Skip to main content

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး နဝမနေ့မှတ်တမ်း(၆-၁၁-၂၀၁၂)

ကြယ်ပွင့်ပြထားသည့်မေးခွန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များကဖြေကြားခြင်း

           

ဗမာ့ယဉ်ကျေးမှု မှေးမှိန်ပျောက်ကွယ်၍ ဗမာလူမျိုးပါ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်သည့် အမျိုးသားရေး အန္တရာယ်ကို ဟန့်တားစီမံဆောင်ရွက်ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

          ‌ဒေါက်တာသန်းဝင်း(မြောက်ဥက္ကလာပမဲဆန္ဒနယ်)။              ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်‌ကတော့ မြောက်ဥက္ကလာပမဲဆန္ဒနယ်က ဒေါက်တာသန်းဝင်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်မေးမယ့်မေးခွန်းကတော့ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက် ပြီးတော့ မေးမြန်းမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းပြီးဖြစ်ကြောင်း ပြောကြား၍ သိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ တော်မှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးရှိတဲ့အထဲမှာ တိုင်းရင်းသားလူမျိုးစုများ ဖြစ်ကြတဲ့ ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့ဟာ မိမိတို့ရဲ့ မွန်မြတ်တန်ဖိုးထားအပ်သော ရိုးရာ ယဉ်ကျေးမှုများကို အများအားဖြင့် လေးစားမြတ်နိုးကြတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် တင်ပြလို့ရှိရင် ကရင်တိုင်းရင်းသား အများစုဟာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ကရင်ဒုံးနှင့်တကွ ကရင်ယဉ်ကျေးမှုများကို ကရင်လူငယ်အများစုက ဘယ်လောက်ပဲ ခေတ်မီတယ်၊ ခေတ်ဆန်တယ် ပြောပြော တစ်ဖက်က မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို လေးစားတာကို တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ ရှမ်းတိုင်းရင်းသားလူမျိုးစုများဟာလည်း သူတို့ရဲ့ တိုးအက၊ တိုးနယားအက၊ ကိန္နရီအက၊ ရှမ်းအိုးစည် အစရှိတဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေးစားမြတ်နိုး ခုန်မင်ကြတာ တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ ရခိုင်တိုင်းရင်းသားများမှာဆိုလို့ရှိရင်လည်း ရခိုင်ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ကို ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက်နှင့် ရိုးရာမပျက် ဆင်နွှဲလေ့ရှိကြပါတယ်။ ရခိုင်လူငယ်အများစု ဟာ ရခိုင်ရိုးရာသြင်္ကန်ကို ရန်ကုန်မြို့ သိမ်ဖြူကွင်းမှာ နှစ်စဉ်မပြတ်ကျင်းပကြတဲ့အခါမှာ လောင်းလှေ ကို အလယ်မှာ ထားပြီးတော့ ရခိုင်လူငယ်များက တစ်ဖက်က အမျိုးသား၊ တစ်ဖက်က အမျိုးသမီးများနဲ့ ကျက်သရေရှိစွာ ယဉ်ကျေးမှုကို အားပေးကြတာကို တွေ့ရပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ မြန်မာတိုင်းရင်းသားများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗမာလူမျိုးများ မှာတော့ အများစုဟာ မိမိတို့ရဲ့ ထောင်ချီပြီးရှိတဲ့ ရိုးရာယဉ်ကျေးမှုထက် တိုင်းတစ်ပါးသရုပ်ပျက် ယဉ်ကျေးမှု တေးဂီတတွေ၊ သရုပ်ပျက် Dance  အကများကို သရုပ်ပျက်ဝတ်စားဆင်ယင်မှုများကို မိမိတို့ရဲ့ ယဉ်ကျေးမှု ထက်ပိုပြီးတော့ လေးစားမြတ်နိုးကြတာကို ဝမ်းနည်းစွာ တွေ့မြင်ရပါတယ်။ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက်ပိုင်းမှာလည်းပဲ ဗမာလူငယ်အများစုဟာ သရုပ်ပျက်တေးဂီတများ၊ သရုပ်ပျက် Dance များ၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများနှင့် ရိုင်းစိုင်းသော အမူအကျင့်များ တစ်နေ့တခြား တိုးပွားလာနေတာကို တွေ့ရပါတယ်။ အခုဆိုလို့ရှိရင် ရန်ကုန်မြို့လယ်ခေါင်မှာပင်လျှင် အုပ်စုဖွဲ့ပြီး ကားမောင်းပြိုင်ပွဲများလုပ်ပြီးတော့ အုပ်စုဖွဲ့ပြီးတော့ ရိုက်နှက်ကြတဲ့အထိ ရိုင်းစိုင်းတဲ့အပြုအမူများ တိုးပွားလာတာကို တွေ့ရှိရပါတယ်။ ဗမာလူမျိုးထဲက လူငယ်အများစုဟာ ဒီလိုလွှမ်းမိုးလာတာဟာ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်နှင့် Tv အစီအစဉ်တို့မှာ သရုပ်ပျက်ယဉ်ကျေးမှုများ တစ်နေ့တခြား ထိုးဖောက်လွှမ်းမိုး လာတဲ့ကိစ္စကိုလည်းပဲ ဂျာနယ်များ၊ သတင်းစာများနှင့် တခြားဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းဖြစ်တယ်၊ ခေတ်နှင့်အညီဖြစ်တယ်၊ ခေတ်မီတယ် ဆိုပြီးတော့ စကားလုံးလှလှသုံးစွဲထား ကြသော်လည်း ခေတ်ကိုဖျက်ဆီးပြီးတော့ အမျိုးသားယဉ်ကျေးမှုကို ထိပါးပြီး နိုင်ငံနှင့်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာ ပိုမိုပြီးတော့ တစ်နေ့တခြားကျဆင်းလာလျက်ရှိသည်မှာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်များ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မေးချင်တဲ့မေးခွန်းကတော့ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်သော်လည်း သရုပ်ပျက်ဂီတ၊ သရုပ်ပျက် Dance များ၊ ဟိရိသြတ္တပ္ပနည်းသော ဝတ်စားဆင်ယင်မှုများ၊ ရိုင်းစိုင်းသော အမူအကျင့်များ လျော့ပါးသွားသည်မရှိဘဲနှင့် တစ်နေ့တခြားတိုး၍ တိုး၍ လွှမ်းမိုးလာနေပြီး အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသကဲ့သို့ ဗမာရိုးရာ ယဉ်ကျေးမှုတဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သွားနိုင်သည့် အမျိုးသားရေးအန္တရာယ်ကို မည်ကဲ့သို့ဟန့်တား စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းနှင့် တိုးချဲ့ဖွဲ့စည်းပြီးဖြစ်သော အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်များကို သိရှိလိုပါကြောင်း လေးစားစွာမေးမြန်းအပ်ပါတယ်ခင်ဗျား။

ဦးသန်းဆွေ (ဒုတိယဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာန)။        ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း မေးမြန်းထားတဲ့ သရုပ်ပျက်တေးဂီတ၊ သရုပ်ပျက် Dance များနှင့် ဟိရိသြတ္တပ္ပနည်းသော ဝတ်စား ဆင်ယင်မှုများ တစ်နေ့တခြားတိုး၍ လွှမ်းမိုးလာနေပြီး ဗမာ့ယဉ်ကျေးမှုမှေးမှိန်ကွယ်ပျောက်၍ ဗမာလူမျိုးပါ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်သည့် အမျိုးသားရေးအန္တရာယ်ကို မည်သို့ဟန့်တား စီမံ ဆောင်ရွက်ပေးနိုင်မည်နည်းဆိုတဲ့ မေးမြန်းထားတဲ့ မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားမှာ ဖြစ်ပါ တယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ထိုသို့ ကျင့်သုံးရာမှာ ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်းဖြေလျော့ကာ ပွင့်လင်းတဲ့ လူအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ပြောင်းလဲဖြစ်ပေါ်လာသော ကမ္ဘာပြုဖြစ်စဉ် (Globalization) အရပင် မတူညီသော ယဉ်ကျေးမှုများအချင်းချင်း ထိုးဖောက်စိမ့်ဝင်မှုများ ရှိလာသည့်အတွက် မိမိတို့ ယဉ်ကျေးမှုအတွက် အကျိုးဖြစ်ထွန်းစေသော တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ အကျိုးမဖြစ် ထွန်းသော အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုသို့ဖြစ်ပေါ်စေနိုင်သည့် အဓိက တွန်းအားမှာ သတင်းအချက်အလက်နည်းပညာကို တွင်ကျယ်စွာ အသုံးပြုနိုင်သည့် မီဒီယာပင် ဖြစ်ပါ တယ်။ လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိသော သတင်းအချက်အလက် နည်းပညာခေတ်မှာ ယနေ့ လူငယ်လူရွယ်များဟာ မိမိတို့ရဲ့ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသည့် စိတ်ဓာတ်များ ဖြစ်ထွန်းလာစေရေးအတွက် ညွှန်ကြားပေး စေခိုင်းသော နည်းလမ်းကိုကျင့်သုံးပါက ဖြစ်နိုင်ချေ နည်းပါတယ်။ နှစ်ပေါင်းများစွာကပင် တဖြည်းဖြည်း ပြန့်နှံ့ဝင်ရောက်လာသော ပြည်ပခေတ်ပြိုင်ယဉ်ကျေးမှုကို ကာကွယ်တားဆီးရာမှာ အချိန်ကာလတစ်ခု လိုအပ်သည်သာမက အများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် အသိပညာပေးခြင်း၊ စည်းရုံးခြင်း၊ ဘာသာရေးဖြင့် ထိန်းချုပ်ခြင်း၊ မီဒီယာများဖြင့် ဆွဲဆောင်ခြင်း အစရှိသော နည်းလမ်းများကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါတယ်ခင်ဗျား။ အတွေးအခေါ်ခံယူချက် အမူအကျင့်များကို မူလတန်းအရွယ် အခြေခံမှစတင်ပြီး အလေ့အကျင့်ဖြစ်စေရန် ဆောင်ရွက်တဲ့နည်းလမ်းဖြင့် ကျောင်းသင် ဘာသာရပ်များတွင် ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးရေးဘာသာရပ် ထည့်သွင်းပြီး ဘာသာရေးအဆုံးအမများဖြင့် ထိန်းကျောင်းခြင်း၊ မိဘဆရာသမားများရဲ့ သံယောဇဉ်ဖြင့် နားဝင်လာစေရန် ဖြောင်းဖျသွန်သင်ခြင်း နည်းလမ်းကို ကျင့်သုံးရန် လိုအပ်မှာ ဖြစ်ပါတယ်။ ဒုတိယနည်းလမ်းဖြစ်တဲ့ အသင့် အတင့် အရွယ်ရောက်စပြုသူများ မိမိလမ်းကြောင်းကို မိမိ ရွေးချယ်ခွင့်ရရှိစ လူငယ်လူရွယ်များအတွက်ကတော့ ယင်းတို့နှင့် နီးစပ်ယဉ်ပါးတဲ့ မီဒီယာနည်းလမ်းကို တွင်ကျယ်စွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ကဲ့သို့သော NGO အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုအား များစွာလိုအပ်ပါတယ်။ သိုင်းဝန်းဖွဲ့နွဲ့မှုကို ငြီးငွေ့တဲ့ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ပြီး လိုအပ်ချက်၊ လိုလားချက်များကို ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းစည်းရုံးသည့် နည်းလမ်းကို ကျင့်သုံးရန် လိုအပ်မှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှုနှင့်စပ်ဆိုင်သော Original Culture, Modern Culture အစရှိတဲ့ ခေတ် ရေစီးကြောင်းတွင် လတ်တလော ကြုံတွေ့နေရသည့် အကြား၊ အမြင်၊ အယူအဆများကို လူကြီးနှင့် လူငယ်များ၊ ပညာရှင်များနှင့် လူငယ်များ၊ ယင်းတို့က စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူများနှင့် လူငယ်များ အပြန်အလှန်ဆွေးနွေး ထိန်းညှိစေသည့် တွေ့ဆုံဆွေးနွေးပွဲ နည်းလမ်းများဖြင့် ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်ခင်ဗျား။ အခြားတစ်ဖက်ကလည်း စီးပွားရေးအမြင်ဖြင့် မဟုတ်ဘဲ ယဉ်ကျေးမှု ဆိုင်ရာ ကဏ္ဍများကို စဉ်ဆက်မပြတ်စွမ်းဆောင်နိုင်မည့် သတင်းနည်းပညာအချက်အလက် မြင့်မား သော မီဒီယာမဏ္ဍိုင်တစ်ခုကို ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ ထူထောင်ထားနိုင်ရန် လိုအပ်ပါတယ်။ ထိုစွမ်းဆောင်မှုအတွက် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အလွှာ အသီးသီးမှ လူငယ်လူရွယ်များ လက်ခံသော ပညာရှင်များ၏ ပူးပေါင်းပါဝင်မှု အထူးအရေးပါပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ မီဒီယာအများစုကြောင့် ပေါ်ပေါက်လာသော လမ်းလွဲကို မီဒီယာဖြင့် ပြန်လည်တည့်မတ်ခြင်းပဲ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှလည်း မိမိနိုင်ငံနှင့် ယဉ်ကျေးမှုစံနှုန်းများနှင့် မကိုက်ညီတဲ့ ပြည်ပမှ ဝင်ရောက်လာတဲ့ မီဒီယာသွင်းကုန်အချို့၏ လွှမ်းမိုးမှုကို နည်းလမ်းရှာပြီး ထိန်းညှိဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရမည့်ကိစ္စဟာ သိမ်မွေ့ညင်သာစွာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်လို့ တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့၊ တစ်ဌာနတည်းနှင့် ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ မီဒီယာလောကသားများ အပါအဝင် အားလုံး ဝိုင်းဝန်း စဉ်းစားဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်ခင်ဗျား။ နိဂုံးချုပ်အားဖြင့် လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဘဆိုတဲ့စကား အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းကဟူသည့် စကားများနှင့်အညီ အခြေခံ အဆောက်အဦးဖြစ်သော အိမ်နေမိသားစုယဉ်ကျေးမှု၊ ကျောင်းနေစာသင်ခန်း ယဉ်ကျေးမှုများမှ စတင်အခြေပြု ကာ လူမှုပတ်ဝန်းကျင် အဝန်းအဝိုင်းတစ်ခုလုံးကပါ ပါဝင်ထိန်းကျောင်း ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပါဝင်သည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီရဲ့ ရှေ့လုပ်ငန်းစဉ်များကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ မြန်မာနိုင်ငံတွင် ၁၉၆၅-၁၉၆၇ ခုနှစ်အထိ ရန်ကုန်မြို့တွင် ဗိုလ်တစ်ထောင်သတင်းစာ၊ မန္တလေးမြို့တွင် လူထုသတင်းစာစသည့် ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ရခဲ့သည်ဆိုလျှင် မှန်ပါသလား။ တော်လှန်ရေးကောင်စီခေတ်ကပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင် ဥပဒေအရ ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပေးခဲ့သည်ကို ယနေ့ ယင်းဥပဒေတည်ဆဲကာလတွင်ပင် ပြည်ထောင်စု အစိုးရက ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ပြုပါမည်လား။ ထုတ်ဝေခွင့်မပြုပါက အဘယ်ကြောင့်နည်း။

ဦးအောင်ကြည်(ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)။     ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ကျွန်တော် ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော် ကတော့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဖြစ်ပါတယ်။ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မေးတဲ့ မေးခွန်းပထမပိုင်းနှင့်ပတ်သက်ပြီး ဦးစွာပထမ ဖြေကြားသွားမှာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ အာဏာတည်ပြီး ဖြစ်တဲ့ ၁၉၆၅-၁၉၆၇ ကြားကာလအတွင်းမှာ ရှိရင်းစွဲပုဂ္ဂလိကသတင်းစာတစ်ချို့ ဆက်လက်တည်ရှိခဲ့တယ် ဆိုလို့ရှိရင် ဒီဥစ္စာ မှန်ကန်ပါတယ်လို့ ဖြေကြားလိုပါတယ်။ ဖြည့်စွက်ပြီး ဖြေကြားလိုတာကတော့ ဒီဥပဒေအရ ပုဂ္ဂလိကသတင်းစာ အသစ်များကိုတော့ ထုတ်ဝေခွင့်‌ပေးခဲ့ခြင်း မရှိပါကြောင်းလည်း ဖြည်‌့စွက်ပြီးဖော်ပြအပ် ပါတယ်။ ဆက်လက်ပြီးတော့ မေးခွန်းရဲ့ဒုတိယပိုင်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရဟာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ အာဏာတည်ဆဲ ကာလအတွင်းမှာပင်လျှင် လွတ်လပ်သော ပုဂ္ဂလိကသတင်းစာများကိုထုတ်ဝေခွင့်ပြုရန် အစီအစဉ်ရှိပါကြောင်း ဖော်ပြအပ်ပါတယ်။ သို့ရာတွင် ယခုအချိန်အခါဟာ ကျွန်တော်တို့ ၂၁ ရာစုကာလပြောင်းလဲလာတဲ့ မီဒီယာရှုခင်း၊ ရှုကွက်များနှင့် သတင်းပညာ အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက်များအရ လွတ်လပ်သော ပုဂ္ဂလိကသတင်းစာများ ကောင်းစွာ ရှင်သန်ပြီး တာရှည်တည်တံ့ခိုင်မြဲစေမည့် မီဒီယာပတ်ဝန်းကျင် အသစ်တစ်ရပ်ကို သက်ဆိုင်ရာစာနယ်ဇင်း အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့မှ ပြုစုပျိုးထောင် လျက်ရှိကြပါတယ်။ ဒီ မီဒီယာပတ်ဝန်းကျင်ကိုပြုစု ပျိုးထောင်တဲ့နေရာမှာ ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများရေးဆွဲခြင်း၊ ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များသတ်မှတ်ခြင်း၊ ကျင်‌့ဝတ် ဆိုင်ရာစည်းမျဉ်းများ (Code of Ethic) ရေးဆွဲခြင်း၊ ကျင့်ဝတ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ (Code of Conduct) ရေးဆွဲခြင်း၊ သတင်းစာနယ်ဇင်းအဖွဲ့အစည်း ဆိုင်ရာ စံနှုန်းထားများ (Community Standard) ရေးဆွဲခြင်း၊ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များရေးဆွဲခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ ဒီ Institution ဆိုင်ရာဖြည့်ဆည်းမှုတွေ အားလုံး ပြီးပြည့်စုံတဲ့ အထိဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်တိုင်အောင် ထိုက်သင့်သလောက် ပြည့်စုံ လုံလောက်တဲ့ အခြေအနေကိုရောက်ပြီဆိုလို့ရှိရင် လွတ်လပ်သောပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာများကို ထုတ်ဝေခွင့်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေနဲ့ စဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါကြောင်း လေးစား စွာတင်ပြအပ်ပါတယ်ခင်ဗျား။

ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။         ။ ပြည်သူ့လွှတ်တော်နည်းဥပဒေပုဒ်မ ၁၁၆ (ဃ) အရ ဝန်ကြီးရဲ့ဖြေဆိုချက်အပေါ်မှာ ရှင်းလင်းချက်တစ်ခုလိုအပ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိပြီဆိုတာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ရသည်။ မရသည်အပေါ်မှာတည်နေပါတယ်။ အဲ့ဒါကြောင့် ခုနက ဝန်ကြီးဖြေကြားခဲ့တဲ့ အခြေအနေတစ်စုံတစ်ရာဆိုတာ ကာလအားဖြင့်အကြမ်းဖျဉ်း ၂၀၁၃ ခုနှစ် မည်သည့်အချိန်ပိုင်း လောက်မှာ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့် ပေးနိုင်တာကို ခန့်မှန်းဆိုပေမယ့် တိတိကျကျလေး ဖြေပေးပါလို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေတ္တာရပ်ခံအပ်ပါတယ်။

ဦးအောင်ကြည်(ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)။     ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ အခု ကျွန်တော်တို့အနေနဲ့ ဒီ Media Environment  ကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင် နေတဲ့နေရာမှာ Press Council အပါအဝင် ကျန်တဲ့အဖွဲ့အစည်းတွေအားလုံးက ခုနကတုန်းက ကျွန်တော်တင်ပြခဲ့တဲ့ Institution တွေကို ဘယ်လောက်အထိ ဆောလျင်စွာဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့အချက်အပေါ်မှာ အဓိက တည်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့ ဘယ်နေ့ ဘယ်ရက်ဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့အခြေအနေမှာမရှိပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား။

ပဲခူးတိုင်းဒေသကြီးအတွင်း အုတ်တွင်းမြို့နယ် အားကစားကွင်းအားပြုပြင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

 

ဦးညီညီမြင့်(အုတ်တွင်းမဲဆန္ဒနယ်)။             ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်အားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီညီမြင့်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အားကစားဝန်ကြီးဌာနနဲ့ပတ်သက်တဲ့မေးခွန်း မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာဆိုလို့ရှိရင် အားကစားနှင့် ကာယပညာဦးစီးဌာနပိုင်တဲ့ အားကစားကွင်းဟာ ယခုအခါမှာဆိုရင် မြက်ပင်တွေ ထူထပ်ပေါများ နေပြီးတော့ ကျွဲ၊ နွား တိရစ္ဆာတွေကျောင်းတဲ့နေရာအဖြစ်သို့ ရောက်ရှိနေပါတယ်။ ဒါ့အပြင် ပွဲကြည့်စင် ဆိုလို့ရှိရင်လည်း အခင်းတွေပြိုပျက်ခြင်း၊ အမိုးတွေပြိုပျက်ခြင်းတို့ ဖြစ်နေတဲ့အတွက် အားကစားကွင်းဟာ လုံးဝသုံးလို့မရပါဘူး။ ယနေ့ လူငယ်တွေအတွက် အကောင်းဆုံး စည်းရုံးရေး လက်နက် ဖြစ်တဲ့ အားကစားကို ပြုပြင်ပေးဖို့အတွက် ဒီလိုရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်ဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့လို့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် အားကစားကွင်းကို ယခင်ကလည်းတွက်ချက်ပြီးတော့ ပြုပြင်ဖို့အတွက်တင်ပြထားပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဒီအားကစားကွင်းနှင့်ပတ်သက်ပြီးတော့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြုပြင်ပေးရန်အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါကမည်သည့် အချိန်တွင် ပြုပြင်ပေးပါမည်နည်း။ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုတာသိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင် ပါတယ်။

ဦးတင့်ဆန်း(ပြည်ထောင်စုဝန်ကြီး၊ အားကစားဝန်ကြီးဌာန)။           ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီညီမြင့်ရဲ့  ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ မြို့နယ်အားကစားကွင်းအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် ဒေသကြီး ၄ ခုမှာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် အားကစားဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြိုင်ပွဲကျင်းပရန် အချိန်ကာလ ၁၂ လခန့်သာ ကျန်ရှိပါသဖြင့်လက်ရှိ အချိန်မှာလိုအပ်သည့်အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာတည်ဆောက် ခြင်းလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် မြန်မာ့အားကစားအဖွဲ့များအောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကဏ္ဍများတွင်လည်း ငွေကြေး အရင်းအနှီးမြောက်မြားစွာ ကုန်ကျခံပြီးဆောင်ရွက်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် အားကစားကွင်းပြုပြင်ပေးရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၃-၂၀၁၄  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်များမှာ ထည့်သွင်းလျာထားခြင်းမရှိသေးပါကြောင်းနှင့် ၂၀၁၄-၂၀၁၅  ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေထည့်သွင်းလျာထားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါတယ်။ အုတ်တွင်းမြို့နယ် အားကစားကွင်းရှိ မြက်ပင်များ ရှင်းလင်းရေးနှင့် သပ်ရပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင်‌့ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အားကစားကွင်း Inner Fencing ကာရံခြင်းနှင့် လွိုင်လင်ခရိုင် အားကစားကွင်းပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ ၊ မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

           

          ဦးခင်မောင်သီ(လွိုင်လင်မဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊ လွိုင်လင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ အခု ကျွန်တော် ပြည်သူ့လွှတ်တော်သို့တင်သွင်းထားတဲ့ အားကစားနဲ့ဆိုင်တဲ့မေးခွန်းကို မေးမြန်းပါ့မယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရေးအတွက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် အမျိုးသားအားကစား လှုပ်ရှားမှုများကို အဆင့်ဆင့်နှစ်အလိုက်တိုးမြှင့်ဆောင်ရွက်မယ်လို့ အားကစားဝန်ကြီးဌာနရဲ့ ကောင်းမွန်တဲ့ မူဝါဒနှင့် ရည်မှန်းချက်များကို လေ့လာသိရှိရပါကြောင်း ဦးစွာတင်ပြအပ်ပါတယ်ခင်ဗျား။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်နဲ့ လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်မှာ တည်ဆောက်လျက်ရှိတဲ့ ဇမ္ဗူသီရိအားကစားရွာနှင့် ဇမ္ဗူသီရိ Sport Complex တည်ဆောက်ခြင်းလုပ်ငန်းများမှာ မကြာမီအချိန်ကာလ အတွင်းပြီးစီးတော့မှာဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ပြုစုပျိုးထောင် လေ့ကျင့်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြားသိနေရ ပါကြောင်းတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် အားကစားကွင်းမှာလည်း နှစ်စဉ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိရာ အားကစားကွင်းရဲ့ လိုအပ်သည်များကို အားကစားဝါသနာရှင်မိဘပြည်သူများရဲ့ဆန္ဒအရ အောက်ပါမေးခွန်းကိုမေးမြန်း အပ်ပါတယ်။ လွိုင်လင်ခရိုင် အားကစားကွင်း Inner Fencing ကာရံခြင်းနှင့် လွိုင်လင်ခရိုင် အားကစားကွင်းပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် တည်ဆောက်ပေးမည်ကို သိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့်မတည်ဆောက် ပေးနိုင်သည်ကိုဖြေကြားပေးပါရန် လေးစားစွာဖြင့် မေးမြန်းအပ်ပါတယ်။

           

          ဦးတင့်ဆန်း(ပြည်ထောင်စုဝန်ကြီး၊ အားကစားဝန်ကြီးဌာန)။    ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အားကစားဆိုင်ရာမေးခွန်းဖြစ်ပါ၍ ကျွန်တော်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပဲ ဆက်လက်ဖြေကြားမှာဖြစ်ပါတယ်ခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၏ လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ခြံစည်းရိုးကာရံခြင်းနှင့် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ၊ မရှိမေးခွန်းနှင့်ပတ်သက်၍ ဖြေကြားမှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေး၊ ငွေဆောင်မြို့ကြီးတွေမှာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် အားကစားဝန်ကြီးဌာနအနေနဲ့ ပြင်ဆင် ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြိုင်ပွဲကျင်းပဖို့အချိန်ကာလ ၁၂ လခန့်သာကျန်ရှိပါသဖြင့် လက်ရှိ အချိန်မှာလိုအပ်တဲ့ အားကစားကွင်း၊ အားကစားရုံများနှင့် အားကစားရွာတည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် မြန်မာ့အားကစားအဖွဲ့များ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကဏ္ဍများတွင်လည်း ငွေကြေးအရင်းအနှီးမြောက်များစွာ အကုန်အကျခံပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင် မြို့နယ် အားကစားကွင်းရဲ့ အတွင်းခြံစည်းရိုးကာရံခြင်းနှင့် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်များမှာ ထည်‌့သွင်းလျာထားခဲ့ခြင်းမရှိသေးပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေထည်‌့သွင်းလျာထားနိုင်ရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျုံပျော်မြို့နယ်၊ ကော့သလိုင်ရေနက်ကွင်းတွင် အောက်ဘက်သို့ သဘာဝအတိုင်း စီးဆင်းနေသောရိုးပေါက် များအား နွေပိတ်၊ မိုးဖွင့် စနစ်စီမံပေးရန် အချို့သောချောင်းပေါက်များအား မိမိတို့ကိုယ်ပိုင် လုပ်အားဖြင့် ‌မြေသားအလုံပိတ်ခွင့်ကို ခွင့်ပြုပေးရန်၊ ရေကြီးနစ်မြုပ်မှုများကာကွယ်ပေးရန် အခြားစီစဉ်ထားရှိမှုများ ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒေါက်တာစိုးသူရ(ကျုံပျော်မဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသူရ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး မှာ ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အဲဒီနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ ကျုံပျော်မြို့နယ် ရေစခန်းတိုက်နယ် မိုးစပါးစိုက်ဧကပေါင်း ၂၉၃၈၀ ရှိတဲ့အနက် လယ်‌မြေဧကပေါင်း ၁၀၀၀၀ ကျော်ရေမြှုပ်ခဲ့ရတဲ့အတွက်ကြောင့် လိုအပ်သလို ဆောင်ရွက်နိုင်ရန် ရေပိုလွှဲတပ်ဆင်ပေးရန်နှင့် အကယ်၍ ရေပိုလွှဲတပ်ဆင်ပေးနိုင်ခြင်းမရှိပါက အခြားသင့်တော်သလို ဆောင်ရွက်ပေးပါရန် တင်ပြခဲ့ရာ လယ်ယာစိုက်ပျိုး ရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာနမှ မြေသားတမံဖို့ခြင်းလုပ်ငန်းနှင့် ကြုံခရင်ချောင်းအား ရေစီးရေလာကောင်းစေ ရန် ဆောင်ရွက်ပေးခဲ့ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုနှစ်ဇူလိုင်လ နှင့် သြဂုတ်လများမှာ မိုးကြီးမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အတော်များများ ရေကြီးနစ်မြုပ် ခံခဲ့ကြရပါတယ်။ ကျုံပျော်မြို့နယ်တွင်လည်း မိုးစပါးစိုက်ဧကပေါင်း ၁၁၅၃၅၀ ဧက ရှိတဲ့အနက် ၂၈၃၆၅ ဧက ရေကြီးနစ်မြုပ်ခံခဲ့ရပါတယ်။ ၎င်းအထဲမှာ ဧကထက်ဝက်ခန့်မှာ ရေစခန်းတိုက်နယ်၊ ကော့သလိုင်ရေနက်ကွင်း ဒေသများဖြစ်တဲ့ မန်းစက္ကူ၊ ကျုံတနီး၊ အိတ်ကတွတ်၊ ဘောဇုပ်၊ ဓ‌နော်၊ ဆင်ခေါင်း၊ ဓနိတ်၊ ဆင်မြူးကွင်း၊ သစ်ဖြူ ကွင်း၊ ကွင်းရာကွင်းကျောက်၊ အိုင်ကြီး၊ ကျွဲသလင်းစတဲ့ ကျေးရွာများမှ လယ်‌မြေများ အများဆုံးပါဝင်သွား ပါတယ်။ ၎င်းဒေသ ၁၃ ခု အုပ်စုမှ လယ်သမားများဟာ လယ်‌မြေများသာမက ရွာများပါနစ်မြုပ်ခံခဲ့ရတဲ့အတွက် ကျောင်းများပိတ်ထားရခြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်စတဲ့ တိရိစ္ဆာန်များ သေကြေပျက်စီးခြင်းများ လူမှုဒုက္ခ အပေါင်း ကြုံတွေ့ခဲ့ရပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အမြင့်ပိုင်းဒေသများ ဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူစတဲ့ ဒေသများမှရေများဟာ နတ်မော်ချောင်း၊ ပန်းတရားချောင်း၊ နှဲကြိုးပေါကပ် ချောင်းများမှတစ်ဆင့် ကျုံအိတ်ပေါက်သို့ စီးဝင်ပြီး ၎င်းမှတစ်ဆင့် မြစ်ကဒံဆည်ကြီးထဲသို့ ပျံ့နှံ့ဝင်ရောက်ကာ အဓိကအားဖြင့် ကျုံတနီးချောင်းမကြီးထဲသို့ စီးဝင်ပါတယ်။ အဲဒီကနေပြီးတော့ ဗောဓိချောင်းနဲ့ ကော့သလိုင် ချောင်းထဲကို တစ်ဖန်ဆက်လက်ပြီးတော့ စီးဝင်ပါတယ်။ အဲဒီတော့ ဗောဓိချောင်းရဲ့ ရေစီးရေလာနဲ့ပတ်သက် လို့ ကျွန်တော်တို့ ဆင်းပြီးကြည့်လိုက်တဲ့အခါမှာ ဗောဓိချောင်းတစ်လျှောက်မှာရှိတဲ့ သဘာဝရိုးပေါင်များနဲ့ ရေတံခါးများကို ပိတ်ထားတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် တယောဂနက်ရိုးပေါက်ကို မြေသားများနဲ့ အလုံပိတ်ထားတာကို တွေ့ရပါတယ်။ နောက် ရေးယိုရိုးပေါက်ကိုလည်း ‌မြေသားများနဲ့အလုံအခြုံပိတ်ထား တာကိုတွေ့ရပါတယ်။ ၎င်းရိုးပေါက်များဟာ ပေ ၁၅ ပေ ၂၀ ရှိတဲ့အတွက် ဖွင့်ထားမယ်ဆိုလို့ရှိရင် ရေထုတ်လုပ် မှုကို အတော်အတန်အထောက်အကူပြုမှာ ဖြစ်ပါတယ်။ မဿမန်ရိုးပေါက်ကို ၃ ပေလောက်ရှိတဲ့ ရေတံခါး တပ်ထားတာ တွေ့ရပါတယ်။ နောက် မဲနစုရိုးပေါက်နဲ့ နှဲကောရိုးပေါက်နှစ်ခုကို ပေါင်းပြီးတော့ ပျဉ်းမနော ရေတံခါးတပ်ထားတာ တွေ့ရှိရပေမယ့်လည်း ငါးထောင်ခြင်း၊ အမှိုက်ဆို့ခြင်းကိစ္စနဲ့ ပိတ်ဆို့နေတာကိုလည်း တွေ့ရပြန်ပါတယ်။ အဆိုးဆုံးမှာကတော့ ကျွန်တော်တို့ ‌ဗောဓိချောင်းမကြီးကို နှဲကောရွာအရောက်မှာ ကန့်လန့် ဖြတ်ပြီးတော့မြေသားအိပ်များနဲ့ အလုံပိတ်ထားတာကို တွေ့ရှိရပါတယ်။ နောက် ဒေါပါးရိုးပေါက်မှာ ရေတံခါး များတပ်ဆင်ထားပေမယ့် အလွန်သေးငယ်နေတာကို တွေ့ရပါတယ်။ မင်းဆယ်ရိုးပေါက်မှာ ရေတံခါးတစ်ခုသာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ အဆုံးပိုင်းမှာဖြစ်တဲ့ ကျွန်တော်တို့ ဗောဓိရေထိန်းတမံကျရင် ဗောဓိ ရေထိန်းတမံပတ်ဝန်းကျင်မှာ ချောင်းပေါက်ကြီးဟာ ပေ ၁၀၀ ခန့်ရှိပေမယ့် ရေထွက်ပေါက်သေးသေး ၃ ပေါက် သာလုပ်ထားတာ တွေ့ရတဲ့အပြင် နှစ်ခုသာ အလုပ်လုပ်ပြီး တစ်ခုဟာ ပိတ်ဆို့နေတာကို တွေ့ရှိရပြန်ပါတယ်။ ကော့သလိုင် ချောင်းမကြီး တစ်လျှောက်ကို ပြန်ပြီးလေ့လာကြည့်တဲ့အခါမှာ သဗြုချောင်းရိုးပေါက်က ထိပ်ဝမှာ ကျယ်ပေမယ့် နောက်ပိုင်းကျင်းတဲ့နေရာမှာ မြေသားနဲ့အလုံပိတ်ထားတာကို တွေ့ရှိရပါတယ်။ နတ်ချောင်း ပေါက်ကို မြေသားများနဲ့ အလုံပိတ်ထားတာကို တွေ့ရပါတယ်။ ဆင်ချောင်းရွာလည် ရိုးပေါက်ဟာလည်း မြေသားများနဲ့အလုံပိတ်ထားတာကို တွေ့ရပါတယ်။ ဆင်ချောင်းရေတံခါး အမှတ်(၁)ကိုလည်း ပိတ်ထားတာကို လည်းတွေ့ရှိရပါတယ်။ ကော့သလိုင်ချောင်းမကြီးရဲ့ အောက်ဆုံးပိုင်းရေထွက်ရန် လမ်းကြောင်းနှစ်ခု ရှိသော် လည်းပဲ တစ်ဖြောင့်တည်းနီးပါးရှိတဲ့ ဂျုန်းဂျုန်းကျလမ်းကြောင်းဖက်ကိုမဆင်းပဲ တစ်ဆစ်ချိုးစီးဆင်းရတဲ့ ကျုံခရင်ချောင်းအတိုင်း စီးဆင်းနေတာကို တွေ့ရပါတယ်။ ဒေသခံ များရဲ့ အဆိုအရ Sea Level ဟာ အင်းမထက် ဂျုန်းဂျုန်းကျဟာ ပိုပြီးတော့ မြင့်နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ သိရှိပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြင်‌့ရာမှာနိမ့်ရာသို့ စီးဆင်းတတ်တဲ့ရေရဲ့ သဘာဝ ကြောင့် အမြင့်ပိုင်းဒေသဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူစတဲ့ ဒေသများမှ ရေများဟာ ကျွန်တော်တို့ ကော့သလိုင်ဒေသမှာ လာပြီးတော့ စုဆုံကြပါတယ်။ ၎င်းရေများ အောက်ပါဒေသများသို့ စီးဆင်းရန် သဘာဝ ချောင်းပေါက်များ အမှန်တကယ် ရှိနေပါတယ်။ သို့သော် ၎င်းချောင်းပေါက်များဟာ မြေသားများဖြင့် အလုံပိတ် ထားခြင်း၊ ရေတံခါးများတပ်ဆင်ပြီး ပိတ်ထားခြင်းများကြောင့် ကော့သလိုင်ဒေသတွင် နှစ်စဉ်ဆက်တိုက် ဆိုသလို ရေကြီးနစ်မြုပ်ခံနေရတာ ယခုအကြိမ်ဆိုရင် သုံးကြိမ်မြောက် ဆိုးဆိုးဝါးဝါးဖြစ်ပေါ်တာကို တွေ့ရှိရ ပါတယ်။ အဆိုးဆုံးမှာ နှဲကောချောင်းမကြီးအား ကန့်လန့်ဖြတ်ပြီးတော့ မြေသားတမံဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်ပါတယ်။ ၎င်းချောင်းမကို မြေသားတမံဖြင့် ပိတ်ဆို့ခြင်းကြောင့် ဓနုဖြူမြို့နယ်မှာရှိတဲ့ လယ်ဧကအတော် များများ ရေနစ်မြုပ်ခံရကြောင်းလည်း ကြားသိရပါတယ်။ ရေကျနောက်စိုက် စိုက်ပျိုးဖို့အတွက် မယင်းစပါးများ အောင်ရေအတွက်ဆိုရင် ၎င်းသဘာဝချောင်းပေါက်များကို နွေမှာပိတ်မိုးဖွင့်စနစ် ကျင်‌့သုံးရန် လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းမှာ (၁) အောက်ဖက်သို့ သဘာဝအတိုင်း စီးဆင်းနေသော ရိုးပေါက်များအား နွေပိတ်၊ မိုးဖွင့်စနစ် စီမံပေးရန် အစီအစဉ် ရှိ၊ မရှိ၊ (၂) ဗောဓိရေထိန်းတံခါးရေထွက်ပေါက်နှင့် အခြားရေတံခါးများအား ရေစီးရေလာကောင်းရေးအတွက် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိ၊ (၃) နှဲကောချောင်းမကြီးအား ကန့်လန့်ဖြတ်ပိတ်ထားသော နှဲကော‌မြေသားတမံကြီးအား ရေစီးရေလာကောင်းမွန် ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိနဲ့ (၄) ကော့သလိုင်ရေနက်ကွင်းအတွင်းသို့ အခြားအထက် ရေများဝင်ရောက်မှုကို အထိုက်အလျောက်တားဆီးရန် အချို့သောချောင်းပေါက်များက မိမိတို့ကိုယ်တိုင် ပိတ်ဆို့တားဆီးလိုကြတဲ့ဟာကို ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနဲ့ (၅) ရေကြီးနစ်မြုပ်မှုများမှ ကာကွယ်ရန် အခြားစီစဉ် ထားရှိမှုများ ရှိ၊ မရှိစတဲ့မေးခွန်းများကို  ဖြေကြားပေးပါရန် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ဒေသခံလယ်သမားများ ကိုယ်စား မေးမြန်းအပ်ပါတယ်ခင်ဗျား။

ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်‌ွမောင်းဝန်ကြီးဌာန)။           ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော် ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသူရရဲ့ ကျုံပျော်၊ ဓနုဖြူ၊ ပန်းတနော် ဆက်စပ်ကွင်းရဲ့ ဖြစ်ပျက်နေမှုအခြေအနေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အ‌ခြေအနေများကို ကျွန်တော် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ ကျုံပျော်၊ ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ် ဆက်စပ်နယ်‌မြေအတွင်းမှာရှိတဲ့ ရေစီးထွက်ရာ ချောင်းပေါက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ သဘာဝအတိုင်း ဖွင့်ဖောက် ပေးခြင်းဖြင့် မိုးရာသီတွင် ကွင်းရေကြီးမှုကို အထိုက်အလျောက် လျှော့နည်းစေနိုင်မည်ဖြစ်သော်လည်း နွေစပါး စိုက်ပျိုးမှုအတွက် အောင်ရေထိန်းရန်ချောင်းပေါက်များကို နှစ်စဉ်ဖွင့်ခြင်း၊ ပိတ်ခြင်း အချိန်မီပြုလုပ်ရမည် ဖြစ်တဲ့ အတွက် ခက်ခဲမှုပေါ်ပေါက်နိုင်ပါကြောင်း ဦးစွာပထမတင်ပြလိုပါတယ်။ ပန်းတနော်မြို့နယ်၊ ဗောဓိရေနက်ကွင်း လယ်ယာ‌မြေဖော်ထုတ်ရေးစီမံကိန်းကာလမှာ ကော့သလိုင်ချောင်းကို စီးဝင်တဲ့ ရိုးပေါက်များကို ပိတ်ဆို့၍ ဗောဓိ အနောက်ကွင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေနှုတ် ပေါက်များ ပိတ်ဆို့သော်လည်း ရေထုတ်နှုတ်နိုင်ရန် ကော့သလိုင်ချောင်းတွင် ဆင်ချောင်းရေတံခါး၊ တော်တလူ ချောင်း မဿမံရိုးတွင် မဿမံရေတံခါး၊ ဇီးပင်ရိုးတွင် ဇီးပင်ရေတံခါးတို့ကိုလည်းကောင်း၊ ဗောဓိချောင်းရေကို မင်းဂရု ပျဉ်းမတော‌မြောင်းနှင့် နှဲကောပျဉ်းမတောမြောင်းတူးဖော်ပေးခြင်းဖြင့်လည်းကောင်း၊ ဒေါဝါးရေတံခါး၊ မင်းဆယ်ရေတံခါးများကိုလည်းကောင်း တည်ဆောက်ပေးခဲ့ပြီး ရေထုတ်နိုင်အောင် စီမံဆောင်ရွက်ခဲ့ပါတယ်။ မိုးကာလတွင် ဗောဓိချောင်းသို့ ပန်းတနော်မြစ်ရေ စီးဝင်မှုမှတားဆီးရန်နှင့် မြစ်ရေကျချိန်မှာ ရေနှုတ်နိုင်ရန် ဗောဓိရေတံခါးကို တည်ဆောက်ပေးခဲ့ပါတယ်။ အထက်ဖော်ပြပါ ရေတံခါးများ တည်ဆောက်ခြင်း၊ ရေနှုတ်‌ မြောင်းများ တူးဖော်ခြင်းတို့ကို ဆောင်ရွက်ထားရှိမှုများကြောင့် ပန်းတနော်မြို့နယ်၊ ဗောဓိအနောက်ကွင်းတွင် မိုးစပါးဧက ၂၀၀၀၀ ၊ ရေကျနောက်စိုက်နှင့် နွေစပါး ဧက ၂၀၀၀၀ စုစုပေါင်းဧက ၄၀၀၀၀ ခန့် စိုက်ပျိုးနိုင်ပြီး ဗောဓိအရှေ့ကွင်းအတွင်း မိုးစပါးဧက ၇၀၀၀ ခန့် ရေကျနောက်စိုက်နွေစပါးစိုက်ဧက ၈၀၀၀ ခန့် စုစုပေါင်း ဧက ၁၅၀၀၀ ခန့်တို့ကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းက ကျိုးပေါက်ခဲ့တဲ့ နှဲကော‌မြေသား တမံကို ပြန်လည်ပိတ်ဆို့ခြင်းမပြုတော့ဘဲ ရေစီးရေလာကောင်းမွန်စေရေးအတွက် အကွီအင်းမှ ဗောဓိချောင်းသို့ ရေနုတ်‌မြောင်းတစ်ခုဖောက်လုပ်ခြင်းကို ယခုပွင့်လင်းရာသီတွင် အချိန်မီဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ပါ ကြောင်း ဖြေကြားအပ်ပါတယ်။ ယခုနှစ် ၂၀၁၂ ခုနှစ်၊ မိုးရာသီ၌ ကျုံပျော်၊ ဓနုဖြူ၊ ပန်းတနော်မြို့နယ်များတွင် ပုံမှန်ထက်ပိုမိုများပြားစွာ မိုးရွာသွန်းခဲ့ခြင်း၊ အဆိုပါဒေသအတွင်းရှိ ချောင်း‌မြောင်းများ ကာလကြာမြင့်၍ တိမ်ကောလာခြင်း၊ စည်းကမ်းစနစ်တကျမဟုတ်သော အင်းလုပ်ငန်းဆိုင်ရာ အတားအဆီးများဆောင်ရွက်ခြင်း စသည်တို့ကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်စေခဲ့ပါတယ်။ သဘာဝချောင်း‌မြောင်းများနှင့် ရေနှုတ်‌မြောင်းများ အတွင်း ရေစီးရေလာအဟန့်အတား ဖြစ်စေသည့် လျောဆည်များ၊ ကျားပိုက်များ၊ ခြုံချ၍ ငါးထောင်ခြင်းများ၊ ယင်းလိပ်ချ၍ ငါးဖမ်းခြင်း များစသည့် အတားအဆီးများကို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်‌မြောင်းဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနတို့ ပါဝင်သည့် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး၍ အဟန့်အတား များကို တူး‌မြောင်းဥပဒေအရ တရားစွဲဆိုခြင်း၊ စစ်ဆေးဖယ်ရှားခြင်းတို့ကို ဆောင်ရွက်လျက်ရှိသဖြင့် ရေကြီးနစ်မြုပ်မှုများ သိသိသာသာ လျော့နည်းကျဆင်းမှုရှိကြောင်း တွေ့ရှိရပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခု ကျွန်တော်တင်ပြတဲ့ ရေကြီးကွင်းနယ်‌မြေကတော့ ဥက္ကဋ္ဌကြီးအနေနဲ့ တော်တော်နှံ့စပ်ထားတဲ့ နယ်‌မြေဖြစ်ပါတယ်။ ကျွန်တော် ဆက်လက်ပြီးတင်ပြပါမယ်။ ကျုံပျော်မြို့နယ်အတွင်းရှိ ရိုးပေါက်များကို နွေဖွင့်၊မိုးပိတ်စနစ် ဆောင်ရွက်ရန်မှာ ရေထိန်းတံခါး‌မြောက်များစွာ ထားရှိထိန်းချုပ်ပေးရမည် ဖြစ်သဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းပမာဏမှာ များစွာကြီးမားမည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အဆိုပါသဘာဝ ရိုးပေါက်များ ကို ဖွင့်/ပိတ်စနစ်ဆောင်ရွက်မည့်အစား ရေစီးရေလာကောင်းမွန်စေရေးအတွက် အောက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်ပေးပါက ပိုမိုအကျိုးရှိမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ (၁) ကတော့ ကော့သလိုင် တာကို ရေထုတ်အားလုံလောက်စွာရှိမယ့် ရေထိန်းတံခါးတည်ဆောက်ပေးခြင်း၊ ဆင်ချောင်းမှ ခရေကန်အထိ ကော့သလိုင်ချောင်းတူးခြင်း၊ အကွီအင်းမှ ဗောဓိချောင်းသို့ ရေနှုတ်မြောင်း ဖောက်ခြင်း၊ ဗောဓိအနောက်ကွင်းရှိ ရေနှုတ်‌မြောင်းများ ပြုပြင်တူးဖော်ခြင်း၊ အင်းမမှ ပသွယ်အထိ ခရေကန်-ကျုံကရင်-မွေးထရံချောင်းတူးဖော်ခြင်း၊ အောင်မင်္ဂလာရိုးမှ ဆောင်ကြာတင်ချောင်းအထိ ချောင်းချဲ့ခြင်း၊ အင်းမမှ တော်ပရိုက်အထိ ချောင်းချဲ့ခြင်း၊ ချောင်းကလေးမှ မရမ်းအထိ ယင်းဖားချောင်းကိုချဲ့ခြင်း၊ ကျုံပတော-ဂရက်ကြီးချောင်းချဲ့ခြင်း စသည့်လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားရှိပါတယ်။ ဗောဓိရေတံခါးနှင့် အခြားရေတံခါးများ၏ ပျက်စီးမှုများကိုလည်း ယခုပွင့်လင်းရာသီတစ်လျှောက် စစ်ဆေးပြုပြင်သွားရန် စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မြေပြင်စူးစမ်းလေ့လာ တိုင်းတာမှု ဆောင်ရွက်ခြင်း၊ လုပ်ငန်းပမာဏ တွက်ချက်ခြင်း၊ ကုန်ကျစရိတ်နှင့်ပံ့ပိုးပစ္စည်းလိုအပ်ချက် စက်ယန္တရားလိုအပ်ချက် တွက်ချက် ခြင်းတို့ကို အချိန်မီဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိသည့်အပေါ်တွင် လုပ်ငန်း အလိုက် ဦးစားပေးအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါတယ်။ ယခုတင်ပြ တဲ့ကွင်းသည် ရေနက်ကွင်း နဲ့ အင်းလုပ်ငန်းဧရိယာဖြစ်၍ လယ်လုပ်ငန်းနှင့် အင်းလုပ်ငန်းရောယှက်နေခြင်း ဖြစ်နေခြင်းကြောင့် ရေရှည်အကျိုးသက်ရောက်မှု ရှိနိုင်စေရန်အတွက် ချောင်း၊ ‌မြောင်းများ ပြုပြင်တူးဖော်ပေး သလို အဆိုပါချောင်း‌မြောင်းများ တိမ်ကောမှုမှာ ကာကွယ်ဖို့လိုပါတယ်။ အကယ်၍ မကာကွယ်နိုင်ဘူးဆိုရင် တော့ ကျွန်တော်တို့ သမင်မွေးရင်း ကျားစားရင်းဆိုသလို ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ချောင်း၊ ‌မြောင်း များကို ပြုပြင်တူးဖော်ပေးသလို ဒေသခံများအနေနဲ့ ဒေသအုပ်ချုပ်သူ တာဝန်ရှိသူများအနေနဲ့ တောင်သူ လယ်သမားများအနေနဲ့ ရေစီးရေလာအဟန့်အတားများကို စဉ်ဆက်မပြတ်လက်တွဲပြီး ကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူး တင်ပါတယ်။

သက်တော်ရေလှောင်တမံ(၂)၏ လိုအပ်လျက်ရှိသော ပင်မရေပေးမြောင်းမကြီးနှင့် မြောင်းလက်တံ များအား ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးသန်းမြင့်(ဝမ်းတွင်းမဲဆန္ဒနယ်)။      ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်ပြည်ထောင်စု အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ဝမ်းတွင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင်‌့ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုးရဲ့ကိုယ်စား မေးမြန်းသွားမှာဖြစ်ပါတယ်။ သက်တော်ရေလှောင်တမံနှင့် ပင်မမြောင်းမကြီးဟာ အလျား ၄ မိုင်၊ အကျယ် ၆ ပေကျယ်ဝန်းပြီးတော့ ၎င်းရေပိုလွှဲပင်မ Main မြောင်းမကြီးဟာ ယခုအခါ သဲနုန်းများထိုင်ခြင်း၊ ရေမြောင်းဘောင်များပျက်စီးနေခြင်း၊ အချို့နေရာများမှာ တောင်ကျရေများထိုးဆင်း ခြင်းကြောင့် ချိုင့်ဝှမ်းများဖြစ်ပေါ်ပြီးတော့ ပျက်စီးနေရပါတယ်။ ရေလှောင်တမံအတွင်းမှာ ရေရရှိသော်လည်း မြောင်းမကြီးနှင့် ခွဲသောက်မြောင်းတို့မှာ ပျက်စီးတိမ်ကောနေတဲ့ကွင်းအမှတ် ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၇၊ ၂၀၁၈ ကွင်းများရှိ လယ်ဧက ၄၀၀ နီးပါးခန့် ကုက္ကိုတန်းအုပ်စု ကုက္ကိုတန်း ရှမ်းရွာရှိ သောက်သုံးရေကန်ကြီး ၂ ကန်ရေ အခဲအခက်များနှင့်ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ သက်တော်ရေလှောင်တမံ (၂) ရဲ့ လိုအပ်လျက် ရှိတဲ့ ပင်မရေပေးမြောင်းမကြီးနှင့် မြောင်းလက်တံများအား ပြုပြင်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့ဘဏ္ဍာရေးနှစ်မှာ ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။

           

ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)။            ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်း ဒေသကြီး၊ သာစည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးရဲ့ သက်တော်ရေလှောင် တမံ(၂)နဲ့ပတ်သက်တဲ့ မေးမြန်းချက်ကို ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ နယ်ရှိ သက်တော်ရေလှောင်တမံ(၂)ကို ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ ရေသောက်ဧရိယာ ၁၆၀၀ ဧကခန့်ကို အကျိုးပြုလျက်ရှိပါတယ်။ တည်ဆောက်ခဲ့သည့် နှစ် ၁၇ နှစ်ခန့်ကြာမြင့်ခဲ့ပြီး မြေသားရေပေးမြောင်း များဖြစ်၍ မူလပုံစံကျ အတိုင်းမရှိတော့ဘဲ ပျက်စီးယိုယွင်းခြင်း၊ ရေးပေးမြောင်းတစ်လျှောက် သဲနုန်းပို့ချခြင်း ကြောင့် တိမ်ကောခြင်းတို့ဖြစ်ပေါ်လျက်ရှိ၍ ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ နှစ်စဉ် ခွဲဝေရရှိသည့် ရန်ပုံငွေဖြင့် ရေပေးမြောင်းများပြုပြင်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် လက်တံ(၃)မြောင်း (ပေတိုင် ၀ မှ ပေတိုင် ၁၅၀၀) ထိပုံစံကျပြုပြင်ခြင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် လက်တံ (၂)မြောင်းပုံစံကျပြုပြင်ခြင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် မြောင်းမကြီးအောက်ပိုင်း (ပေတိုင် ၁၅၃၀၀ မှ ၂၂၀၀၀) ထိအပိုင်းအား တောင်သူများနှင်‌့ ပူးပေါင်း၍ လည်းကောင်း၊ (ပေတိုင် ၂၂၂၀၀ မှ ၂၈၀၀၀) ထိ အပိုင်းအားဌာန အနေဖြင့်လည်းကောင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည့် ရေပေးမြောင်းများ သဲနုန်းတူးဖော်ခြင်းနှင့် ပုံစံကျပြုပြင်ခြင်း လုပ်ငန်းများ၊ သက်တော် ရေလှောင်တမံ(၁)မှ ရေလှောင်တမံ(၂) သို့ဆက်သွယ်မြောင်းပုံစံကျပြုပြင်ခြင်းနှင့် ဆက်သွယ်‌မြောင်းရှိ ရေကျ အဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအပိုင်း အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

         

         

ဦးအေးမောက်၊ မလှိုင်မဲဆန္ဒနယ်က နိုင်ငံတော်အစိုးရ၏ လယ်ဆည်ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဘဏ်မှ မဟုတ်ဘဲ၊ ဗဟိုဘဏ် သို့မဟုတ် ဗဟိုဘဏ်၏ အခြားလက်အောက်ခံ ဘဏ် များ (စိုက်ပျိုးရေး ဘဏ်မှအပ) ပုဂ္ဂလိက ဘဏ်များအပါအဝင်မှ တောင်သူလယ်သမားများအား ပိုင်ဆိုင်မြေယာများကို အာမခံထား၍ နှစ်လတ် ချေးငွေများအား တစ်ဧကလျှင် ကျပ်တစ်သိန်းနှင့် အထက် လယ်ယာမြေအလိုက် ချေးငှားပေးပါရန်နှင့် ချေးငှားရန် အတွက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများမရှိပါက အသစ်ထပ်မံပြဋ္ဌာန်း၍ အမြန်ဆုံးချေးပေးနိုင်ပါရန် အဆို တင်သွင်း ခြင်းနှင့်လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

          ဦးအေးမောက်(မလှိုင်မဲဆန္ဒနယ်)။              ။  လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျား။ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ တောင်သူလယ်သမားများနှင့်ပတ်သက်လို့ ချေးငွေပေးရန်ကိစ္စနှင့် ပတ်သက်လို့ အဆိုတင်သွင်းသွားမှာ ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အများစုဟာ တောင်သူလယ်သမားများ ဖြစ်ကြပါတယ်။ သူတို့ တစ်တွေဟာဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ကျေးဇူးရှင်များဆိုရင် လည်းမမှားနိုင်ပါဘူး။ သူတို့တစ်တွေဟာ ကိုလိုနီ ခေတ်မှာလည်း ကိုလိုနီခေတ်မို့လို့ အစိုးရအဆက်ဆက်မှာလည်း အစိုးရအဆက်ဆက်ကာလမို့လို့ ဘယ်သူတွေ ဘယ်လိုပြောင်းပြောင်း သူတို့ကတော့ မပြောင်းလဲပဲ။ သူတို့ရဲ့ အဓိကစိုက်ပျိုးရေးထုတ်ကုန်များကို ဒေါင်လိုက် ကျကျ ပြားလိုက်ကျကျ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးနေရတဲ့ ကျေးဇူးရှင်ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ နိုင်ငံတော်သမ္မတကြီးကပင်လျှင် အသိအမှတ်ပြုခဲ့တဲ့ မိဘပြည်သူများဆိုတဲ့ အထဲမှာ ပါဝင်ပါတယ်။ ခုချိန်ခါမှာတော့ မိဘဖြစ်တဲ့သူများဟာ အများအားဖြင့် ဒုက္ခရောက်နေကြပါတယ်။ ဒုက္ခရောက် နေတဲ့ဟာကဆိုရင် တောင်သူလယ်သမားများဟာ သဘာဝဘေးဒဏ် တစ်နည်းအားဖြင်‌့ ရေကြီးမိုးခေါင်းမှုဒဏ်၊ ဒါ့အပြင် လယ်ယာထွက်ကုန်သီးနှံများ ဈေးနှုန်းမတန်တစ်ဆကျဆင်းခြင်းကို အညာအကျေဒေသနှင့် အောက်ပြည်အောက်ရွာတို့မှာ အလူးအလိမ့်ခံစားနေရတာ ကြားသိတွေ့ရှိနေရခြင်းဖြစ်ပါတယ်။ ထို့အတူ မြွေပူရာကင်းမှောက်ဆိုသလို လက်ရှိရယူချေးယူထားတဲ့ ချေးငွေများဟာလည်း ပြန်မဆပ်နိုင်လို့ လယ်သမား များမှာ လုပ်ပိုင်ခွင့်ဆုံးရှုံး၊ လယ်မဲ့ယာမဲ့ ထွန်တုံးထွန်းတန်နှင့်တကွ ကျွဲ၊ နွားများကို ပေါင်နှံရောင်းချကာ အခြေ အနေမဲ့ဘဝကို ရောက်နေတာကိုလည်း ကျွန်တော်တို့တွေ့မြင်ကြားသိနေရပါတယ်။ ဒီနေ့ အဲဒီတော့ တောင်သူ လယ်သမား မိဘပြည်သူများဟာဆိုလို့ရှိရင် သူ့သားသမီးများဖြစ်ကြတဲ့ အစိုးရအဖွဲ့ကြီးကို ဥပဒေပြုရေး ၊ တရားရေး၊ အုပ်ချုပ်ရေးအဖွဲ့များကို မွေးဖွားပေးခဲ့ပါတယ်။ ဒါကြောင့် သားသမီးများဖြစ်ကြတဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအဖွဲ့များဟာ ကိုယ့်မိဘကိုပြန်ကြည့်ဖို့၊ ကျေးဇူးပြုဖို့ တာဝန်ရှိလာ ပါတယ်။ ကျေးဇူးသိတတ်တဲ့ သားသမီးဖြစ်ဖို့လိုအပ်လာပါတယ်။ ဒါကြောင့် အမိအဖနှင့်တူတဲ့ တောင်သူလယ်သမား များဟာသူတို့ရဲ့ ယနေ့တွေ့ကြုံရတဲ့ အခက်အခဲကို ကျွန်တော့်တို့အနေနဲ့ ဝိုင်းဝန်းဖြေရှင်းဖို့လိုပါတယ်။ တစ်နည်းအားဖြင့် တစ်စိတ်တစ်ပိုင်း ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ သားသမီးများ ထဲမှ ကျွန်တော်တို့ တစ်တွေ ကတော့ ဥပဒေပြုရေးဆိုတဲ့အာဏာတိုက်တွန်းနိုင်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဒါကို သက်ဆိုင်ရာလုပ်ကိုင်ပေးနိုင်တဲ့ တရားဥပဒေပြုရေး၊ အစိုးရအုပ်ချုပ်ရေး အဖွဲ့ကို ဒီနေရာမှာ တိုက်တွန်း ပေးခြင်းဖြစ်ပါတယ်။ ဒါမှလည်းပဲ ကျေးဇူးသိတတ်တဲ့ သားသမီးများဖြစ်ပြီးတော့ မိဘကိုကျေးဇူးဆပ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေးဇူးဆပ်ဖို့ဆိုလို့ရှိရင်တော့ ဒီနေ့ ရေတိုနည်း၊ ရေရှည်နည်း ၂ ခုရှိတဲ့အနက် လတ်တလောအားဖြင်‌့တော့ ရေတိုနည်းနဲ့ ကျွန်တော်တို့ဟာ စိုက်ပျိုးရေးဘဏ်မှ ချေးငှားထားတဲ့ ကာလတို နှစ်ချင်းပြန်ဆပ်ရမယ့်စနစ်က အခက်အခဲရှိလာနိုင်တဲ့အတွက် တောင်သူလယ်သမား ဘဝရဲ့ အခက်အခဲများကို အထူးကိစ္စတစ်ရပ်အနေနဲ့ ကူညီဖို့ရာလိုပါတယ်။ ဒီလိုကူညီဖို့ လိုတဲ့အခါမှာ တောင်သူလယ်သမားများကို ဗဟိုဘဏ်သို့မဟုတ် လက်အောက်ခံဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအပါအဝင် ကျွန်တော်တို့ဒီနေ့ လယ်ယာမြေ ဥပဒေတွေ ထွက်ရှိပြီးသားဖြစ်တဲ့အတွက် မြေယာပိုင်ဆိုင်မှုကို အာမခံထားပြီးတော့  ငွေချေးပေးဖို့လိုအပ် လာပါတယ်။ ဒီလိုငွေချေးတဲ့အခါမှာလည်းပဲ နှစ်ချင်းဆပ်တာ မဟုတ်ဘဲ နှစ်တို၊ နှစ်လတ် ချေးငွေများအဖြစ် ၅ နှစ်မှ ၁၀ နှစ်အထိ ချေးပေးမည်ဆိုလို့ရှိရင် တောင်သူ လယ်သမားတွေရဲ့ ဒီနေ့ခံစားနေရတဲ့ ဒုက္ခမှ တစ်စိတ်တစ်ပိုင်းတချို့တစ်ဝက် ကင်းလွတ်နိုင်မယ်လို့ ယူဆတဲ့အတွက် ကျွန်တော်ဒီအဆိုကိုလည်း တင်ပြခြင်းဖြစ်ပါတယ်။ ဒီအဆိုနှင့် ပတ်သက်လို့လည်းပဲ သားသမီးများနှင့်တူတဲ့ အုပ်ချုပ်ရေးအဖွဲ့များဟာ လည်းပဲ မိဘကျေးဇူးကိုသိတတ်သော အနေနဲ့ဆောင်ရွက်ပေးနိုင် လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအဆိုကို ဆောင်ရွက်ခြင်းအားဖြင့်လည်းပဲ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေး အစီအစဉ်ကိုလည်းပဲအကောင် အထည်ဖော်ရာရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားများဟာ လယ်ယာမြေပေါ်ကိုအခြေခံပြီးတော့ လယ်ယာမြေပိုင်ဆိုင်မှုဟာလည်းပဲ မကြာမတင်သောကာလမှာ လုပ်ကိုင်ပေးလျက်ရှိတဲ့အတွက်၊ ဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက် အာမခံထား ပြီးတော့ ဒါကို ဘဏ်များမှာ ကျပ်တစ်သိန်း၊ တစ်သိန်းနှင်‌့အထက်လယ်ယာ မြေပေါ်မူတည်ပြီးတော့ချေးပေးဖို့ ဒီအဆိုတစ်ရပ်ကို တင်သွင်းသွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဗဟိုဘဏ်နှင့် လက်အောက်ခံဘဏ်များကလည်း ပဲ ချေးပေးနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေတို့ကို လိုအပ်ပါကလည်း ဤလွှတ်တော်ကာလ အတွင်းမှာ ပြဋ္ဌာန်းပြင်ဆင်ပြီးတော့ ချေးငှားပေးနိုင်ရေးဟာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးပါ ရန် ကျွန်တော်၏နိုင်ငံတော်အစိုးရ၏ လယ်ဆည်ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဘဏ်မှမဟုတ်ဘဲ၊ ဗဟိုဘဏ် သို့မဟုတ် ဗဟိုဘဏ်၏အခြား လက်အောက်ခံဘဏ်များ (စိုက်ပျိုးရေးဘဏ်မှအပ) ပုဂ္ဂလိကဘဏ်များအပါ အဝင်မှ တောင်သူလယ်သမားများအား ပိုင်ဆိုင်မြေယာများကို အာမခံထား၍ နှစ်လတ်ချေးငွေများအား    တစ်ဧကလျှင် ကျပ်တစ်သိန်းနှင့်အထက် လယ်ယာမြေအလိုက် ချေးငှားပေးပါရန်နှင့် ချေးငှားရန်အတွက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများမရှိပါက အသစ်ထပ်မံပြဋ္ဌာန်း၍ အမြန်ဆုံးချေးပေးနိုင်ပါရန် အဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။

ဦးအေးမောက်၊ မလှိုင်မဲဆန္ဒနယ်၏ အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက  ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း

          ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)။           ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၏အဆိုကို လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေနဲ့ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို စပါးသီးနှံတစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ချေးငွေစုစုပေါင်း ကျပ်သန်းပေါင်း ၄၂၃၂၆၁.၈၁ အား တောင်သူ လယ်သမားများသို့ ထုတ်ချေးဆောင်ရွက်ပေးနိုင်မှု ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေတွင် နိုင်ငံတော်အစိုးရ၏ခွင်‌့ပြုချက်ဖြင့် နွေစပါးသီးနှံအတွက် တစ်ဧလျှင် ကျပ် ၈၀၀၀၀ နှုန်းဖြင့် အချိန်မီ တိုးမြှင့် သတ်မှတ်ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါတယ်။ လိုအပ်သည့် ရန်ပုံငွေပမာဏ ကိုလည်း သက်ဆိုင်ရာဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အား ဈေးကွက်စီးပွားရေးစနစ်ကိုက်ညီစွာ တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေ လိုအပ်ချက်အား ကာလဒေသနှင့်ကိုက်ညီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်ဘဏ်စနစ်မှ ပုဂ္ဂလိကအများပိုင်ဘဏ်အဖြစ်သို့ ဘဏ်များဖွဲ့စည်းတည်ထောင်ပြီး စည်းကမ်းချက်များနှင့်အညီ ညီညွတ်စွာ စနစ်တကျ ပြောင်းလဲဖွဲ့စည်းဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါတယ်။ တောင်သူ လယ်သမားများရဲ့ အရင်းအနှီးလိုအပ်ချက်များကို ဥပဒေနှင့်ညီညွတ်စွာ၊ သွက်လက်လျှင်မြန်စွာ ဖြည့်ဆည်း ပေးနိုင်မည့် ပုဂ္ဂလိကအများပိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြီး မကြာမီကာလတွင် ပေါ်ထွန်းလာတော့မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တတိယပုံမှန်အစည်းအဝေးမှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် လယ်ယာမြေ ဥပဒေကို နိုင်ငံတော်သမ္မတ က ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့၍ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။ လယ်ယာမြေဥပဒေအရ လယ်ယာမြေစီမံခန့်ခွဲရေး နည်းဥပဒေများကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ ၏အတည်ပြုချက်ဖြင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ လယ်ယာမြေဥပဒေပုဒ်မ ၄ အရ လယ်ယာမြေကို လက်ရှိစိုက်ပျိုး လုပ်ကိုင်လျက်ရှိသူများသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ ၅ နှင့် ၆ တို့အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားချက်များကို စိစစ်ပြီး လယ်ယာမြေကိုအသုံးပြုခွင့်ရရှိထားသူအား သက်ဆိုင်ရာခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားရှိပါတယ်။ လယ်ယာမြေဥပဒေ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် တောင်သူလယ်သမားများ လက်ရှိစိုက်ပျိုး လုပ်ကိုင်အသုံးပြုနေသည့် လယ်ယာမြေများအား သားစဉ်မြေးဆက် အဆက်ဆက်တိုင်အောင် လယ်ယာမြေ လုပ်ပိုင်ခွင်‌့ကို ခိုင်မာစွာရရှိပြီး အခွင့်အရေးများ အပြည့်အဝရရှိစေရန် တောင်သူလယ်သမားများက လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားခြင်းအပေါ် ဥပဒေနှင့်အညီစိစစ်၍ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း (Land Use Right Registration) နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ် (Land Use right Certificate) ထုတ်ပေးခြင်းတို့ကိုလည်း ပထမဦးစားပေးလုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်မှတ်ပုံတင်ပြုလုပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၉(ခ) အရ လယ်ယာမြေကိုအားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင် ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်း ခွင့်၊ လဲလှယ်ခွင့်နှင်‌့ ပေးကမ်းခွင့် အခွင်‌့အရေးများကို ရရှိနိုင်မည်ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးရှိ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ လက်ရှိကောက်ယူ ပြုစုရရှိထားသော စာရင်းများအရ စုစုပေါင်း တောင်သူလယ်သမားဦးရေ ၆.၄ သန်း၊ ဦးပိုင်လုပ်ကွက်ပေါင်း ၁၄.၄၈ သန်းနှင့် လက်ရှိလယ်ယာစိုက် ပျိုးမြေဧရိယာ ၂၉.၄၅ ဧကသန်းရှိပါတယ်။ ဦးပိုင်လုပ်ကွက်ပေါင်း ၁၄.၄၈ သန်းအား လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားသည်မှ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးသည်အထိ ပထမဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်း တွင် နည်းဥပဒေအရ သတ်မှတ်ထားသည့် ပုံစံများအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၅၄၆၈ သန်းခန့်ကုန်ကျ မည်ဖြစ်ပြီး ဦးပိုင်လုပ်ကွက်တစ်ခုအတွက် ပျမ်းမျှကုန်ကျစရိတ်မှာ ၃၇၈ ကျပ်ရှိမည်ဖြစ်ပါတယ်။ ဒုတိယ ဦးစားပေးလုပ်ငန်းအဖြစ် လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းများ၊ အမည်ပြောင်း လျှောက်ထားခြင်းများနှင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခြင်းများနှင့် စပ်လျဉ်း၍ အသုံးပြုရမည့် နည်းဥပဒေပါပုံစံများအတွက် ပုံနှိပ်ခခန့်မှန်းကုန်ကျစရိတ်မှာ ကျပ် ၁၈၆၉ သန်းခန့် လိုအပ်မည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေဦးပိုင်လုပ်ကွက်များအားလုံးကို လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများနှင်‌့အညီ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အသုံးပြုရမည့်ပုံစံများပုံနှိပ်ရန် ခန့်မှန်း ကုန်ကျစရိတ်စုစုပေါင်းမှာ ကျပ် ၇၃၃၈ သန်းခန့်ရှိပြီး ဦးပိုင်လုပ်ကွက်တစ်ခုအတွက် ပျမ်းမျှကုန်ကျစရိတ်မှာ ၅၀၇ ကျပ်ရှိမည်ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ အရ သတ်မှတ်ထားသည့် အသုံးပြု ရမည့်ပုံစံများကို စနစ်တကျပုံနှိပ်ရရှိနိုင်ရေးအတွက်၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့်လည်း အသေးစိတ် ဈေးနှုန်းတွက်ချက်ညှိနှိုင်း ဆက်သွယ်ဆောင်ရွက်ထား ရှိပြီးဖြစ်ပါတယ်။ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားသည်မှ လုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းအပါအဝင် အသုံးပြုရမည့်ပုံစံများ ပုံနှိပ်ရန်ကုန်ကျ စရိတ်ကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကြိုတင်ကျခံခွင့်ပြုပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတဦးစီးရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားရှိပြီးဖြစ်ပါတယ်။ ခွင့်ပြုချက်ရရှိသည်နှင့်အမျှ ဆောလျင်စွာ     အကောင်အထည်ဖော်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများကို အဆင့်ဆင့် စနစ်တကျလိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ၁၂-၉-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၂။၂၀၁၂)ဖြင်‌့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပေးထားပြီးဖြစ်၍ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင်‌့ဆင့်တို့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ပါတယ်။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ပထမ အကြိမ်အစည်းအဝေးတွင် လယ်ယာမြေဥပဒေအရ ပထမဆုံး အရေးကြီးဆုံးဆောင်ရွက်ရမည့် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ရေးလုပ်ငန်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားသည်မှ လုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်းအပါအဝင် အသုံးပြုရမည့်ပုံစံများ ပုံနှိပ်ရန်ကုန်ကျငွေအတွက် ကနဦး လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ရာတွင် ဥပဒေအရပေးသွင်းရမည့် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ကြေးအဖြစ် ရာသီသီးနှံစိုက်ပျိုးမြေ တစ်ဧကလျှင် မှတ်ပုံတင်ကြေးငွေ ကျပ် ၅၀၀ နှုန်း နှင့် နှစ်ရှည်ပင် စိုက်ပျိုးမြေတစ်ဧကလျှင် မှတ်ပုံတင်ကြေးငွေ ကျပ် ၁၀၀၀ နှုန်း သတ်မှတ်ပြီး နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစာရင်း သို့ ပေးသွင်းစေရေးအပေါ် ဆွေးနွေးညှိနှိုင်း အကြံပြုတင်ပြထားရှိခဲ့ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ ၅ နှင့် ၆ အရ သတ်မှတ်ချက်များနှင့်အညီ လယ်ယာမြေမှတ်ပုံတင်ကြေး ပေးဆောင်စေရမည့်အပေါ် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ကြေးနှုန်းထားလျာထား သတ်မှတ်ပေးခြင်းမှာ တောင်သူလယ်သမားတစ်ဦး ခြင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ၎င်းတို့၏ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်အခွင့်အရေးများ အစဉ်တစိုက် ခိုင်မာစွာရရှိ နိုင်မည်ဖြစ်ပါတယ်။ နိုင်ငံတော်အနေဖြင့်  နိုင်ငံတော်ဘဏ္ဍာငွေမှ စိုက်ထုတ်ကျခံထားသည့် ပုံစံများအတွက် ကုန်ကျစရိတ်များ ကိုပြန်လည်ရရှိနိုင်မည်ဖြစ်ပါတယ်။ ပြဋ္ဌာန်းထားရှိပြီးဖြစ်သော လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများ အားလုံးအတွက် မိမိတို့ လုပ်ကိုင်ခွင့်ရရှိသည့် လယ်ယာမြေအား လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ပြုလုပ်နိုင်မည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများအနေဖြင့် ဥပဒေနှင့် အညီ ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်း၊ ပေးကမ်း၊ လဲလှယ်ခွင့် အခွင့်အရေးများကို အလျှင်အမြန်ရရှိနိုင်မည် ဖြစ်ပါတယ်။ လယ်ယာမြေဥပဒေနှင့်နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအား တောင်သူလယ်သမားများအပါအဝင် ပြည်သူ လူထုတစ်ရပ်လုံးက သိရှိနားလည်ပြီး ဥပဒေအရပေးထားသည့်အခွင့်အရေးများကို အပြည့်အဝ ခိုင်ခိုင်မာမာ ရရှိစေရန် ဥပဒေနှင်‌့အညီ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးပြည်နယ်အားလုံးတွင် ခရိုင်၊ မြို့နယ်များမှတစ်ဆင့် အောက်ခြေရပ်ကွက် ကျေးရွာ အုပ်စုအဆင့်အထိ ဆင့်ပွားသင်တန်းများပြုလုပ်ပြီး တောင်သူလယ်သမားအားလုံးသိရှိနိုင်ရန် ပညာပေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် နှိုးဆော်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအား တောင်သူလယ်သမားတစ်ဦးချင်းစီ၏ ဦးပိုင် လုပ်ကွက်တစ်ခုချင်းအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ပြီးသည်နှင့် တစ်ပြိုင်တည်း၊ ပြဋ္ဌာန်းထားရှိပြီးဖြစ်သော ဥပဒေနှင့်အညီ လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်းများ ဥပဒေနှင့်အညီကိုက်ညီစွာ ပြုလုပ်ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအတွက် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြရန် အရင်းအနှီး များလုံလောက်စွာဖြင့် ရရှိနိုင်ကြတော့မည်ဖြစ်သည့်အတွက် ကိုယ်စားလှယ်တော်ကြီး၏ တောင်သူလယ်သမား များ အကျိုးအတွက် တင်သွင်းခဲ့သော အဆိုအပေါ်၊ လွှတ်တော်အဆင်‌့ဆင့်မှလည်းကောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့်လည်းကောင်း အထူးအလေးထားဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်နေဆဲဖြစ်သောလုပ်ငန်းများ ဖြစ်ပါ သဖြင့် အဆိုကိုမှတ်တမ်းတင်သင့်ပါကြောင်း လေးစားစွာဖြင့် ရှင်းလင်းဖြေကြား အပ်ပါတယ်ခင်ဗျား။

ဒေါက်တာလင်းအောင်(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)။    ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်ရဲ့အဆိုကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကိုယ်စား ကျွန်တော်ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်မှ ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေကို လက်ရှိငွေထုတ်ချေးလျက်ရှိတာကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်မှာရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ပဲဖြစ်ပါတယ်။ ဒီမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အတွက်ကို ကျွန်တော်တို့ ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကနေပြီးတော့ ချေးငွေ ကျပ် ၆၀၃.၇၀ ဘီလီယံကို အတိုးနှုန်း ၄ ရာခိုင်နှုန်းနဲ့ ထုတ်ချေးခဲ့ပြီးတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေပြီးတော့ တောင်သူ လယ်သမားများကို အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနဲ့ စပါးသီးနှံ တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းနဲ့ လက်ရှိမှာ ထုတ်ချေးပေးလျက်ရှိပါတယ်။ အဆိုမှာပါတဲ့ ကျွန်တော်တို့ ဗဟိုဘဏ်နဲ့ဗဟိုဘဏ်ရဲ့ အခြားလက်အောက်ခံ ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအနေနဲ့ တောင်သူလယ်သမားတွေကို ချေးငွေထုတ်ချေးဖို့ကိစ္စနှင့် ပတ်သက်လို့ ဆက်လက် တင်ပြပါမယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ကတော့ ကျွန်တော်တို့ ဗဟိုဘဏ်ဥပဒေပုဒ်မ ၇၂ အရနိုင်ငံတော် မှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများရဲ့ ရုံးချုပ်များနဲ့ နိုင်ငံတော် အတွင်းမှာရှိတဲ့ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများရဲ့ ပင်မရုံးခွဲများကိုသာ ငွေထုတ်ချေးခွင့် ရှိတဲ့အတွက် ကြောင့်မို့လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တောင်သူလယ်သမားများကိုတော့ တိုက်ရိုက်ထုတ်ချေးခွင့် မရှိပါဘူး။ သို့သော်လည်းပဲ စောစောက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး တင်ပြသွားတဲ့အထဲမှာလည်းပဲ ပါရှိပါတယ်။ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာ‌မြေ ဥပဒေရယ်၊ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာ‌မြေနည်းဥပဒေများမှာ တောင်သူလယ်သမားများအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်ကို လယ်ယာ‌မြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီးတော့ အစိုးရဘဏ် ဒါမှမဟုတ်ရင် ကျွန်တော်တို့ ဤကိစ္စအလို့ငှာ အစိုးရကသတ်မှတ်တဲ့ ဘဏ်တစ်ခုခုကနေပြီးတော့ ပေါင်နှံရမယ်လို့ ပြဋ္ဌာန်းပါရှိပြီးဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့် တောင်သူ လယ်သမားများအနေနဲ့ မိမိတို့လယ်ယာ‌မြေတွေကို အာမခံထားပြီးတော့မှ မကြာခင်ကာလမှာ ချေးငွေတွေ ထုတ်ချေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြတဲ့ အဆိုကို မှတ်တမ်း သင်‌့ပါကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းတင်ပြလိုပါတယ်။

         

          ဦးသန်းထွန်း(ဒုတိယဝန်ကြီး၊ သမဝါယမဝန်ကြီးဌာန)။                   ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ သမဝါယမဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဦးသန်းထွန်း ဖြစ်ပါတယ်။ မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၏ အဆိုနှင့်ပတ်သက်၍ သမဝါယမဝန်ကြီးဌာန၏ သမဝါယမကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှုကို အကျဉ်းရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။ သမဝါယမဝန်ကြီးဌာနအနေနဲ့ သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်နှစ်ရပ်နဲ့ လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ သမဝါယမဝန်ကြီးဌာနအနေဖြင့် ဦးတည်ချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ (၁) ကျေးလက်ပြည်သူများနဲ့ မြို့ပြနေ အခြေခံလူတန်းစားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ (၂)            တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရေးဆောင်ရွက်ရာမှာ သမဝါယမစီးပွားရေးလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အမှန်တကယ် အထောက်အကူပြုဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်။ သမဝါယမဝန်ကြီး ဌာန၏ ဦးတည်ချက်နှစ်ရပ်အောင်မြင်စေရန်အတွက် လုပ်ငန်းစဉ် ၅ ရပ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါ တယ်။ (၁) ကျေးရွာတိုင်းမှာ အနည်းဆုံး အ‌ခြေခံသမဝါယမအသင်းတစ်သင်း  ဖြစ်ပေါ်လာအောင် ဆောင်ရွက် ပေးရန်နှင့် ဖွဲ့စည်းပြီးဖြစ်သော သမဝါယမအသင်းများရှင်သန်အောင် အမှန်တကယ် အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးရန်၊ (၂) ဖွဲ့စည်းပြီးသောအသင်းများ လုပ်ငန်းဆောင်ရွက်ရာမှာ ငွေကြေးအရင်းအနှီးရရှိစေရန် အတွက် အများပိုင်ငွေကြေးအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးရန်၊ (၃) အဆင်‌့ဆင့်သော သမဝါယမအသင်းများသည်လည်း တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ငွေကြေး၊ နည်းပညာ၊ ဈေးကွက်၊ ကျယ်ပြန့်စွာဖြင့် ဆောင်ရွက်နိုင်ရေးကူညီပေးရန်၊ (၄) သမဝါယမတက္ကသိုလ်ကောလိပ် များမှ အမျိုးသားရေးစိတ်ဓာတ်နဲ့ လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာကို ကျွမ်းကျင်တတ်‌မြောက်သော ပညာတတ်များမွေးထုတ်ပေးရန်၊ (၅) သမဝါယမသင်တန်းကျောင်းများမှ အမျိုး သားရေးစိတ်ဓာတ်နဲ့ လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော အသက်မွေးဝမ်းကြောင်းပညာရှင်များ မွေးထုတ် ပေးရန် ဖြစ်ပါတယ်။ အများပိုင်ငွေကြေး အဖွဲ့အစည်းပေါ်ပေါက်လာစေရေး သမဝါယမလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်နိုင်ရန်အတွက် အများပိုင်ငွေကြေးအဖွဲ့အစည်းဖြစ်ပေါ်လာရန် လူပုဂ္ဂိုလ်တစ်ဦးချင်း အသင်းအဖွဲ့များ ကုမ္ပဏီများ၊ သမဝါယမအသင်းများ၊ ပါဝင်လာရေးကို စည်းရုံး ဆောင်ရွက်လျက်ရှိပါတယ်။ အများပိုင်ငွေကြေးအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာရေးအတွက် သမဝါယမဝန်ကြီးဌာနအနေဖြင့် အောက်ပါ နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ (၁) အများပိုင်ငွေကြေးအဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေ ရန် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ကုမ္ပဏီများဥပဒေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း(Micro Finance) ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးအကူအညီပေးသွားမှာ ဖြစ်ပါတယ်။ (၂) အသင်းသားများရဲ့ဆန္ဒနဲ့အညီ သမဝါယမအသင်းများက အများပိုင်ငွေကြေးအဖွဲ့အစည်းများတွင် အစုနှင့်စုဆောင်းငွေများထည့်ဝင်ရေးစည်းရုံး  ဆောင်ရွက်ပေးလျက်ရှိပါတယ်။  (၃) ပုဂ္ဂလိကများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများက အစုနှင့် စုဆောင်းငွေ ထည့်ဝင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (၄) သမဝါယမအသင်းများသို့ ငွေကြေးထုတ်ချေးရာမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်း(Micro Finance)ဥပဒေအရ အတိုးနှုန်းထက်မများစေဘဲ ထုတ်ချေးပေးနိုင် ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ (၅) အများပိုင်ငွေကြေးအဖွဲ့အစည်းက စုဆောင်းငွေအပေါ် အတိုးနှုန်းကို ငွေစုဘဏ်အတိုးနှုန်းထက်ပို၍ သင့်တင့်သောအတိုးနှုန်းပေးရန်တို့ပဲ ဖြစ်ပါတယ်။ သမဝါယမ ဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်းသားများကို လယ်ယာကုန်ထုတ်သမဝါယမအသင်းဖြစ်ပါက တစ်ဧက ကို နှစ်သောင်းကျပ်နှုန်းနှင့် ငါးဧကအထိထုတ်ချေးပေးလျက်ရှိခြင်း၊ မွေးမြူရေးသမဝါယမအသင်းသားကို ငါးသောင်းကျပ်နှုန်း လက်လုပ်လက်စားသမဝါယမအသင်းသားကို သုံးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေး လျက်ရှိပါတယ်။ အများပိုင်ငွေကြေးအဖွဲ့အစည်းတွင်ရှိသော ငွေကြေးအပေါ်မှာမူတည်ပြီး အသင်းအမျိုးအစား အလိုက် ခွဲဝေထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ သမဝါယမဝန်ကြီးဌာန အနေဖြင့် ဦးတည်ချက်နှစ်ရပ်နှင့် လုပ်ငန်းစဉ် ၅ ရပ် အောင်မြင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသောကြောင့် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသော အဆိုအား မှတ်တမ်းတင်သင်‌့ပါ ကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

           

          ဦးစိန်ဝင်း(မအူပင်မဲဆန္ဒနယ်)။    ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သမေတ္တာ ပို့သအပ် ပါတယ်။ ကျွန်တော်ကတော့ မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ဖြစ်ပါတယ်။ ကနေ့ ဦးအေးမောက်ရဲ့အဆိုဟာ ကျွန်တော့်အနေနဲ့ အင်မတန်ကို လက်ရှိအခြေအနေ တောင်သူလယ်သမား တွေရဲ့ အရင်းအနှီးမရှိတဲ့ အခြေအနေမှာ အင်မတန်ကိုဆောင်ရွက်သင်‌့တဲ့ အတွက် ကျွန်တော့်အနေနဲ့ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဟာစိုက်ပျိုးရေး အဓိကအချိန်မှာ အချိန်နောက်ကျလို့လည်း မရဘူး။ စောလို့လည်း မရပါဘူး။ အဲဒီတော့ ဒီအချိန်အတွင်းမှာ သူ့မှာရင်းနှီးမြှုပ်နှံမှု မရှိဘူး။ ဒါကို သူ့မှာ ဒီ စိုက်ဘဏ်က ထုတ်ပေးဖို့ အချိန်ကိုစောင့်ရင်းစောင့်ရင်းနဲ့ တကယ့်အထွက်နှုန်းကောင်းတဲ့ နည်းပညာတွေ သူမလုပ်နိုင်ဘူး ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ငွေချေပြီးသော်လည်း ဘဏ်ငွေကြေထားတဲ့သူတွေက ငွေမကြေတဲ့လူကြောင့် ငုတ်တုတ်ထိုင်ပြီးတော့ ဒီအတိုင်းစောင်‌့နေရတာ တွေ့ရပါတယ်။ နောက်တစ်ချက်က တချို့ဆိုရင် လယ်ရှိရဲ့သားနဲ့ ချေးငွေမရဘူး။ တချို့က လယ်မရှိဘဲနဲ့ ချေးငွေရတယ်။ ဒီလို ဖြစ်တဲ့အခြေအနေ တွေဟာ ဒါတစ်ဖက်က စီမံခန့်ခွဲမှုအားနည်းတာဖြစ်သလို တစ်ဖက်ကဒီဟာကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ဒီတစ်ဖက် ကလည်း ပုဂ္ဂလိကချေးငွေကို ဆောင်ရွက်ခွင့်ပြုထားမယ်ဆိုလို့ရှိရင် တောင်သူလယ်သမားဟာ သူရဲ့အချိန် သူတစ်ဦးတစ်ယောက်က ကြေရင်ကြေသလို ငွေချေးနိုင်ခွင့် သူ့မှာအခွင့်အရေးရမယ်ဆိုရင် တောင်သူ လယ်သမားတွေရဲ့ အထွက်နှုန်း တစ်နည်းအားဖြင့် ဒီ သူတို့ရဲ့ဝင်ငွေဟာ တစ်ဖက်တစ်လမ်းက အချိန်မီ အလုပ်လုပ်ရတဲ့အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က ဒီစိုက်ပျိုးရေးဟာ  ကိုယ်မနိုင်ဘူးဆိုရင် လွတ်လပ်မှုပေးထားဖို့လိုပါတယ်။ ကိုယ်နိုင်တယ်ဆိုရင် စနစ်တကျဆုပ်ကိုင်ဖို့ လိုပါတယ်။ ကိုယ်မနိုင်တဲ့အ‌ခြေအနေမှာ တတ်နိုင်သလောက် သူဟာ ဟိုဘက်ဒီဘက်လှုပ်ရှားလို့ရအောင် တစ်နည်း အားဖြင့် သူငွေယုံကြည်မှုရှိလည်း အချိန်မှန်လည်း လိုတဲ့အချိန်မှာ ဒီဘဏ်က ငွေချေးလို့ရတယ်ဆိုရင် သူဟာ လုပ်ပိုင်ခွင့်ကို ကိုင်ထားပြီးတော့ ‌မြေယာလုပ်ပိုင်ခွင့်စာရွက်ကို ကိုင်ထားပြီးတော့ သူကြိုက်သလိုသူ့ရဲ့အခက် အခဲကို ဖြေရှင်းလို့ ရပါတယ်။ ဒါကြောင့်မို့လို့ သမ္မတကြီးပြောတဲ့ Farmer Central Development ဆိုတဲ့ တောင်သူလယ်သမား ဗဟိုပြုတိုးတက်ဖွံ့ဖြိုးရေးကို လုပ်မယ်ဆိုရင် အားလုံးက တောင်သူလယ်သမား စိတ်ကြိုက် သူ့ရဲ့ယုံကြည်မှု၊ သူ့ရဲ့ In Time အချိန်မီဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့က အကောင်းဆုံး အခြေအနေကို ဖန်တီးဖို့ လိုအပ်တယ်ဖြစ်တဲ့အတွက် ကျွန်တော့်အနေ့နဲ့ ဦးအေးမောက်ရဲ့ အဆိုကိုထောက်ခံ ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

           

           

          ဦးအောင်သန့်(ပုသိမ်ကြီးမဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီအတွင်းရေးမှူး ဖြစ်ပါတယ်။ ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့ ဒီ ပြည်သူ့လွှတ်တော်အဆင့်ဆင့်မှာ  ညှိနှိုင်းရေးဆွဲ လိုက်တဲ့  လယ်ယာ‌မြေဥပဒေ၊ ‌မြေလွတ်‌ မြေလပ်‌ မြေရိုင်းဥပဒေတွေ အတည်ပြုပြီးသားလည်း ဖြစ်ပါတယ်။ နောက် နည်းဥပဒေကိုလည်း သြဂုတ်လ ၃၁ ရက်နေ့ရက်စွဲနဲ့ အတည်ပြုထုတ်ပြန်ပြီးသားလည်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားများဟာ သဘာဝရာသီဥတုဘေးဒဏ်ကြောင့် ကျွန်တော်တို့ သီးနှံတွေ သုံးနှစ်၊ လေးနှစ်လောက် ဆက်တိုက်ပျက်တယ်။ ချေးငွေတွေ ပြန်မဆပ်နိုင်ဘူး။ ကျွန်တော်တို့ ချေးငွေတွေ ပြန်ဆပ်ရမယ့် အပိုင်းမှာလည်း တိုးတက်ချေးထားတဲ့ ငွေပမာဏကြောင့် မို့လို့ ပြန်ဆပ်ဖို့ အခက်အခဲရှိတယ်ဆိုတာလည်း မှန်ကန်ပါတယ်။ နောက်တစ်ခုက သီးနှံတွေအရ ရာသီဥတုဖောက်ပြန်လို့ ပျက်တာရှိသလို တစ်ဖက်ကလည်း ကျွန်တော်တို့ သီးနှံဈေးနှုန်းတွေကျဆင်းတဲ့ ပြဿနာရှိတဲ့အတွက်ကြောင့် မို့လို့ တောင်သူလယ်သမားတွေ ငွေရေးကြေးရေးအရေးကြီးပိုင်းဆိုင်ရာမှာ ဒုက္ခရောက်နေတယ်ဆိုတာလည်း မှန်ကန်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်က အမျှော်အမြင်ကြီးစွာနဲ့ ကျွန်တော်တို့ ဒီလယ်သမားတွေကို အရင်ကနဲ့ မတူဘဲနဲ့  ခုနကဝန်ကြီးများ အဆင့်ဆင့်တင်ပြခဲ့တဲ့အတိုင်းပဲ ထပ်မံပြီးတော့လိုအပ်တဲ့ ငွေကြေး ပမာဏကိုရရှိနိုင်အောင် တစ်ဖက်ကဘဏ်တွေကလည်း ကူညီမယ်။ တစ်ဖက်က အသင်းအဖွဲ့တွေအနေနဲ့ လည်း ညှိနှိုင်းဆောင်ရွက်မယ်။ နောက်တစ်ခါ သမဝါယမဘက်ကလည်း ကူညီမယ်။ ငွေရေးကြေးရေးပိုင်း ဆိုင်ရာလည်း ကူညီမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ အခုနိုင်ငံတော်က လောလောဆယ်စိစစ်နေတဲ့အစိတ် အပိုင်းများနဲ့ ပြည့်စုံလုံလောက်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဆရာဦးအေးမောက် တင်ပြတဲ့အဆိုကို မှတ်တမ်းတင်ထားဖို့ ပဲ လိုအပ်မယ်လို့ အကြံပြုတင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။

           

          ဦး‌အေးမောက်(မလှိုင်မဲဆန္ဒနယ်)။               ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်ဆွေးနွေးသွားကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခုလိုဆွေးနွေးသွားတဲ့အတွက်လည်း ဘက်ပေါင်းစုံမှ ထောက်ခံဆွေးနွေးသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့တင်ပြရရင်တော့     သက်ဆိုင်ရာတာဝန်ရှိတဲ့ ဒုတိယဝန်ကြီးများမှလည်းပဲ ဒီကိစ္စကိုရရှိအောင် ဆက်လက်ပြီးတော့ ဆောင်ရွက်ပေး သွားမယ်လို့ အာမခံသွားတဲ့သဘောမျိုးဆောင်တဲ့ ရှင်းလင်း တင်ပြမှုများလည်း ကျွန်တော်ကြားသိရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဒုတိယဝန်ကြီးများရှင်းလင်း တင်ပြသလို၊ အစိုးရအဖွဲ့မှတာဝန်ရှိသူများတင်ပြသလို ဒီကိစ္စကို ချေးပေးနိုင်အောင် ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးဖို့အတွက် အာမခံသွားကြတာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့အဆိုကို မှတ်တမ်းတင်ထားဖို့သဘောတူပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒီအဆို ဒီအချိန်ကာလမှာ အားလုံးအတွက်အရေးကြီးတဲ့ အဆိုတစ်ခု ဖြစ်ပါတယ်။ ဒီအဆိုကိုလည်း လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးအတွင်းမှာပဲ အားလုံးဆွေးနွေးသွားစေချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်အတွက်ရရှိတဲ့အချိန်ဟာ လာမည့် ၇-၁၁-၂၀၁၂ ရက်နေ့အထိပဲရက်ရှိ ပါတယ်။ ကျန်တဲ့ ၈-၁၁-၂၀၁၂ ရက်နေ့နောက်ပိုင်းကျတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော်ကပဲ    တောက်လျှောက်နီးပါးယူသွားမယ့်အခြေအနေရှိပါတယ်။ အဲ့ဒီ ၈-၁၁-၂၀၁၂ ရက်နေ့မတိုင်မီ ဒီအဆိုကိုဆွေးနွေး ဆုံးဖြတ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီနေ့အဆိုတင်ခိုင်းသလိုပဲ တစ်ဖက်ကသက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များကိုဖိတ်ကြားပြီးတော့ အဆိုရှင်တင်ပြတဲ့အပေါ် မူတည်ပြီးတော့ ပြန်လည်ဆွေးနွေးသွားဖို့ စီစဉ်ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ပုံမှန် အတိုင်းသွားမယ်ဆိုရင် ဒီနေ့အဆိုတင်သွင်းတယ်။ အဆိုကို ထောက်ခံတယ်။ ထောက်ခံတဲ့အပေါ် မူတည်ပြီးတော့ လွှတ်တော်ကအဆိုကိုဆွေးနွေးဖို့ လွှတ်တော်ရဲ့ သဘောထားယူမယ်။ လွှတ်တော်က သဘောတူတယ်။ တူတယ်ဆိုလို့ရှိရင် အဆိုဆွေးနွေးလိုတဲ့ပုဂ္ဂိုလ်များ ဘယ်နေ့၊ ဘယ်အချိန်အရောက် လွှတ်တော်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံသတင်းပို့မယ်။ ဒီလိုတစ်ဆင့် လုပ်ပါတယ်။ အဲ့ဒါပြီးတဲ့အခါမှာ အဆိုဆွေးနွေးဖို့တစ်ရက်သတ်မှတ်ပါတယ်။ ဒါဆိုလို့ရှိရင် ဒီအဆိုဟာ လာမယ့်နှစ်ပတ်အတွင်းမှာ ဒီအဆိုဆွေးနွေးနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မို့လို့ အစဉ်အလာလည်း မပျက်အောင် ပြီးတဲ့အခါမှာ အဆိုရဲ့အကျိုးသက်ရောက်မှုကိုလည်း သက်ဆိုင်ရာ တောင်သူလယ်သမားများ ခံစားခွင့် ရှိအောင် ဒီနေ့ပဲအပြီးဆွေးနွေးခိုင်းခြင်းဖြစ်ပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့ ရဲ့စေတနာပါ။ အဲ့ဒီအခါမှာ ဒီနေ့ဆွေးနွေးသွားတာကို အားလုံးနားထောင်ကြည်‌့မယ်ဆိုလို့ရှိရင် ဒီလယ်ယာမြေ နဲ့ပတ်သက်လို့ ကျွန်တော်တို့လွှတ်တော်ကစပြီးတော့ လွှတ်တော်ရဲ့အစပိုင်းမှာပဲ ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနက လယ်ယာမြေနည်းဥပဒေ များပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ လယ်ယာမြေနည်းဥပဒေများနှင့် နောက်ဆက်တွဲဥပဒေများပြဋ္ဌာန်းပြီးတဲ့ နောက်ပိုင်းမှာ ခုနကသက်ဆိုင်ရာ ဝန်ကြီးဌာနကတာဝန်ရှိပုဂ္ဂိုလ်များရှင်းလင်းဖော်ပြသလို လယ်ယာမြေလုပ်ပိုင်ခွင့် ဒီထက်ပိုပြီးတော့ တိကျတဲ့ စကားလုံးနဲ့ပြောမယ်ဆို လယ်ယာမြေစီမံခန့်ခွဲနိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ အဲ့လိုရရှိတဲ့အခါမှာ မိမိတို့စီမံခန့်ခွဲ ပိုင်ခွင့်ရရှိတဲ့ လယ်ယာမြေကို လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်းများလည်း ဥပဒေကသတ်မှတ်ပေး မှာဖြစ်ပါတယ်။ အဲ့လို သတ်မှတ် ပေးပြီးတဲ့နောက်ပိုင်းမှာမှ ဒီလယ်ယာမြေကို မိမိ လွှဲပြောင်းတယ်၊ ပေါင်နှံတယ်၊ ရောင်းချတယ် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။  ဒါကြောင့်မို့ ကျွန်တော်တို့တစ်တွေ သိရှိနားလည်ရမှာက ဘာပဲ လုပ်လုပ် ဥပဒေနဲ့အညီလုပ်ဖို့ဖြစ်ပါတယ်။ ဥပဒေအညီလုပ်ဖို့ဖြစ်တဲ့အတွက် နိုင်ငံနှင့်နိုင်ငံသားများရဲ့အကျိုး စီးပွားကို ဖော်ဆောင်တဲ့ဥပဒေတွေ ကျွန်တော်တို့ပြဋ္ဌာန်းနေတာဖြစ်ပါတယ်။ ဒီလို ဥပဒေတွေပေါ်ထွက်လာပြီး နောက်ပိုင်းမှာ ခုနက သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်များဆွေးနွေးသွားသလို မိမိတို့ရဲ့လယ်ယာမြေကို အပေါင်ထားပြီးတော့ ခုနကသတ်မှတ်ထားတဲ့ လိုအပ်တဲ့ငွေများချေးမယ်။ လိုတဲ့လူချေးမယ်။ မလိုတဲ့လူ     မချေးဘူး။ ဒီဟာသည် လယ်ယာမြေစီမံခန့်ခွဲပိုင်ခွင်‌့ရှိသူများရဲ့ လုပ်ပိုင်ခွင့်အခွင့်အရေးပဲဖြစ်ပါတယ်။ အဲဒီအခါ မှာ သက်ဆိုင်ရာဘဏ်များက ငွေချေးမယ်။ ချေးတဲ့ အခါမှာ ဒီအပေါ်မူတည်ပြီးတော့ လယ်ယာလုပ်ငန်းများကို လုပ်ဆောင်သွားဖို့ပဲဖြစ်မှာဖြစ်ပါတယ်။ ခုနက မအူပင်မဲဆန္ဒနယ်က ဦးစိန်ဝင်းဆွေးနွေးသွားသလိုပဲ ဒီနေ့ ဒီကာလမှာတော့ ခုနကတင်ပြသွားတဲ့နေရာမှာ အချို့တစ်ဝက်လည်းမှန်နိုင်ပါတယ်။ လယ်မရှိဘဲနဲ့လည်း ငွေချေးသွားတဲ့လူတွေရှိပါတယ်။ ယာမရှိဘဲနဲ့လည်း ငွေချေးသွားတဲ့လူတွေရှိပါတယ်။ ပြန်ပြောမယ်ဆိုရင်တော့ ရာခိုင်နှုန်းအရ ပြောမယ်ဆိုရင်တော့ ဝ.၅ ရာခိုင်နှုန်းလောက်တော့မရှိပါဘူး။ ဒါပေမယ့် အများစုကတော့ လယ်သမားတွေပဲဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ အခုလို ဥပဒေနှင်‌့အညီ နောက်ပိုင်းမှာဆောင်ရွက် မယ်ဆိုရင် လယ်မရှိတဲ့သူလည်း သူ့မှာအထောက်အထားမရှိတဲ့အတွက် ငွေချေးလို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ကတော့ ခုနကအဆိုရှင် ဦးအေးမောက်ရဲ့အဆိုဟာ အင်မတန်ကောင်းမွန်တဲ့အဆိုဖြစ်တယ်။ ဒီပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက တာဝန်ရှိ တဲ့ပုဂ္ဂိုလ်များရှင်းလင်းသွားတယ်။ ရှင်းလင်းသွားတာလည်း လယ်သမားတွေလိုတဲ့ငွေတွေချေးပေးမယ်။ ဘယ်အချိန်မှာလည်း ဥပဒေနှင်‌့အညီ လယ်ယာမြေစီမံခန့်ခွဲမှုရှိတဲ့ နောက်ပိုင်းမှာချေးပေးမယ်။ ဒီအချိန်မှာအပေါင်ထားပြီး ချေးပေးလို့မရနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် မိမိရဲ့အမြင် မိမိရဲ့သဘောထား ပြောရမယ်ဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ခုနက သက်ဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးသွားသလို ဦးအေးမောက် နောက်ဆုံးပြန်လည်တင်ပြတဲ့ ဒီအဆိုနှင်‌့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးက ဆောင်ရွက်နေပြီးဖြစ်တဲ့အတွက် မှတ်တမ်းတင်ထားရှိခြင်းဟာ အင်မတန်မှဆီလျော် သင့်မြတ်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ယူဆပါတယ်။ သို့ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်းပဲ ကျွန်တော်ဆက်လက် ပြီးဆောင်ရွက်ပါမယ်။

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မလှိုင်မဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က နိုင်ငံတော်အစိုးရ၏ လယ်ဆည်ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဘဏ်မှ မဟုတ်ဘဲ၊ ဗဟိုဘဏ် သို့မဟုတ် ဗဟိုဘဏ်၏ အခြားလက်အောက်ခံဘဏ်များ (စိုက်ပျိုးရေးဘဏ်မှအပ) ပုဂ္ဂလိကဘဏ် များအပါအဝင်မှ တောင်သူလယ်သမားများအား ပိုင်ဆိုင်လယ်ယာမြေများကို အာမခံထား၍ နှစ်လတ်ချေးငွေ များအား တစ်ဧကလျှင် ကျပ်တစ်သိန်းနှင့်အထက် လယ်ယာမြေအလိုက် ချေးငှားပေးပါရန်နှင့် ချေးငှားရန် အတွက် လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများမရှိပါက အသစ် ထပ်မံပြဋ္ဌာန်း၍ အမြန်ဆုံးချေးပေးနိုင်ပါရန် အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိမှာဖြစ်ပါ တယ်။ ဒါကြောင့် ဒီအဆိုကို မှတ်တမ်းတင်ထားရှိဖို့ လွှတ်တော်က သဘောတူပါသလားခင်ဗျား။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို                          ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တင်သွင်းခြင်း

          ဥက္ကဋ္ဌ။           ။ အစီအစဉ် ၈ နှင့် ၉ ကို တစ်ဆက်တည်း ဆက်လက်ဆောင်ရွက်သွားပါမယ်။  လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၄ နည်းဥပဒေခွဲ (က) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းရန် ဖြစ်ပါတယ်။ ဥပဒေကြမ်းတင်သွင်းဖို့ သက်ဆိုင်သူအား ဖိတ်ခေါ်ပါတယ်။

          ဦးဝင်းကို (အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)။                   ။ ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ကိုယ်စား ဥပဒေကြမ်းတင်သွင်းမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ မှာ လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းပြဋ္ဌာန်းထားပါတယ်-

(က)လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှပြန်လည်ရုပ်သိမ်း ခွင့်ရှိသည်-

          (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊

          (၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊

          (၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့်  သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏  အရည်အချင်းပျက်ယွင်းခြင်း၊

(၅) ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊

(ခ )    သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်။

(ဂ )    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်။

(ဃ)    စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်။

(င )    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုစွပ်စွဲချက်သည်မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန်မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းပါရှိပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁ဝ(ည) မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ(က) နှင့် (ခ)တို့အရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှပြန်လည်ရုပ်သိမ်းလိုကြောင်း သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်းတို့က ကော်မရှင်သို့တင်ပြ လာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ ပုဒ်မခွဲ(ဂ)၊ (ဃ)၊ (င)တို့နှင့် အညီ စစ်ဆေးဆောင်ရွက်ခြင်းဟု ကော်မရှင်၏ လုပ်ငန်းတာဝန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်အဖြစ် ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ မဲဆန္ဒရှင်တို့၏ တင်ပြတိုင်တန်းချက်ကို ကော်မရှင်ကစုံစမ်းစစ်ဆေးနိုင်ခွင့် ရှိသော်လည်း မည်သည်‌့ဥပဒေ နှင့်အညီ စုံစမ်းစစ်ဆေးရမည်‌။ စွပ်စွဲချက်မှန်ကန်ပါက မည်သည့်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် ရမည်တို့ကို အသေးစိတ်ပြဋ္ဌာန်းချက်များ မပါရှိကြောင်း တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၇ မှာတော့ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လိုအပ်သော ဥပဒေများ ပြဋ္ဌာန်းရမည်ဟု ဖော်ပြထားပါတယ်။ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများအတွက် ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ရွေးကောက်ပွဲဥပဒေအသီးသီးကို ထုတ်ပြန်ပြဋ္ဌာန်းပေးပြီးဖြစ်ပေမယ့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသေးပါဘူး။ အခု အခါမှာ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ပြီးလည်းဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(ခ)ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည် ရုပ်သိမ်းပေးရန် မူလမဲဆန္ဒရှင်များ၏ တစ်ရာခိုင်နှုန်းနှင့်မနည်းသူတို့က ကော်မရှင်ကို တင်ပြတိုင်တန်းမှုများ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(ခ)အရ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရန် တင်ပြတိုင်ကြားလာတဲ့ကိစ္စများကို ဥပဒေနှင့်အညီ စနစ်တကျစစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၉၇ နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကိုပြဋ္ဌာန်း ပေးနိုင်ပါရန် ဥပဒေကြမ်း တင်သွင်းအပ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌမှ ဖတ်ကြားရှင်းလင်းခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၄ နည်းဥပဒေခွဲ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းရန် ဖြစ်ပါတယ်။ ဖတ်ကြားရှင်းလင်းဖို့ ဖိတ်ခေါ်ပါတယ်။

ဦးတီခွန်မြတ်(ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီ)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည်‌့သည်တော်ကြီးများ မင်္ဂလာအပေါင်း နှင့်ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ၏ စိစစ်တွေ့ရှိချက်များကို ကော်မတီရဲ့ကိုယ်စား အစီရင်ခံတင်ပြသွားမှာ ဖြစ်ပါတယ်။

၁။       လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဤဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  ပြည်ထောင်စုလွှတ်တော်သို့ တိုက်ရိုက်ပေးပို့ခဲ့သည့် ဥပဒေကြမ်း ဖြစ်ပါသည်။

၂။       ဤဥပဒေကြမ်းသည် အခန်း ၅  ခန်းပါရှိပြီး ဥပဒေပုဒ်မပေါင်း ၂ဝ ပါရှိပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေများနှင့် ၁၉၇၅ ခုနှစ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေများကို မှီငြမ်းကိုးကားပြီးရေးဆွဲထားကြောင်း လေ့လာ တွေ့ရှိရပါသည်။

၃။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဤဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ကော်မတီ အတွင်း ၂ဝ-၁ဝ-၂ဝ၁၂ ရက်နှင့် ၂၂-၁ဝ-၂ဝ၁၂ ရက်နေ့များတွင် အသေးစိတ် စိစစ်မှုများကို ဦးစွာဆောင်ရွက်ခဲ့ပါတယ်။  ၂၄-၁ဝ-၂ဝ၁၂ ရက်နေ့တွင် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ၁-၁၁-၂ဝ၁၂ ရက်နေ့တွင် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုတို့နှင့် လည်း အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

၄။       ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ဥပဒေကြမ်းများကို စိစစ်ရာ၌ အခြေခံရမည့်မူ ၁၂ ချက် ပေါ်အခြေခံပြီး မူလအဆိုပြုဥပဒေကြမ်းအား ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများကို ဆောင်ရွက် ခဲ့ကြပါသည်။

၅။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည် ရုပ်သိမ်း ခြင်းဆိုင်ရာ ဥပဒေကြမ်းအား စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)     မူလဥပဒေကြမ်း၏ အဆိုပြုချက်များအတိုင်း သဘောတူသည့်အချက်များမှာ အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၁) အပိုဒ် (၂)၊ အပိုဒ် (၂) အပိုဒ်ခွဲ (က)၊(ခ) ၊(ဂ) (ဃ) နှင့်(င)။ အခန်း (၂) ခေါင်းစီး၊ အခန်း (၂) အပိုဒ် (၃) ၊ အပိုဒ် (၃)  အပိုဒ်ခွဲ (က) (ခ)။ အခန်း (၄) အပိုဒ် (၇)၊ အပိုဒ် (၇) အပိုဒ်ခွဲ (က) ၊(ခ)၊ (ဂ)နှင့် (ဃ)၊ အပိုဒ် (၁၃) အပိုဒ်ခွဲ (က)နှင့် (ခ)။

(၂)     ဥပဒေခေါင်းစီးအား  ပြဋ္ဌာန်းပြီးသောဥပဒေများနှင့် ညီညွတ်မှုရှိစေရန် ပြင်ဆင်ပါသည်။ ဥပဒေကြမ်း အမည်အား လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေ ဟုလည်းကောင်း၊ (၂ဝ၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(      ) ဟုလည်းကောင်း ပြင်ဆင်ဖြည့်စွက်ခဲ့ပါသည်။

(၃)     နိဒါန်းအားစကားရပ်များ ကျစ်လျစ်ခိုင်မာစေရန်အတွက် ရွေးကောက်တင်မြှောက်ပြီး တာဝန်ပေးအပ် ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက တာဝန်မှပြန်လည်ရုပ်သိမ်း လိုသည့်အခါ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်အလို့ငှာ  ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်း လိုက်သည်ဟု ပြင်ဆင်ပါ သည်။

(၄)     မူလအခန်း(၁) အပိုဒ် ၁ ရှိ ဆိုင်ရာ စကားရပ်အား ဥပဒေရေးထုံးအရ ရှေ့နောက်ညီညွတ်စေရန် ပယ်ဖျက်ခြင်းဖြစ်ပါသည်။

(၅)     မူလအပိုဒ် ၂ အပိုဒ်ခွဲ (ဂ) အား လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်တစ်ရပ်ရပ်သို့  သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ နှင့်အညီ ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော် ကိုယ်စားလှယ်ကိုလည်းကောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   အမည်စာရင်း    တင်သွင်းထားသော   တပ်မတော်သား  ကိုယ်စားလှယ်ကို လည်းကောင်းဆိုသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ လွှတ်တော်အရပ်ရပ် ရွေးကောက်ပွဲဥပဒေများနှင့်ညီညွတ်စေရန် တပ်မတော်သား ကိုယ်စားလှယ်များကိုလည်း ဖြည့်စွက်ပြင်ဆင်ပါသည်။

(၆)     မူလအပိုဒ် ၂အပိုဒ်ခွဲ(စ) အား မူလမဲစာရင်း အဓိပ္ပာယ်ဖော်ပြချက်ကို အပိုဒ်ခွဲ(င) တွင် ဖော်ပြထားပြီး မူလမဲဆန္ဒရှင်များဆိုသည်မှာ မူလမဲစာရင်းပါဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကို ဆိုသည်ဟုပြင်ဆင်ပါသည်။

(၇)     မူလအပိုဒ် ၂ အပိုဒ်ခွဲ(စ) အောက်တွင်အောက်ဖော်ပြပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအား အသစ်ဖြည့်စွက် ပါသည်-

(က)    အပိုဒ်ခွဲ(ဆ)အဖြစ် တိုင်တန်းချက်ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်အားတာဝန်မှ ပြန်လည်  ရုပ်သိမ်းရန် တင်သွင်းသောအဆိုပြုလွှာကိုဆိုသည်။

( ခ)    အပိုဒ်ခွဲ(ဇ)အဖြစ် တိုင်တန်းချက်တင်သွင်းသူဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ် အားတာဝန်မှ ပြန်လည်ရုပ်သိမ်းရန် တိုင်တန်းချက်တင်သွင်းသော         မဲဆန္ဒရှင်ကိုဆိုသည်။

( ဂ)    အပိုဒ်ခွဲ(ဈ)အဖြစ် တိုင်တန်းချက်တင်သွင်းခြင်းခံရသူဆိုသည်မှာ တိုင်တန်းချက်တင်သွင်းခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်ကိုဆိုသည်။

(၈)     မူလအခန်း(၂) အပိုဒ် ၃ အပိုဒ်ခွဲ(ဂ) အား လွှတ်တော်အသီးသီးဖွဲ့စည်းထားသဖြင့်    ဥက္ကဋ္ဌကိုရည်ညွှန်းရာတွင် သက်ဆိုင်ရာလွှတ်တော်တွင် ဟူသောစကားရပ်ဖြည့်စွက်၍ နောက်ဆက်တွဲ(က)ပါအတိုင်း ဟူသော စကားရပ်မှာ မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၉)     မူလအခန်း(၃)အား သက်ဆိုင်ရာလွှတ်တော်ဥပဒေများ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ကျင့်ဝတ်နှင့်စည်းကမ်းများကို ပြဋ္ဌာန်းပြီးဖြစ်၍ ထပ်မံဖော်ပြရန်မလိုအပ်သည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်သည့်တာဝန်၊ လုပ်ပိုင်ခွင့်၊ ကျင့်ဝတ်နှင့်စည်းကမ်းကို လွှတ်တော်မှလိုအပ် သလို ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းနိုင်သည့်အကြောင်းများ ရှိသောကြောင့် ပယ်ဖျက်ပါသည်။ အခန်း(၃) အား ပယ်ဖျက်လိုက်ခြင်းကြောင့် မူလပြဋ္ဌာန်းချက် အခန်း(၁) မှ (၅) သည် အခန်း(၁) မှ(၄) အထိ ဖြစ်သွားပါသည်။

(၁ဝ)    မူလအပိုဒ် ၇ ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ ပုဒ်မခွဲ(က)အရ စကားရပ်အစား မဲဆန္ဒရှင်များသည် ဟုလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို စကားရပ်အစား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး                                                                                                                                                                                                                                                        ကိုဟု စကားရပ်များ ကျစ်လျစ်စေရန် ပြင်ဆင်ဖြည့်စွက်ပါသည်။

(၁၁)    မူလအပိုဒ် ၇ အပိုဒ်ခွဲ(င)ရှိ ဥပဒေအရပေးအပ်သော စကားရပ်သည်ယေဘုယျ သဘောဆန်သဖြင့် ဥပဒေတစ်ရပ်ရပ်အရပေးအပ်သော ဟုပြင်ဆင်ဖြည့်စွက်ပါသည်။

(၁၂)    မူလအပိုဒ် ၈ အား သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်း ရှိသော မဲဆန္ဒရှင်များသည်မိမိတို့ ရွေးချယ်တင်မြှောက်ပြီး တာဝန်ပေးအပ်ထားသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးအား ပုဒ်မ ၄ ပါ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသောအကြောင်း တစ်ရပ်ရပ်အရ တာဝန်မှပြန်လည် ရုပ်သိမ်းလိုလျှင် ခိုင်လုံသောအထောက်အထားဖြင့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြရမည်ဟု ပိုမိုပြည့်စုံစေရန် ပြင်ဆင်ဖြည့်စွက်ပါသည်။

(၁၃)    အပိုဒ် ၉ အား ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃ဝ၂ (ခ) ပါပြဋ္ဌာန်းချက်များသည် ပိုမို ပြည့်စုံ၍ အောက်ပါအတိုင်း ရည်ညွှန်းရေးသားပြင်ဆင်ဖြည့်စွက်ပါသည်-

အပိုဒ် ၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်-

(က)    ပုဒ်မ၅အရ တိုင်တန်းချက်ကိုရရှိသည့်အခါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်။

( ခ)    စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းရာတွင် အဖွဲ့ဝင်အနည်းဆုံး သုံးဦး ပါဝင်စေပြီး အဖွဲ့ဝင်များအနက်မှ သင့်လျော်သူတစ်ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ရမည်။

( ဂ)    စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် သင့်လျော်သောနိုင်ငံသားများကိုလည်း ထည့်သွင်း ဖွဲ့စည်းနိုင်သည်။

(ဃ)    စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီး ရမည့်အချိန်ကာလကို သတ်မှတ်ပေးရမည်။

(၁၄)    မူလအပိုဒ် ၁ဝ ရှိ ပုဒ်မ ၉ အရ စကားရပ်အစား ပုဒ်မ ၆ အရဟုလည်းကောင်း၊    ပုဒ်မခွဲ(က)အား ပုဒ်မ၅နှင့်အညီ တိုင်တန်းချက်ကို မဲဆန္ဒရှင်အနည်းဆုံး တစ်ရာခိုင်နှုန်း က တိုင်တန်းခြင်းဟုတ်၊ မဟုတ်နှင့် မှန်ကန်မှု ရှိ၊ မရှိ ဦးစွာစစ်ဆေးရမည်ဟု ဖြည့်စွက်ပြင်ဆင်ပါသည်။

(၁၅)    မူလအပိုဒ် ၁ဝ အပိုဒ်ခွဲ (က) အောက်တွင် အပိုဒ် ၇ အပိုဒ်ခွဲ (ခ)အဖြစ် ပြည်သူ့ဆန္ဒ အစစ်အမှန်ဖြစ်စေရန် တိုင်တန်းသော မဲဆန္ဒရှင်အနည်းဆုံး တစ်ရာခိုင်နှုန်းသည် မလျော်သြဇာတစ်ခုခုကြောင့် တိုင်တန်းခြင်းဟုတ်၊ မဟုတ်ကို စုံစမ်းစစ်ဆေးရမည်ဟု အသစ် ဖြည့်စွက်ပါသည်။

(၁၆)    မူလအပိုဒ် ၁ဝ အပိုဒ်ခွဲ (ခ)၊ (ဂ) နှင့် (ဃ)အား ပုဒ်မခွဲ (ဂ)နှင့် (ဃ)အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ဃ)၊ ပုဒ်မ ၃၉၆ (င) တို့နှင့် ညီညွတ်စေရန် အပိုဒ် ၇ အပိုဒ်ခွဲ (ဂ)အား  ပုဒ်မ ၄ ပါ တိုင်တန်းချက်နှင့် စပ်လျဉ်း၍ စစ်ဆေးသည့်အခါ တိုင်တန်းချက်တင်သွင်းခြင်းခံရသူအား ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ ချေပခွင့်ပေးရ မည်ဟူ၍ လည်းကောင်း၊ အပိုဒ် ၇ အပိုဒ်ခွဲ (ဃ)အဖြစ် စုံစမ်းစစ်ဆေးတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ပါဝင်သည့် အစီရင်ခံစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည် ဟူ၍လည်းကောင်း ပြင်ဆင်ဖြည့်စွက်ပါသည်။

(၁၇)    မူလအခန်း (၅) အထွေထွေခေါင်းစဉ်အောက်ရှိ အပိုဒ် ၁၇ အား စုံစမ်းစစ်ဆေးရေးအဖွဲ့၏လုပ်ငန်း များနှင့်သက်ဆိုင်၍ အောက်ဖော်ပြပါအတိုင်း ပြင်ဆင်ဖြည့်စွက်ပါသည်-

ပုဒ်မ ၆ အရ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးရာတွင်-

(က)    လိုအပ်သည့်အကူအညီများကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များထံမှ ရယူနိုင်သည်။

( ခ)    အရေးပါသော သက်သေခံချက်များကို ထွက်ဆိုနိုင်မည့်သူမည်သူ့ကိုမဆို ဆင့်ဆို၍စစ်ဆေးနိုင်သည်။

( ဂ)    လိုအပ်ပါက သက်ဆိုင်ရာဒေသများတွင် ရုံးထိုင်စစ်ဆေးနိုင်သည်။

(၁၈)    မူလအပိုဒ် ၁၁ အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပုဒ်မ ၇ အရ တင်ပြသည့် စုံစမ်းစစ်ဆေးချက် အစီရင်ခံစာကိုရရှိသည့်အခါ စိစစ်ပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဟုပြင်ဆင် ပါသည်။

(၁၉)    မူလအပိုဒ် ၁၁ အပိုဒ်ခွဲ (က)ရှိ တိုင်ကြားခြင်းမဟုတ်ကြောင်း တွေ့ရှိလျှင် တိုင်တန်းချက်ကို ပယ်ရမည် စကားရပ်အစား တိုင်တန်းခြင်းမဟုတ်ကြောင်း ဆုံးဖြတ်လျှင် ထိုတိုင်တန်းချက်ကို ပယ်ရမည်ဟုပြင်ဆင် ပါသည်။

(၂ဝ)    မူလအပိုဒ် ၁၁ အပိုဒ်ခွဲ (ခ)အား တိုင်တန်းချက်မှန်ကန်ခြင်းမရှိကြောင်း ဆုံးဖြတ်လျှင်သော် လည်းကောင်း၊ ပုဒ်မ ၄ ပါ တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် အကြောင်း တစ်ရပ်ရပ် ပေါ်ပေါက်ခြင်းမရှိဟု ဆုံးဖြတ်လျှင်သော်လည်းကောင်း တိုင်တန်းချက်ကို ပယ်ရမည်ဟု ဖြည့်စွက်ပါသည်။

(၂၁)    အပိုဒ် ၁ဝ အဖြစ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ပြုမည်၊ မပြုမည်ကို ဆုံးဖြတ်ခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များ၏ ဆန္ဒသဘောထား အစစ်အမှန်ကိုရယူရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တိုင်တန်းချက်တင်သွင်းခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ်အား တိုင်တန်း ချက်ပါအကြောင်းနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်များကို ရှင်းလင်းနိုင်ရန် အခွင့်အရေးပေးရမည်ဟု အသစ်ထပ်မံ ဖြည့်စွက်ထားပါသည်။

(၂၂)    မူလပြဋ္ဌာန်းချက် အပိုဒ် ၁၁ အပိုဒ်ခွဲ (ဂ)အား အပိုဒ် ၁၁ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် တိုင်တန်းချက်မှာမှန်ကန်ပြီး တိုင်တန်းချက်တင်သွင်းသည့် အထောက်အထားရရှိလျှင် သက်ဆိုင်ရာ မဲဆန္ဒရှင်များက ယင်းလွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်ရန် အလို့ငှာ သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ဆန္ဒမဲပေးဆုံးဖြတ်စေရမည်ဟု ပြင်ဆင်ပါသည်။

(၂၃)    မူလအပိုဒ် ၁၂ မူလမဲစာရင်းပါ သက်ဆိုင်ရာစကားရပ်နှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ စကားရပ်များ၌ ဖော်ပြထားသည့် သက်ဆိုင်ရာ စကားရပ်များမှာ မလိုအပ်သဖြင့် ပယ်ဖျက်ပြီးစကားရပ်များ ကျစ်လျစ်ခိုင်မာ စေရန် ပြင်ဆင်ပါသည်။

(၂၄)    မူလအပိုဒ် ၁၃အပိုဒ်ခွဲ (ဂ)ရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲတွင် စကားရပ်အစား သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေတွင်ဟု ပြင်ဆင်ပါသည်။

(၂၅)    မူလအပိုဒ် ၁၄ အား ၁၉၇၅ ခုနှစ် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေ ပုဒ်မ ၅၉ ကို ရည်ညွှန်း၍ တိုင်တန်းချက် တင်သွင်းခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ်အားတာဝန်မှ ပြန်လည်ရုပ်သိမ်း ကြောင်း သို့မဟုတ် ရုပ်သိမ်းခြင်းမပြုကြောင်းကို မဲပေးဆုံးဖြတ်ရာတွင် မူလမဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် လာရောက် ဆန္ဒမဲပေးရမည့်အပြင် ဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ဆုံးဖြတ်ရမည်ဟု ပြင်ဆင် ဖြည့်စွက်ထားပါသည်။

(၂၆)    မူလအပိုဒ် ၁၅ ရှိ အတည်ပြုချက်နှင့်အညီ စကားရပ်အစား ဆန္ဒမဲနှင့်အညီဟု ပြင်ဆင်ပါသည်။

(၂၇)    မူလအပိုဒ် ၁၅ အပိုဒ်ခွဲ (က)အား တိုင်တန်းချက်တင်သွင်းခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းကြောင်း ဆုံးဖြတ်လျှင် ထိုသို့ရုပ်သိမ်း ကြောင်း ကြေညာရမည်ဟု ပြင်ဆင်ပါသည်။

(၂၈)    မူလအပိုဒ် ၁၅ အပိုဒ်ခွဲ (ခ)အား တိုင်တန်းချက်တင်သွင်းခြင်းခံရသူ လွှတ်တော် ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းမပြုကြောင်း ဆုံးဖြတ်လျှင် ထိုသို့ ရုပ်သိမ်းခြင်းမပြုကြောင်း ကြေညာရမည်ဟု ပြင်ဆင်ပါသည်။

(၂၉)    မူလအဆိုပြုချက် အပိုဒ် ၁၅ အပိုဒ်ခွဲ (ဂ)နှင့် (ဃ)တို့အား ပေါင်းစပ်၍ အပိုဒ်ခွဲ (ဂ) အဖြစ် ပုဒ်မခွဲ (က)နှင့် (ခ)ပါ ကြေညာချက်များကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာရမည့်အပြင် သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ ပေးပို့အကြောင်းကြားရမည်ဟု ပြင်ဆင်ပါ သည်။

(၃ဝ)    မူလအပိုဒ် ၁၆ ရှိ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ စကားရပ်တွင် လွှတ်တော်ကိုယ်စားလှယ် စကားရပ်သည် ဥပဒေရေးထုံးအရ မလိုအပ်သဖြင့် ပယ်ဖျက်ပါသည်။

(၃၁)    မူလပြဋ္ဌာန်းချက်အပိုဒ် ၁၆ ၏အောက်တွင် အပိုဒ် ၁၇ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၃၁၊ ၃၂၊ ၃၃ တို့အား ရည်ညွှန်း၍ တပ်မတော်သားကိုယ်စားလှယ်အား ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းရန်အကြောင်း ပေါ်ပေါက်လာပါကထိုကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျိုးကြောင်း ဖော်ပြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အကြောင်းကြားရမည်ဟု အသစ်ဖြည့်စွက်ထားပါ သည်။

(၃၂)    အပိုဒ် ၁၈ အဖြစ် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်နေသည့်ကာလတွင် လွှတ်တော် ကိုယ်စားလှယ် များအား မမှန်မကန်တိုင်ကြားခြင်းကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းရန်ရည်ရွယ်၍ မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်လျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တိုင်တန်းသူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား တည်ဆဲဥပဒေများအရ အရေးယူရမည်ဟု အသစ်ဖြည့်စွက်ထားပါသည်။

၆။       သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ နှင့်အညီ ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားစွာဖြင့် လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။