Skip to main content

ဦးသောင်း (မော်လိုက် မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း

ရိုသေလေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေလို့ ဆုတောင်း ပါတယ်။ ကျွန်တော်ကတော့ မော်လိုက် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်း ဖြစ်ပါတယ်။ ကျွန်တော်‌့အနေနဲ့ ၁၃-၇-၂၀၁၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနွယ်က သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ် မျှတမှုကိုလည်း ပြန်လည်ရရှိစေရေးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်များ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေး အတွက် နိုင်ငံတော်ရှိ အရေးပါသောသစ် တောကြီးများ ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်း များကိုအလေးထား ဆောင်ရွက်သင့်ပါကြောင်း အဆိုကို ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်းတွင်းဝဲယာမှာရှိတဲ့ ပကတိ အခြေအနေများနှင့် ဆက်စပ်ပြီး ဆွေးနွေး ထောက်ခံသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ သစ်တောဂေဟစနစ် ပျောက်ကွယ်ပျက်စီး ဆုံးရှုံးပါက သဘာဝ အန္တရာယ် များ အမျိုးမျိုး ကျရောက်ပြီးတော့မှ လူသားများ ရေဘေးဒုက္ခ အမျိုးမျိုး၊ လေဘေး ဒုက္ခအမျိုးမျိုး၊ သဲမုန်တိုင်းဒုက္ခ အမျိုးမျိုးစတဲ့ ဒုက္ခတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်။ သဘာဝ သစ်တောကြီးများကို ထိန်းသိမ်းခြင်း၊ စောင်‌့ရှောက်ခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ပျိုးထောင်ရန် လူသားတိုင်း လူသားတိုင်းမှာ တာဝန်ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် တာဝန် ကိုယ်စီရှိကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်တဲ့အတွက် စည်းကမ်းရှိဖို့လည်းလိုပါတယ် ဆိုတဲ့အကြောင်းပြောလိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ မှာ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကိုကာကွယ်စောင့်ရှောက်ရမည်ဟု နိုင်ငံသားအားလုံးရဲ့တာဝန်ကို တိတိကျကျ ခိုင်ခိုင်မာမာပြဋ္ဌာန်းထားတာကိုလည်းလေ့လာတွေ့ရှိရပါတယ်။ အဆိုရှင် ဦးသန်းနွယ်ကတော့ ရှေးနှစ်ပေါင်းများစွာက သဘာဝသယံဇာတပစ္စည်းသစ်တောကြီးများကို ဘိုးဘွာဘီဘင်အဆက်ဆက် ကာကွယ်ထိန်းသိမ်းစောင်‌့ရှောက် ကာကွယ်လာကြတဲ့အတွက် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကြီး ပျက်စီးခြင်းမရှိခဲ့ကြောင်း၊ သဘာဝရာသီဥတုပျက်စီးခြင်းနည်းခဲ့ကြောင်း၊ သဘာဝအမွေအနှစ်များ ဖြစ်တဲ့ သဘာဝသစ်တောကြီးများကို မပျက်စီးစေဘဲ ထိန်းသိမ်းစောင်‌့ရှောက် လက်ဆင်‌့ကမ်း အမွေးပေးခဲ့ကြောင်း ဘက်ပေါင်းစုံကနေပြီးတော့မှ အဆိုတင်သွင်းထားပါတယ်။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ဟာ သဘာဝသယံဇာတသစ်တောကြီးများသာမက သဘာဝ သယံဇာတဖြစ်တဲ့ မြေကြီးများကို စည်းကမ်းမဲ့စွာဓာတ်သတ္တုအမျိုးမျိုးရှာဖွေတဲ့အတွက် သဘာဝဂေဟ စနစ်များပျက်စီးနေကြောင်း တွေ့ရှိရပါတယ်။ ဒီကနေ့ဆိုရင် သဘာဝဂေဟစနစ်ပျက်စီးတဲ့အတွက် သဲမုန်တိုင်းကြီးများ၊ လေမုန်တိုင်းကြီးများ၊ မိုးမုန်တိုင်းကြီးများ၊ လေဘေးဒုက္ခများ၊ မိုးသီးမုန်တိုင်း ကြီးများ၊ ဒီလှိုင်းမုန်တိုင်းများ၊ ငလျင်မုန်တိုင်းများ၊ မိုခေါင်းခြင်း၊ မိုးများခြင်းစတဲ့ ဒုက္ခအမျိုးမျိုးကို လူသားတိုင်းကြုံတွေ့နေရတယ်ဆိုတာ လေ့လာ တွေ့ရှိနေရပါတယ်။ အဲ့ဒါကို ဃဂနဏဆန်းစစ် လေ့လာ သုံးသပ်မယ်ဆိုရင် လူများဟာ သဘာဝစနစ်ကို နည်းအမျိုးမျိုးနဲ့ ပျက်စီးအောင်ဆောင်ရွက်နေတဲ့ အတွက် သဘာဝတုန့်ပြန်မှုကို လူတွေပြန်လည်ခံစား ရတယ်ဆိုတာထင်ရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးက သဘာဝသစ်တောကြီးများနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို စည်းကမ်းရှိစွာ ထိန်းသိမ်းစောင့်ရှောက် ပြုစုကြရမှာဖြစ်ပါတယ်။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ သဘာဝ သစ်တောကြီးများမှာ စည်းကမ်းမဲ့စွာခုတ်ထွင်ခဲ့တဲ့အတွက် အမေရိကန်မှာသစ်တောများ ပြုန်းတီးလာတဲ့အတွက် လွင်တီးခေါင်ဖြစ်လာကာ ဆိုးကျိုးများဖြစ်လာပါတယ်။ ရာသီဥတုများဆိုးရွား လာတယ်။ အစိုဓာတ်များခန်းခြောက်ပြီး ရေရှားတဲ့ဒုက္ခ၊ စိုက်ခင်းပျိုးခင်းများပျက်စီးတဲ့ဒုက္ခ၊ မိုးရေထိန်းသိမ်းမှုမရှိတဲ့အတွက် မြစ်ကြီးများတွင်ရေလျှံတဲ့ဒုက္ခ၊ သဲမုန်တိုင်းဒုက္ခ၊ လေမုန်းတိုင်း တိုက်ခတ်တဲ့ဒုက္ခ၊ သဘာဝကပေးတဲ့ဒုက္ခအမျိုးမျိုးကိုခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က အကြီးအကျယ် ဆင်းရဲဒုက္ခ တွေ့ခဲ့ကြရတယ်ဆိုတာကို လေ့လာသိရှိရပါတယ်။ အဲ့ဒါကို ရာသီဥတုပြန်လည်ကောင်းရန်အတွက် သဘာဝသစ်တော်များကိုပြန်လည်စိုက်ပျိုးထိန်းသိမ်းလာခဲ့ကြ ပါတယ်။ ၁၈၇၂ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ နီးဗားစကားပြည်နယ် စိုက်ပျိုးရေးဝန်ကြီးက မစ္စတာ လီမော်တန်က ကမ္ဘာသစ်ပင်များနေ့ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပန်းပင်များနေ့ဆိုပြီးတော့ သတ်မှတ်ပြီးတော့မှ အားလုံးပါဝင်ပြီး သစ်တောများကို ပြန်လည်ပြုစုပျိုးထောင်ခဲ့ပါတယ်။ ကုလသမဂ္ဂကြီးကလည်း အဖွဲ့ဝင်နိုင်ငံများကို ကမ္ဘာ့သစ်ပင်စိုက်ပျိုးနေ့အဖြစ် မိမိတို့နိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ရာသီနှင့်ကိုက်ညီတဲ့ သင်‌့ရာဒေသအလိုက်သစ်ပင်များကို ပြန်လည် စိုက်ပျိုးစေခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ မက္ကဆီကိုပြည်နယ်မှာ သစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်းပဲ ၇-၆-၁၉၅၄ ခုနှစ်ကစပြီး လူထုအားလုံးပါဝင်စေပြီး သစ်ပင် ၁၀၀၀၀၀ ကျော်နှင့် သစ်စေ့မျိုးစုံ ၃၀၀၀၀၀ သိန်းကျော်ကို နှစ်စဉ်နှစ်တိုင်းစိုက်ပျိုးခဲ့ကြပါတယ်။ ၁၄-၆-၁၉၇၂ ရက်နေ့မှာ သစ်ပင်ပွဲတော်ဆိုပြီးတော့ ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ နောက် ၁၉၇၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ မြန်မာပြည်ဟာဆိုလို့ရှိရင် သစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် သတ်မှတ်ကျင်းပစိုက်ပျိုးစေခဲ့ပါ တယ်။ အကယ်၍သာ နှစ်စဉ်နှစ်တိုင်းစိုက်သမျှသစ်ပင်တွေဟာ ကြီးထွားရှင်သန်လာမယ်ဆိုရင် ဒီကနေ့ အမေဇုန်မြစ်ဝှမ်းလို နေပျောက်မထိုးတဲ့ နိုင်ငံဖြစ်လာပြီလို့ယူဆရမှာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်စဉ်နှစ်တိုင်းသစ်ပင်တော့စိုက်တယ်။ ရှင်သန်မှုရှိ၊ မရှိ မြန်မာနိုင်ငံမှာ ပြန်လည်ကြီးကြပ်တဲ့ အလေ့ မရှိပါဘူး။ မိုးမှာစိုက်ပြီး နွေမှာသေကုန်ပါတယ်။ အချိန်လည်းကုန်တယ်။ လူလည်းအကျိုးမရှိဘူး။ ငွေကုန်ကြေးကျများပြီး အချည်းအနှီးဖြစ်ခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင် ဦးသန်းနွယ်က သဘာဝသယံဇာတ သစ်တောကြီးများကို စည်းကမ်းမဲ့စွာ ခုတ်ထွင်ခဲ့တဲ့အတွက် သဘာဝသစ်တောပြုန်းတီးခဲ့တာကို ကိန်းဂဏာန်းနှင့် တကွ တိကျစွာအဆိုကို ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အကျယ်အဝန်းဟာ ၁၆၈.၁၈ သန်းရှိပါတယ်။ ၁၉၈၉ ခုနှစ်မှစပြီး ၂၀၀၅ ခုနှစ်အတွင်း သစ်တောသယံဇာတစစ်ဆေးချက်အရ သစ်တောဖုန်းလွှမ်းမှုဧရိယာဟာ ဆိုလို့ရှိရင် ၈၄.၉ သန်းဧက သစ်တောထူထပ်မှုအနေအထားက သန်း ၆၀ ဧကရှိပါတယ်။ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာဆိုလို့ရှိရင် သစ်တောဧကဟာ သန်း ၄၀ သာရှိပါတော့တယ်။ သစ်တောဖုန်းလွှမ်း မှုဧရိယာကလည်း ၄၇ ရာခိုင်နှုန်းသာရှိပါတော့တယ်။ မြန်မာနိုင်ငံရဲ့ ၂၄ ရာခိုင်နှုန်းသာရှိတယ်ဆိုတာ ကိုအဆိုရှင်က တိတိကျကျဆိုထားပါတယ်။ ဒီကနေ့ သစ်ခုတ်ခြင်း၊ သစ်ထုတ်ခြင်းထက် သစ်ပင်စိုက်ပျိုး ခြင်းက အလွန်အားနည်းနေတာတွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ သစ်ပင်ခုတ်သမျှကို ပြန်လည်စိုက်နိုင်မှု မရှိခဲ့ဘူး။ ပြန်လည်စိုက်ပျိုးမှုအားနည်းခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဒီကိန်းဂဏာန်းတွေကို လေ့လာသုံးသပ်မယ်ဆိုရင် သဘာဝသယံဇာတသစ်တောကြီးများဟာ ပျက်စီး ပြုန်းတီးကာ သဘာဝ ဂေဟစနစ်များ ပျက်စီးချို့ယွင်းနေပြီဆိုတာလေ့လာတွေ့ရှိရပါတယ်။ ၁၉၈၉ ခုနှစ်မှာ သစ်တောဧရိယာ ၈၄.၉ သန်းရှိတယ်။ ၂၀၀၈ မှာဆိုလို့ရှိရင် သစ်တောဧရိယာ ၄၀ သန်းသာ ရှိတယ်ဆိုတော့ ဒီကနေ့ သစ်တောဖုန်းလွှမ်းမှုဟာ ထက်ဝက်ကျော်ဂေဟစနစ်ပျက်စီးသွားပြီ။ တစ်နည်း အားဖြင့်ပြောမယ်ဆိုလို့ရှိရင် သစ်တောပြုန်းတီးသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ ချင်းတွင်းမြစ်အထက်ပိုင်းမှာ မင်းကင်းမြို့နယ်မှ ဟုမ္မလင်းအထိအကြားမှာ သဘာဝ သစ်တောများဟာ စည်းကမ်းမဲ့စွာခုတ်ခြင်း၊ ခွင့်ပြုမိန့်နှင့်ခုတ်ခြင်းကြောင့် သဘာဝဂေဟစနစ်ကြီး ပျက်စီးပြုန်းတီးလာကာ သဘာဝဂေဟစနစ်များ ပျက်စီးလာတာကိုလည်း တင်ပြဆွေးနွေးသွားလို ပါတယ်။ ကျွန်တော်တို့ အထက်ချင်းတွင်းမှာဆိုရင် သစ်တော ပြုန်းတီးရခြင်းမှာခွင့်ပြုမိန့်နဲ့ အလွန်အမင်းသစ်ခုတ်ခြင်း၊ စည်းကမ်းမဲ့နဲ့သစ်ခုတ်ခြင်း၊ ခိုးခုတ်ခြင်း၊ သစ်မွေးရလိုတဲ့အတွက် သစ်ပင် များကိုခုတ်ခြင်း၊ သစ်ခွမျိုးစုံရလိုတဲ့အတွက် သစ်ပင်များကိုခုတ်ခြင်း၊ တောက်တက်ရလိုတဲ့အတွက် သစ်ပင်များကိုခုတ်ခြင်း၊ မီးသွေးဖုတ်ရန်အတွက် သစ်ပင်များကိုခုတ်ခြင်း၊ နောက် လှေများဖာထေးတဲ့ ပွေးလျက်ရဖို့တဲ့အတွက် နည်းမျိုးစုံနဲ့ သဘာဝသစ်တောကြီးများကို နည်းမျိုးစုံနဲ့ ဖြုန်းတီးဖျက်ဆီး နေကြတာကိုလေ့လာတွေ့ရှိရပါတယ်။ သစ်တောအတွင်းမှာ သဘာဝ တိရစ္ဆာန်ပေါင်းစုံနေထိုင် ကျက်စားနေတဲ့အတွက် သဘာဝတိရစ္ဆာန်များ၊ မျိုးစိတ်များဟာပျောက်ကွယ်လုမတတ်ဖြစ်သွားပြီဖြစ်ပါ တယ်။ ကျွန်တော်ဟာ ၁၉၆၄ ခုနှစ်၊ သြဂုတ်လထဲမှာ ကနီမြို့နယ်၊ မင်းကင်းမြို့ကနေစတင်ပြီး ဟုမ္မလင်းမြို့အထိ မော်တော်ယာဉ်နဲ့အစုန်အဆန်သွားခဲ့ဖူးပါတယ်။ ချင်းတွင်းမြစ်ရဲ့ဝဲယာဘေးကမ်း တောင်ပေါ်တွေမှာဆိုလို့ရှိရင် ကျွန်းပင်တွေဟာ ဒီကနေ့အချိန်မျိုး၊ ဒီကနေ့အနေအထားမျိုးသြဂုတ်လ မှာဆိုလို့ရှိရင် ဖွေးစွတ်နေပါတယ်။ ဒီကနေ့ သစ်တောကျွန်းပင်များစည်းကမ်းမဲ့စွာခုတ်တဲ့အတွက် ကျွန်းပင်တွေဟာ မတက်နိုင်တဲ့နေရာ၊ ယူလို့မရတဲ့နေရာမှအပ ကျွန်းပင်တွေဟာပြုန်းတီးသွားပြီလို့ လေ့လာတွေ့ရှိရပါတယ်။ မင်းကင်းမြို့ကနေ ဟုမ္မလင်းမြို့အထိ မဟာမြိုင်သစ်တောကြီးဆိုတာ ရှိပါတယ်။ အဲ့ဒီသစ်တောကြီးဟာ ကုန်နိုင်စရာအကြောင်း မရှိဘူးလို့ ဟိုတုန်းက တွေ့မြင်ခဲ့ရပါတယ်။  ဒီကနေ့ဆိုလို့ရှိရင် ကျွန်းလည်းပဲကုန်သလောက်ရှိနေပြီ အင်၊ ကညင်၊ သစ်ရာ၊ အင်ကြင်း၊ ပိတောက်၊ ပျဉ်းကတိုး၊ တမလန်း၊ ထောက်ကြံ့စတဲ့သစ်တွေဟာ ကုမ္ပဏီ ပေါင်း ၁၀၊ ၉ ခုကနေပြီးတော့ တစ်နှစ် ကို တန် ၇၀၀၀၀ မှ ၃၀၀၀၀၀ သိန်းအထိ နှစ်စဉ်နှစ်တိုင်းထုတ်နေတဲ့အတွက် ကျွန်တော်တို့သဘာဝ သစ်တောကြီးဟာ ပြုန်းတီးသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ အဲ့လိုပြုန်းတီးသွားသော်လည်းပဲ ဒီကနေ့ ပြန်လည်စိုက်ပျိုးတဲ့နေရာမှာ လုံးဝမရှိတဲ့အတွက် ကျွန်တော်တို့သစ်တောကြီးဟာ တော်တော်များများ ပြုန်တီးပျက်စီးသွားပြီဖြစ်ပါတယ်။ အဲ့လိုပြုန်းတီးသွားတဲ့အတွက် သဘာဝတောရိုင်းတိရစ္ဆာန်များ လည်းပဲ ခိုအောင်းနေရာ စားကျက်မရှိတဲ့ အတွက် ပြုန်းတီးသွားပြီဖြစ်ပါတယ်။ အဲ့ဒီထဲမှာ တိရစ္ဆာန်တွေ ဟာဆိုလို့ရှိရင် ကျားဝါမျိုးစိတ်လုံးဝ ပျောက်ကွယ်သွားပါပြီ။ တောဆင်များ၊ တောဝက်များ၊ ဥဒေါင်း၊ ကဒေါင်း၊ စိုင်၊ ပြောင်၊ ဆတ်၊ တောကြက်၊ တောရစ်၊ ဝက်ဝံများ၊ သမင်၊ ဒရယ်၊ ဂျီငယ်၊ စိုင်၊ ဆတ်၊ ယုန်၊ သင်းခွေချပ်၊ စပါးကြီး၊ စပါးအုန်း၊ မြွေကြီး၊ ဖြူစတဲ့သတ္တဝါတွေဟာဆိုလို့ရှိရင် ဒီကနေ့ သစ်တော တွေပြုန်းတီးသွားတဲ့အတွက် တိရစ္ဆာန် သားကောင်များလည်း တော်တော်များများ ပြုန်းတီပျက်စီးသွားပြီ ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်။ အဲ့ဒီ မဟာမြိုင်သစ်တောကြီးထဲမှာဆိုလို့ရှိရင် သစ်ပင်ကြီးများဟာ ထိပ်ဝ ၆ ပေ၊ ၇ ပေရှိတဲ့ သစ်ပင်ကြီးတွေဖြစ်ပါတယ်။ အမြင့် အားဖြင်‌့ပြောရမယ်ဆိုလို့ရှိရင် ပေ ၁၅၀ မှ ၂၀၀ အထက်ထိရှိတဲ့ သစ်ပင်ကြီးတွေကိုခုတ်လှဲတာဖြစ်ပါတယ်။ အဲ့သလိုခုတ်လှဲလိုက်တဲ့အခါမှာ ဘေးကသစ်ပင်အနည်းဆုံး ၅၀ မှ ၁၀၀ အထိ သစ်ပင်ကြီးရဲ့ပိကျမှုကြောင့် ကျိုးကျကျေမွ ပျက်စီးဆုံးရှုံး မှုတွေဖြစ်လာခဲ့ပါတယ်။ ဒါတင်မကဘူး။ ဒီသစ်ပင်ကြီးတွေခုတ်တဲ့အခါမှာ ၁၈ ပေခန့်ဖြတ်ဖြတ်ပြီးတော့ မှအပိုင်းပေါင်း ၁ ပိုင်းမှာသည် ၅ ပိုင်း ၆ ပိုင်း ၇ ပိုင်းအထိရရှိပါတယ်။ အဲ့ဒီသစ်များကိုခုတ်ဖို့အတွက် တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဆင်နဲ့ဆွဲဖို့အတွက် နောက်တစ်ခါ Clark , Loader များနဲ့ဆွဲဖို့ အတွက် တုံးရဲ့အောက်မှာခုတဲ့ခံတုံးများအဖြစ် ခုတ်လှဲခြင်းက ဆိုလို့ရှိရင်လည်း သစ်တောများ မြောက်များစွာဆုံးရှုံးခဲ့ရပါတယ်။ ဒါတင် မကပါဘူး။ ဒီသစ်တွေကို တစ်နေရာ ကနေ တစ်နေရာ ၁၈ ပေ သစ်လုံး ၅ လုံး၊ ၇ လုံး၊ ၈ လုံးရှိတဲ့နေရာမှာ တစ်နေရာကနေ တစ်နေရာရွေ့ရတာ၊ ကားတိုက်ဖို့လမ်း ဖောက်တဲ့အခါမှာလည်းပဲ သစ်ပင်ပေါင်းများစွာ၊ ဝါးရုံပင်ပေါင်း မြောက်များစွာ လမ်းဖောက်တဲ့အတွက် ဘူဒိုဇာနဲ့ထိုးပစ်ပြီးတော့မှာ သဘာဝသစ်တောတွေကို ဖျက်ဆီးခြင်းခံနေရပြီ ဖြစ်ပါတယ်။၊ ကျွန်တော် ဟာ ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်မှာ လိုင်စင်နဲ့ကိုယ်တိုင်သစ်ခုတ်တယ်။ ကျွဲတိုက်တယ်။ ဆင်တိုက်၊ သစ်ဖောင်ဖွဲ့၊ သစ်ဖောင်ချလုပ်ငန်းနဲ့ ၂၀၀၄၊ ၂၀၀၉ ခုနှစ်မှာဆိုလို့ရှိရင် ကလေးဝမြို့နယ်၊ ဖောင်းပြင် မြို့နယ်၊ ကသာမြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်၊ အင်းတော်၊ ဗန်းမောက်စတဲ့နယ်တွေ မှာ ကျွန်တော်ကိုယ်တိုင် ကားတိုက်တဲ့လုပ်ငန်းကိုလုပ်ကိုင်ခဲ့ရပါတယ်။ ဒီဟာတွေဟာဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့ လက်တွေ့မြင်ပြီးတော့မှ သိရှိရတဲ့အချက်တွေဖြစ်ပါတယ်။