သစ်တောတွေကို ဥစ္စာရင်လို ဥစ္စာရင်ခဲ ထိန်းသိမ်းသွားလိမ့် မယ်ဆိုတဲ့ သုံးသပ်ချက် တစ်ခု ထွက်နေပါတယ်။ အဲဒီတော့ အခု ကျွန်တော်တို့နိုင်ငံရဲ့ ဦးသန်းနွယ် အဆိုအတိုင်း သစ်တော ထိန်းသိမ်းရေး ဆောင်ရွက်တဲ့နေရာမှာ အဲဒီလို စဉ်းစား ဆောင်ရွက်ဖို့ သင့်ကြောင်း သစ်တောထိန်းသိမ်းရေး ဆောင်ရွက်ခြင်းဟာ ကျေးလက်နေ ပြည်သူများရဲ့ ဝင်ငွေ တိုးတက်ရေး၊ ဘဝအခြေအနေ မြှင့်တင်ရေးပါ တစ်ဆက် တစ်စပ်တည်းစဉ်းစား ပြီးဆောင်ရွက်ပေးရင်း ပိုကောင်းမယ်လို့ အကြံပေးရင်းနိဂုံးချုပ်အပ်ပါတယ်။