Skip to main content

ဒေါ်မြင့်မြင့်စန်း (ဝါးခယ်မ မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာပါလို့ လေးစားစွာ နှုတ်ခွန်း ဆက်သအပ်ပါတယ်ရှင့်။ ကျွန်မကတော့ ဝါးခယ်မမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ဖြစ်ပါပြီး ဘုတလင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ်ရဲ့ သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြည်လည်ရရှိစေရေးနှင့် သဘာဝသစ်တောကြီးများ စောင့်ရှောက်ရေးအဆိုကို ထောက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်ရှင့်။ ကျွန်မရဲ့အဆိုကို စာဖြင့် ဖတ်ကြား ခွင့်ပြုစေချင်ပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ ကမ္ဘာလောကကြီး၏ သက်ရှိသက်မဲ့ အရာမှန်သမျှဟာ သဘာဝပတ်ဝန်းကျင်က ပေးထားတဲ့ သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းတဲ့လေ၊ ကောင်းမွန်တဲ့ မြေဆီလွှာ၊ မျှတတဲ့ နေအပူရှိန်တို့ကို အမှီပြုနေကြရတာပါ။ ဒါပေမဲ့ အခုတော့ ရေထု၊ လေထုတွေ ညစ်ညမ်း နေသလို မြေဆီလွှာတွေလည်း ပျက်စီးလာနေပါတယ်။ နေအပူချိန်တွေကလည်း ပို၍ပို၍ မြင့်တက်လာနေပါတယ်။ အကြောင်းအရင်း ကို လေ့လာကြည့်တဲ့အခါ မြို့ရွာများက အညစ်အကြေးအမှိုက်သရိုက် တွေ၊ စက်ရုံအလုပ်ရုံတို့က စွန့်ပစ်ပစ္စည်းတွေ၊ ဓါတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးရည်တွေဟာ မြစ်ချောင်များမှာ စီးဆင်းစိမ့်ဝင် နေကြတဲ့အတွက် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသလို ဓါတ်မြေသြဇာ စက်ရုံကထွက်တဲ့ အမိုးနီးယား ဓာတ်ငွေ့၊ ဒန်စက်ရုံ၊ သံမဏိစက်ရုံတို့ကထွက်တဲ့ ဖလိုရင်း ဓာတ်ငွေ့ အထူးသဖြင့် ကျောက်မီးသွေး သတ္တုတွင်းက အများဆုံးထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတေ်ငွ့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ် နေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များလိုရှိရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ နေရောင်ခြည်က အပူကိုစုပ်ယူနိုင်ပါတယ်။ လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် များလာပါက အပူစုပ်ယူမှုများပြီး ကမ္ဘာမြေအပူချိန် တိုးမြင့်စေပါတယ်။ ကမ္ဘာမြေ အပူချိန် မတိုးအောင် သစ်ပင်များက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး ကာကွယ်ပေးထားနိုင်ပေမယ့် အခုတော့ သစ်တောပြုန်းတီးမှု ကြောင့် ကမ္ဘာမြေကြီးဟာ ပို၍ပို၍ ပူနွေးလာခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေကြီး ခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းခဏခဏထန်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ သဘာဝသစ်တောသစ်ပင်တွေဟာ သတ္တဝါတွေကို လေပြင်းမုန်တိုင်းဒဏ် ကလည်း ကာကွယ်ပေးပါတယ်။ မုန်တိုင်းဟာ လေဖိအားနည်း ရပ်ဝန်းဆီ အပြင်းတိုက်ခတ်လာတာပါ။ သစ်တောတွေရှိတဲ့ အရပ်ဟာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ခြင်း မရှိတာမို့ မုန်တိုင်းဝင်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။ နာဂစ်ဘာကြောင့်ဖြစ်ရသလဲ။ ဧရာဝတီတိုင်းသားတွေဟာ ဧရာဝတီမြစ်ဝကျွန်းဒေသ မှာရှိတဲ့ ဒီရေတောများ၊ လမုတောများ၊ ဓနိတောများ၊ ရေဝေရေလဲ စိုက်ခင်းများကို ခုတ်ထွင်ရှင်းလင်း ပြီး လယ်စိုက်ခြင်း၊ ငါးမွေးခြင်း၊ ပုဇွန်မွေးခြင်း စီးပွားရေးတွေလုပ်တဲ့အတွက် အကာအကွယ်မဲ့နေ တဲ့အချိန် မြန်မာနိုင်ငံကုန်းပိုင်းဒေသမှာလည်း သဘာဝသစ်တောတွေ နည်းပါးတဲ့အတွက် လေထု အပူချိန်မြင့်နေချိန် မုန်တိုင်းဖြစ်ပေါ်ခဲ့ရတာပါ။ ဒါကြောင့် ဥတုရာသီတောကိုမှီဆိုတဲ့အတိုင်း ဂေဟစနစ် မျှတဖို့ သစ်ပင်တွေများများ စိုက်ဖို့လိုအပ်ပါတယ်ရှင့်။ သစ်ပင်အမြစ်တွေက မြေကြီးကို အခိုင်အမာ ကုတ်တွယ်ပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပါတယ်။ ဒါပေမယ့် အခုတော့ သစ်တောတွေဟာ ထင်း၊ မီးသွေး၊ လောင်စာဖြစ်သွားခြင်း၊ တောမီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ စည်းကမ်းမဲ့သစ်ခုတ်ခြင်းတို့ ကြောင့် သစ်တော်ပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်ခြင်း၊ မြေဆီလွှာ အာနိသင် ယုတ်လျော့ခြင်းတွေ ဖြစ်လာပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှု ဖျက်ဆီးပါတယ် ရှင့်။ အညာ ဒေသမြင်းခြံမှာ မိုးမရွာလို့ တောင်သူလယ်သမားတွေ ဒုက္ခရောက်သလို တိရစ္ဆာန်တွေကို ကျွေးစရာ အစာတောင်  မရှိတဲ့အဖြစ် နှစ်စဉ်ကြုံနေရခြင်း၊ ပုဂံပတ်ဝန်းကျင်မှာ သဲမြေများ ဖုံးလွှမ်းကျန်ရှိခြင်းဟာ တစ်ချိန်က ကင်းဝန်မင်းကြီးရဲ့ အညာဒေသ သစ်ပင်စိုက်စီမံကိန်းအရ ထန်းပင်စိုက်၊ ထန်းလျက်ချက် တဲ့အတွက် သစ်တောပြုန်းတီးပြီး မြေဆီလွှာယုတ်လျော့ခြင်းတွေ  ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ မြစ်ကိုအခြေပြုပြီး စီးပွားရှာတဲ့ လုပ်ငန်းရှင်တွေက ရွှေ၊ ကျောက်၊ ကျောက်စရစ်၊ သဲစတဲ့ သယံဇာတ ပစ္စည်းတွေ ထုတ်ယူသုံးစွှဲရာမှာ စက်ယန္တရားတှေကို သုံးပြီး အလွန်အကျွံ စည်းကမ်းမဲ့ထုတ်ယူ တဲ့အတွက်ကြောင့် မြေဆီလွှာကို ပျက်စီးစေသလို ပယ်ထုတ်လိုက်တဲ့ မြေတွေက မြစ်ထဲပဲရောက်ရှိတဲ့ အတွက်တော့ မြစ်ကြမ်းပြင် မြင့်တက်လာပြီး မြစ်ကြောင်းတွေ ပြောင်းလဲသွားခြင်း၊ မြေကောခြင်း၊ မြစ်ကောခြင်း တွေ ဖြစ်ပါတယ်။  မြစ်ရေ အရောင်အသွေး ပြောင်းလဲခြင်းတွေလည်း ဖြစ်ပေါ်စေပါတယ် ရှင့်။ အရင်တုန်းက ဧရာဝတီမြစ်ဟာ မိုးတွင်းမှာသာနောက်ကျိပြီး ကျန်တဲ့အချိန်တွေမှာ ကြည်လင်နေ ပါတယ်။ အခုတော့ ဧရာဝတီမြစ်ဟာ တစ်ချိန်လုံး နောက်ကျိနေသလို ချင်းတွင်းမြစ်ရေဟာလည်း အနီရောင်သန်းနေတယ်လို့ သိရပါတယ်ရှင့်။ မြစ်ချောင်းတွေပိတ်ပြီး ဆည်တွေကန်တွေ ဆောက်လုပ် ခြင်းဟာ ရေလုံလောက်မှုရရှိတဲ့ ရေရှားတဲ့ နွေရာသီမှာတောင် လယ်စိုက်ပျိုးရေးနိုင်တဲ့အတွက် လယ်ယာလုပ်သားတွေအတွက် အကျိုးရှိတယ်၊ ရေအားလျှပ်စစ် ထုတ်ယူနိုင်တယ်ဆိုတဲ့ ကောင်းကျိုး တွေရှိသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကြည့်ရင် ဆိုးကျိုးတွေကိုလည်း တွေ့မြင်နေရပါ တယ်ရှင့်။ ဆည်တွေကြောင့် မြစ်ချောင်းရဲ့အထက်ပိုင်း အောက်ပိုင်း ရွေ့ပြောင်းသွားလာမှုကို ဖြတ်တောက် ပိုင်းခြားလိုက်သလို ဖြစ်သွားခြင်း၊ ငါးမျိုးစိပ် တော်တော် များများ မျိုးသုန်းစေခြင်း၊ ဆည်တည်ဆောက်တဲ့ နေရာက သစ်ပင်သစ်တော ပြုန်းကုန်ပြီး ရေစီးရေလာစနစ် ပြောင်းသွားခြင်း၊ သစ်တောပြုန်းလို့ ရေစီးရေလာ ပြောင်းမှုကြောင့် မထင်မှတ်တဲ့နေရာတွေမှာ ရေကြီးရေလွှမ်းမှု ကြုံရခြင်း၊ တစ်ချိုးဒေသကျ မိုးခေါင်ရေရှားခြင်း၊ ဒေသခံလူတွေမှာလည်း နေရာသစ်ရွေ့ပြောင်းရတဲ့ ဒုက္ခ၊ စီးပွာရေး၊ လူမှုရေး ဒုက္ခတွေကြုံရကြောင်း သိရှိရပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ နွေအခါမှာ မြစ်ရေစီးဆင်းမှု လျော့နည်းလာတဲ့အတွက် ပင်လယ်စားငန်ရေ ဝင်ရောက်မှု များလာကြောင်း ကြားသိရပါတယ်။ ဧရာဝတီမြစ်ရေဟာ စားငန်ရေဝင်ရောက်မှုကို မနည်းတွန်းလှန်နေရတာပါ။ ဒါကို မြစ်ဆုံဆည်တည်ဆောက်ခွင့် ပြုခဲ့ရင်  တန်ဖိုးရှိတဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ် မြစ်ချောင်းအားလုံး  ပင်လယ် စားငန်ရေဝင်လာပြီး သီးနှံစိုက်ပျိုးထုတ်လုပ်မှု  ပျက်စီးသွား နိုင်ပါတယ်ရှင့်။ ကမ္ဘာမှာ စားနပ်ရိက္ခာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဧရာဝတီမြစ်နဲ့ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသဟာ နေ့စဉ် ရွှေဥ ဥပေးနေတဲ့  ဘဲငန်းကြီးတွေနဲ့ တူပါတယ်။ နေ့စဉ် ရွှေဥပေးနေတဲ့ ဘဲငန်းကြီးတွေကို ဂရုတစိုက်ရမယ့်အစား လတ်တလော အကျိုးစီးပွား အတွက် ရွှေဘဲငန်းတွေကို သတ် မိသလို  ဖြစ်သွားရင်တော့ မြန်မာနိုင်ငံ ဝမ်းစာဖူလုံရေး ရင်လေးစရာ ဖြစ်ပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ ဆရာဇော်ဂျီ ကလည်း သဘာဝပတ်ဝန်း ကျင်နဲ့ ပတ်သက်ပြီး တောပင်ကို တော်တော်ခုတ်ပါ တောပြုတ်လိမ့်နောက်နောင်၊ တောပြုတ်လို့ တော‌ွပောင်လျှင်၊ မိုးခေါင်တော့မှာပဲ မိုးခေါင်လို့ရေမကြွယ်၊ သဲပင်လယ် ဖြစ်လိမ့်မလွဲ ဆိုတဲ့ သတိပေးကဗျာလေး မှတ်သားလိုက်နာရမှာ ဖြစ်ပါတယ်ရှင့်။ ဒါ့ကြောင့် နိုင်ငံဖွံဖြိုးတိုးတက်မှုအတွက် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ စီမံကိန်း တွေကို ကောင်းကျိုးဆိုးကျိုးဖြစ် အကဲဖြတ်ပြီးမှ သဘာဝမပျက်  တိုးတက်ထွန်းကားမှု နည်းလမ်းတွေ ရှာဖွေသင့်ကြောင်းနဲ့ ဂေဟစနစ်မျှတဖို့ မိုးကောင်းဖို့၊ မြေကောင်းဖို့ သစ်ပင်သစ်တောများ စိုက်ပျိုး ထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် ဘုတလင် မဲဆန္ဒနယ်မှ ဦးသန်းနွယ်ရဲ့ အဆိုကို  လေးလေးနက်နက် ထောက်ခံ ပါကြောင်း တင်ပြရင်း ကျေးဇူးတင်စွာ နိဂုံးချုပ်ပါတယ်ရှင့်။