Skip to main content

ပြည်သူ့လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်းနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မနေ့က အဆိုကိစ္စနှင့်ပတ်သက်ပြီး မိမိ တို့လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ ပြည့်ပြည့်စုံစုံကြားနာပြီးမှသာ အဖြေမှန် သုံးသပ် ဖော်ထုတ်နိုင်မှာ ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ ဒီနေ့လည်း လွှတ်တော်မှာ မေးမြန်းလာတဲ့ မေးခွန်း၊ အဆိုနှင့် ဥပဒေကြမ်း ကိစ္စများနှင့် ပတ်သက်ပြီးတော့ လွှတ်တော်ကို တင်ပြလိုပါတယ်။ မိမိတို့ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ လက်ခံရရှိတဲ့ မေးခွန်းအရေအတွက် စုစုပေါင်း ၈၈၇ ခုဖြစ်ပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းအနေဖြင့် ၅၅၅ ခုရှိတဲ့အနက် အစိုးရရုံးသို့ ပေးပို့ခဲ့တဲ့မေးခွန်း ၄၂၉ ခုရှိပါတယ်။ ယင်းတို့အနက် အသစ်ဖြစ် မေးခွန်း ၁၃၄ ခု၊ ဖြေကြားပြီး မေးခွန်း ၁၅၉ ခု၊ အစိုးရအဖွဲ့ရုံးမှ ပြန်လည် ရရန်ကျန် မေးခွန်း ၁၁၁ ခု၊ လွှတ်တော်မှ ဆောင်ရွက်ရန် ၁ ခုဖြစ်ပါတယ်။ ကြယ်ပွင့်ပြမေးခွန်း အနေဖြင့် မေးခွန်း အရေအတွက် စုစုပေါင်း ၄၄၃ ခုရှိတဲ့အနက် ဖြေကြားချက် ရရှိပြီးမေးခွန်း ၂၆၆ ခုရှိပြီး အဖြေ မရရှိသေးသော မေးခွန်း ၁၅၉ ခုရှိပါတယ်။ ဒီနေရာမှာ မေးတဲ့မေးခွန်း တိုတိုနဲ့ဖြေကြားမှုဟာလည်း တိုတိုပဲ ဖြေလို့ရနိုင်တဲ့ မေးခွန်းများ ပါရှိပါတယ်။ တချို့တချို့သော လွှတ်တော် ကိုယ်စားလှယ်များနှင့် အချို့အချို့သော ပြည်သူများက အသေးအဖွဲ့ မေးခွန်းများကို မေးမြန်းနေခြင်းသည် လွှတ်တော်ရဲ့ တန်ဖိုးရှိသော အချိန်များကို ဖြုန်းတီရာ ရောက်တယ်လို့ ပြောဆို ဆွေးနွေးနေကြတာလည်း ရှိပါတယ်။ ဒီနေ့အတွက် လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မိမိရဲ့ဒေသ၊ မိမိရဲ့ အခြေအနေအရ မိမိ ပတ်ဝန်းကျင်၊ မိမိလွှတ်တော် ဆန္ဒရှင်များရဲ့ ဒေသမှာ အသေးအဖွဲ့လို့ ယူဆသော ကျောင်းကိစ္စ၊ လမ်းကိစ္စ၊ ဆေးရုံကိစ္စကို ထိုဒေသမှာရှိတဲ့ ပြည်သူများကတော့ သူတို့အတွက် ကြီးကြီးမားမား ကိစ္စများလို့ ထင်မှတ် ခံနေတာလည်းရှိပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မိမိ ဒေသမှာရှိတဲ့ ပြည်သူများရဲ့ လိုအပ်ချက်ကို လွှတ်တော်မှာ တင်ပြခြင်းဟာလည်း ဒီနေ့ အတွက်လိုအပ် ချက်တစ်ခု ဖြစ်တယ်ဆိုတာ မိမိတို့အားလုံးက ခံယူထားဖို့လိုပါတယ်။ ဒီလိုမှမတင်ပြဘူးဆိုလို့ရှိရင် မိမိ ဒေသမှာ တကယ်ကို လိုအပ်နေတဲ့ အခက်အခဲဖြစ်နေတဲ့ ကိစ္စများ မတင်ပြတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူတွေကလည်း သတိထားလုပ်ပေးမှာ မဟုတ်ကြောင်း မိမိတို့ ကိုယ်ချင်းစာလက်ခံ နားထောင်ပေးဖို့ လိုပါတယ်။ ဒီလိုပဲ မိမိတို့ဆီမေးတဲ့ မေးခွန်း၊ အဆိုများဟာ လွှတ်တော်ကိုယ်စားလှယ်များ ဒီနေ့သုံးစွဲ နေသလို လွှတ်တော်ဥက္ကဋ္ဌကို မေးမြန်းခြင်း ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီတင်ပြလာတဲ့ မေးခွန်းတွေ၊ အဆိုတွေကို မေးရန် သင့်၊မသင့် ဆုံးဖြတ်ပြီးမှ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်းများကို ဒီနေ့တော့ ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပေးပို့နေခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ မနေ့က အဆိုကိစ္စနှင့် ဒီနေ့မေးတဲ့ မေးခွန်းကိစ္စ ပြန်ပြီး ရှင်းလင်းတင်ပြတာကတော့ မေးမြန်းလာတဲ့ မေးခွန်း၊ တင်သွင်းလာတဲ့ အဆိုတွေဟာ မိမိလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ စိစစ်ပြီး မေးသင့်တယ်၊ အဆိုတင်သွင်း သင့်တယ်ဆိုပြီး သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများကို ပေးပို့ခဲ့ပါတယ်။ ထိုအခါမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများက မေးခွန်းများ ဖြေဆိုရန်အသင့်၊ အဆိုနှင့် ပတ်သက်လို့ ဆွေးနွေးရန် အသင့်ဖြစ်တဲ့ ကိစ္စတွေကိုသာ နေ့စဉ်လွှတ်တော်မှာ ဆောင်ရွက်နေရတဲ့ အစီအစဉ်များမှာ ထည့်သွင်း ဆောင်ရွက် ရခြင်းဖြစ်ပါတယ်။ အသင့် မဖြစ်သေးသော မေးခွန်း၊ အဆိုများအတွက် လွှတ်တော် အစီအစဉ်ထဲမှာ ထည့်သွင်း ဆောင်ရွက်လို့ မရပါဘူး။ ဒါကြောင့်မို့လို့ မေးလာတဲ့ မေးခွန်းဆိုလာတဲ့ အဆိုတွေကို လွှတ်တော်ထဲမှာ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အကျေအလည် ဆွေးနွေး စေချင်ပါတယ်။ တင်ပြလာတဲ့အဆိုကို မနေ့က စကားနဲ့ပြောမယ်ဆိုရင် ဒီမိုကရေစီ အနိုင်ကျင့်မှု ပြုလုပ်ပြီးတော့ မဆွေးနွေး စေရဖြစ်စေခြင်းသည် အဖြေမှန်ကို ရှာဖွေတဲ့နေရာမှာ အားလျော့ပျက်ပြယ် သွားနိုင်ပါတယ်။ ဒီလို ဆောင်ရွက်နေခြင်းဟာ လွှတ်တော်ရဲ့ အချိန်ကို တန်ဖိုးရှိရှိ အသုံးပြုနေသလို နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက် ဆွေးနွေးညှိနှိုင်း တိုင်ပင်ဆောင်ရွက် နေတယ်ဆိုတာကို ကျွန်တော်တို့ ခံယူထားဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် မနေ့က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးမှု အဆိုကိုတင်ပြတဲ့နေရာမှာ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဒီလိုသဘောရပါတယ်။ ပြန်ပြီးတော့ ဆွေးနွေးတဲ့ အခါမှာ နောက်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုရဲ့ ခေါင်းစဉ်၊ အဆိုရဲ့ရည်ရွယ်ချက်ကို ဒီစကားလုံးများ ထပ်ဖြည့်ဆောင်ရွက် ပေးမယ်ဆိုတာ သင့်ပါတယ်လို့ ပြောပါတယ်။ ဒီနေရာမှာ မိမိပြန်ပြီး ရှင်းပြချင်တာက အဲဒီလို ထပြီးတော့ ဆွေးနွေးပေးခြင်းအတွက် မိမိ သဘောမတူတာ မဟုတ်ပါဘူး။ ကန့်ကွက်တာ မဟုတ်ပါဘူး။ မိမိသဘောတူပါတယ်။ လိုလားပါတယ်။ မိမိ စိုးရိမ်တာကဘာလဲ။ တင်ပြလာတဲ့ အဆိုတွေကို ကန့်ကွက် ပယ်ချလိုက်ရင် ကန့်ကွက် ပယ်ချတဲ့ ဘက်က နိုင်သွားလို့ရှိရင် ဒီအဆိုနှင့် ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမှုမပြုနိုင်တော့ဘူး ဆိုရင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်း စေနိုင်သော ကိစ္စရပ်များ မိမိတို့ မသိရှိတဲ့ အတွက် မိမိတို့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန် မကျေပွန်မှာ စိုးတဲ့အတွက် ရှင်းလင်း တင်ပြခြင်း ဖြစ်ခဲ့ပါတယ်။ ဒီအတိုင်းပဲ ပုထုစဉ်ပီပီ အမှားရှိကြမှာပဲ။ အမှားဆိုတဲ့ နေရာမှာလည်း ပညာရှိ သတိ ဖြစ်ခဲ ရှိသလိုပဲ တစ်ခါတစ်ခါ ဒေါသတွေ၊ မောဟတွေ လွှမ်းမိုးလာလို့ ရှိရင်လည်း အမှားတွေဖြစ်ပေါ် လေ့ရှိပါတယ်။ ဒီကိစ္စမျိုးမှာ မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များမှာလည်း ရှိနိုင်တဲ့ ကိစ္စမျိုး ဖြစ်တဲ့အတွက် သည်းခံ စိတ်ထားပြီးတော့ စိတ်ရှည်စွာဖြင့် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလိုတင်ပြခြင်း ဟာ မိမိကိုယ်မိမိ ဆင်ခြင် သုံးသပ်ပြီး တင်ပြခြင်းဖြစ်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် လွှတ်တော်ကိုယ် စားလှယ်များ အနေနဲ့ စိတ်ရှည် သည်းခံပြီး မိမိတို့ရဲ့ ရည်မှန်းချက်၊ မိမိတို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်မယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ မိမိ လွှတ်တော် စတင်ကျင်းပချိန်က တင်ပြခဲ့တဲ့ ဆောင်ရွက်တဲ့နေရာမှာ ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ ဆောင်ရွက်ရ ဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း နိုင်ငံနဲ့ နိုင်ငံသား များအကျိုးစီးပွားအတွက် ဆောင်ရွက်မယ်ဆိုရင် ရဲဝံ့စွာ သတ္တိရှိရှိ ဆက်လက် ဆောင်ရွက်သွားဖို့လို ကြောင်းလည်း တင်ပြလိုပါတယ်။ ဆက်လက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ လက်ခံရရှိတဲ့ အဆို အရေအတွက်ပေါင်း ၁၀၈ ခုရှိကြောင်း တင်ပြလိုပါတယ်။ ၎င်းတို့အနက်မှ အစိုးရ အဖွဲ့ရုံးသို့ပေးပို့ခဲ့တဲ့ အဆို ၉၆ ဦးရှိပြီး ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲအဆို ၂၈ ခု၊ တင်သွင်းရန် အသင့်ဖြစ်တဲ့ အဆို ၁၅ ခုနဲ့ အစိုးရအဖွဲ့ရုံးက ရရန်ကျန်ရှိတဲ့အဆို ၉ ခုရှိပါ တယ်။ တင်သွင်းခဲ့တဲ့အဆိုထဲမှ မေးခွန်းအဖြစ်သို့ ပြောင်းလဲခဲ့သော အဆို ၃၁ ခုရှိပြီး ရုပ်သိမ်းအဆို ၁၄ ခုနှင့် လွှတ်တော်မှ ဆောင်ရွက်ရန်အဆို ၂ ခုဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရင် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာ မပြီးပြတ်ဘဲ ကျန်ရှိနေ သသော ဥပဒေကြမ်း ၈ ခု၊ စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်သို့ စတင် တင်သွင်း လာသော ဥပဒေကြမ်း ၁၁ ခု၊ အမျိုးသား လွှတ်တော်၌ စတင်ဆွေးနွေးပြီးနောက် ပေးပို့လာသော ဥပဒေကြမ်း ၁၂ ခုနှင့် အမျိုးသား လွှတ်တော်သို့ ပြန်လည် ပေးပို့ပြီးသော ဥပဒေကို ပြန်လည်တောင်း ယူ၍ ဆွေးနွေးသော ဥပဒေကြမ်း ၁ ခု၊ စုစုပေါင်း အရေအတွက်အားဖြင့် ဥပဒေကြမ်းပေါင်း ၃၂ ခု ရှိပါတယ်။ အသေးစိတ် ထပ်မံတင်ပြရရင် တတိယပုံမှန် အစည်းအဝေးက ကျန်ရှိသော ဥပဒေကြမ်း ၃ ခုထဲမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ပြီး ၁ ခု၊ ဥပဒေအဖြစ် ထုတ်ပြန်ပြီး ၁ ခု၊ ကိုယ်စားလှယ် များတင်သွင်း၍ မဲခွဲဆုံးဖြတ်ပြီး ဆက်လက် မဆွေးနွေးတော့တဲ့ ဥပဒေကြမ်း ၁ ခု၊ ကိုယ်စားလှယ်က တင်သွင်းပြီး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက တင်သွင်းသော ဥပဒေကြမ်းနှင့် တပေါင်း တည်းဆွေးနွေးရန် ဆောင်ရွက်သော ဥပဒေကြမ်း ၂ ခု၊ ဆက်လက် ဆွေးနွေးခြင်း မပြုဘဲ အသစ်ပြန် လည်ဆွေးနွေးရန် ဆောင်ရွက်နေသော ဥပဒေကြမ်း ၁ ခု၊ ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေး၍ အမျိုးသားလွှတ်တော်သို့ ပေးပို့ထားသော ဥပဒေကြမ်း ၂ ခု၊ အမျိုးသား လွှတ်တော်မှ ပြန်လည် တောင်းယူ၍ ဆွေးနွေးအတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည် ပေးပို့ပြီးသော ဥပဒေကြမ်း ၁ ခုနှင့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန် ဆောင်ရွက်ဆဲ ဥပဒေကြမ်း ၂၃ ခုရှိကြောင်း လွှတ်တော် သို့တင်ပြပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ဒီရက်အထိ လွှတ်တော် အစည်းအဝေး ကျင်းပနိုင်တဲ့ ရက်ပေါင်း ၄၀ ရှိပါတယ်။ မေးခွန်းပေါင်း ၁၆၄ ခု ဖြေနိုင်ခဲ့ပါတယ်၊ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီထဲကမှ ကတိရတဲ့ မေးခွန်းပေါင်း ၅၆ ခုရှိပါတယ်။ ကျန်ရှိတဲ့ ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်း များ လွှတ်တော်သို့ ရောက်ရှိတဲ့အခါမှာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ သိရှိနိုင်ဖို့နဲ့ တချို့ ကြယ်ပွင့်ပြမေးခွန်းများ သည်ပင်လျှင် ကတိ ဖြစ်နိုင်တဲ့ မေးခွန်းများပါရှိ လာနိုင်မှာဖြစ်တဲ့ အတွက် ဒီလိုမေးခွန်း၊ ဒီလိုအဖြေကိုတော့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များထံ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်ပေါ် မူတည်ပြီးတော့ မိမိတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မိမိတို့ မဲဆန္ဒရှင်များ ပြန်လည် သိရှိနိုင်စိမ့်သောငှာ မည်သည့် လွှတ်တော် ကိုယ်စားလှယ်က မည်သည့် မေးခန်းများမေးခဲ့သည် ဆိုတာကိုလည်း မိမိတို့ဘက်က တတ်နိုင်တဲ့ သတင်းမီဒီယာများမှာ ထည့်ပေး ဖို့စီမံထားရှိကြောင်း လွှတ်တော်ကို တင်ပြပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ဒီနေ့တော့ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဒီမှာပဲ ပြီးဆုံးမှာဖြစ်ပါတယ်။ လာမယ့် ပဉ္စမအကြိမ် အစည်းအဝေးကိုတော့ အောက်တိုဘာလ တတိယပတ် အစပိုင်းမှာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။