Skip to main content

အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့လာသော “ဆက်သွယ်ရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခြင်း

ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့လာသော “ဆက်သွယ်ရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် ဦးစိုးရယ်က ဥပဒေကြမ်း အစီရင်ခံစာကို အောက်ပါအတိုင်း တင်သွင်းခဲ့ပါသည်။

<--break->

၁။ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ဆက်သွယ်ရေးဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၌ ၇-၂-၂၀၁၃ ရက်နေ့တွင် စတင်တင်သွင်းခဲ့ပြီး ၂-၇-၂၀၁၃ ရက်နေ့တွင် ပြင်ဆင်ချက် များဖြင့် အတည်ပြုခဲ့ပါသည်။

၂။ ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် အမျိုးသားလွှတ်တော်က ပေးပို့လာပါသည်။

၃။ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအလို့ငှာ ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံနှင့်အဝှမ်း ကျယ် ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေး အကြံပြုနိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီသည် ၁၂-၇-၂၀၁၃ ရက်နေ့ နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ၁၂-၇-၂၀၁၃ ရက်နေ့မှ ၁၅-၇-၂၀၁၃ ရက်နေ့အထိ နေ့စဉ် ၁၃း၀၀ နာရီမှ ၁၈း၀၀ နာရီအတွင်း နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ဥပဒေကြမ်းကော်မတီ ရေးရာဆောင်အမှတ် (အိုင်-၂)သို့ လူကိုယ်တိုင်လာရောက် အကြံပြုဆွေးနွေးနိုင်ပါကြောင်း အသိပေးကြေညာခဲ့ပါသည်။

၄။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဆက်သွယ်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး    ၁၀-၇-၂၀၁၃ ရက်နေ့မှ ၃၀-၇-၂၀၁၃ ရက်နေ့ အတွင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ အကြံပြုရန် ရောက်ရှိလာကြ သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ လုပ်ငန်းရှင်များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေး ၈ ကြိမ်တိတိ ကျင်းပခဲ့ပါသည်။

၅။ ဤဥပဒေကြမ်းတွင် မူလက အခန်း ၂၀ ခန်း နှင့် ပုဒ်မပေါင်း ၈၆ ခု ပါရှိပြီး၊ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက် ၇၇ ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းဖြစ်ပါသည်။

၆။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉ ပါ အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ လေ့လာစိစစ်ခဲ့ကြရာ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များအနက် အောက်ဖော်ပြပါ ပုဒ်မ၊ ပုဒ်မခွဲ ၃၄ ချက်ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များ အတိုင်း လက်ခံရန် သဘောတူခဲ့ပါသည်။ စီစဉ်တင်ပြတဲ့အခန်း၊ ပုဒ်မ၊ ပုဒ်မခွဲကတော့- ဥပဒေခေါင်းစီး၊ အခန်း (၁) ပုဒ်မ ၃ ပုဒ်မခွဲ (ထ)၊(ပ)၊ (ဖ)၊ အခန်း (၄) အသစ်ဖြည့်စွက်ချက် ပုဒ်မ၈၊ ပုဒ်မ၉၊ ပုဒ်မ၁၁(ဂ)၊ အခန်း (၅) ပုဒ်မ ၁၅၊ ပုဒ်မ ၁၅ပုဒ်မခွဲ(က) ၊ ပုဒ်မ ၁၆၊ အခန်း (၆) ပုဒ်မ ၁၈ ပုဒ်မခွဲ (ခ)၊ အခန်း (၈) ပုဒ်မ ၂၃ ပုဒ်မခွဲ (က)(ခ)(ဂ)၊ အခန်း (၉) မူလပုဒ်မ ၂၅ ပုဒ်မခွဲ (က)ပယ်ဖျက်ခြင်း၊ ပုဒ်မ ၂၇၊ အခန်း (၁၀) မူလပုဒ်မ ၂၇ ပယ်ဖျက်ခြင်း၊ပုဒ်မ ၂၉၊ပုဒ်မ ၃၀၊ပုဒ်မ ၃၁၊ အခန်း (၁၁) ပုဒ်မ ၃၂ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၃၄ ပုဒ်မခွဲ (က)နှင့် (ခ)၊ အခန်း (၁၄) ပုဒ်မ ၄၃၊ အခန်း (၁၅) ပုဒ်မ ၅၂ ပုဒ်မခွဲ (က)၊ ပုဒ်မ ၄၆ ၊ အခန်း (၁၆) ပုဒ်မ ၅၆၊ ပုဒ်မ ၅၇၊ အခန်း (၁၉) မူလပုဒ်မ ၆၆ ပုဒ်မခွဲ (ခ) ပယ်ဖျက်ခြင်း နှင့် (ဂ)၊ အခန်း (၂၀) ပုဒ်မ ၇၅၊ ပုဒ်မ ၇၈၊ ပုဒ်မ ၈၀ ပုဒ်မခွဲ (က)၊ ပုဒ်မ ၈၁၊ ပုဒ်မ ၈၃၊ ပုဒ်မ ၈၅၊ ပုဒ်မ ၈၈ ပုဒ်မခွဲ (က)(ခ)နှင့်(ဂ)။

(ခ)     အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်များအနက် အောက်ဖော်ပြပါ ပုဒ်မ၊ ပုဒ်မခွဲ  ၇ချက် အား အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်အတိုင်း သဘောမတူဘဲ မူလပြဋ္ဌာန်းချက်များ အတိုင်းသာ လက်ခံရန်  သဘောတူခဲ့ကြပါတယ်။ အခန်း (၁) ပုဒ်မ ၃ ပုဒ်မခွဲ (ဎ)၊ (ဏ)၊ (န)၊ အခန်း (၂) ပုဒ်မ ၄ ပုဒ်မခွဲ (ဂ)၊ အခန်း (၄) ပုဒ်မ ၁၁ ပုဒ်မခွဲ (က)၊ ပုဒ်မ ၁၂၊ အခန်း (၈) ပုဒ်မ ၂၄။

(ဂ) ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထပ်မံပြင်ဆင်ရန် တင်ပြချက်များ မှာ အောက်ပါ အတိုင်းဖြစ်ပါတယ် -

(၁) မူလအခန်း (၁)၊ ပုဒ်မ ၂ ပါစာသားအား ဤဥပဒေပါပြဋ္ဌာန်းချက်များသည် ဟု ပြင်ဆင်ပါသည်။

(၂) မူလပုဒ်မ ၂ ပုဒ်မခွဲ (ခ)ရှိ မည်သည့်အရပ်ဆိုသည့် စကားရပ်အား  မည်သည့် အရပ်ဒေသ ဟု ပြင်ဆင်ပါသည်။

(၃) မူလပုဒ်မ ၃ ပုဒ်မခွဲ (ခ) ရှိ ကွန်ပျူတာပရိုဂရမ်၊ ဆော့ဖ်ဝဲနှင့်စကားရပ်အား မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၄) အမျိုးသားလွှတ်တော်၏ အသစ်ဖြည့်စွက်ချက် ပုဒ်မ ၃ ပုဒ်မခွဲ (င)ရှိ ပုဂ္ဂလိက နေအိမ် တစ်ခုအတွင်းတွင် စကားရပ်မှာ မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၅) မူလပုဒ်မ ၃ ပုဒ်မခွဲ (င)ရှိ အချက်အလက်အကြောင်းအရာ အသုံးချဝန်ဆောင်မှု လုပ်ငန်း ဆိုသည့် စကားရပ်တွင် အချက်အလက်အကြောင်းအရာ အသုံးချ ဝန်ဆောင်မှုလုပ်ငန်း (Content) သည် Broadcasting နှင့် ပုံနှိပ် Media များ တွင်ပါဝင်သည့် Content နှင့် တူညီနေသည့်အတွက်  Media  Authority ဖြစ် သော ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးကြပ်ခြင်းကပိုမို၍ သင့်လျော်ပြီး  ဆက်သွယ်ရေး  Regulaty  မှ Content အား ကြီးကြပ်ကွပ်ကဲမှု ပြုလုပ်ရန် မသင့်လျော် သည့်အတွက် ပယ်ဖျက်ပါသည်။

(၆) မူလပုဒ်မ ၃ ပုဒ်မခွဲ (င) ရှိ အချက်အလက်အကြောင်းအရာ အသုံးချ ဝန်ဆောင်မှု လုပ်ငန်းဆိုသည့် စကားရပ်အား ပယ်ဖျက်ပြီးဖြစ်သဖြင့် ရှေ့နောက် ညီညွတ်မှုရှိစေရန် အခန်း(၁)၊ပုဒ်မ ၃ ပုဒ်မခွဲ(ဇ)နှင့် အခန်း(၄)၊ ပုဒ်မ ၇ ပုဒ်မခွဲ (ဂ)တို့အား ပယ်ဖျက်ပါသည်။

(၇) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၃ ပုဒ်မခွဲ (ဋ) ရှိ စာဖြင့်ဟူသော စကားရပ်အား မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၈) ပုဒ်မ ၃ ပုဒ်မခွဲ (ဖ) အသစ်ဖြည့်စွက်ချက်အဖြစ် အယူခံခုံရုံးဆိုသည်မှာ ဝန်ကြီး ဌာနက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံ ဝင်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသော  ဆက်သွယ်ရေး ဆိုင်ရာ အယူခံခုံရုံးကို ဆိုသည်ဟုအသစ်ဖြည့်စွက်ပါသည်။

(၉)     အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း (၂) ၊ပုဒ်မ ၄ ပုဒ်မခွဲ (ခ) အား နိုင်ငံတော်၏ ဆက်သွယ်ရေး ကဏ္ဍအားဈေးကွက် ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက် များတွင် နိုင်ငံသားများ အတွက်အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးနှင့် စီးပွားရေး အခွင့် အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ချက်များ အဓိကပါဝင်နေသည့် အတွက် ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေး ကဏ္ဍများတွင် ပြည်တွင်း ပြည်ပမှ အခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်စေခြင်းဖြင့် အရည်အသွေးမြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန်စွာ ဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ထွက်လာ စေရန် ဟု ပြင်ဆင်ပါသည်။

(၁၀) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း (၂) ပုဒ်မ ၄ ပုဒ်မခွဲ (င)ရှိ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအလို့ငှာ စကားရပ်အား နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးနှင့် အများပြည်သူ လုံခြုံရေးအတွက်ဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

(၁၁) အခန်း (၃) အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး ပင်မဝင်ပေါက် ထွက်ပေါက် သတ်မှတ်ခြင်း ခေါင်း စဉ်နှင့် ယင်းအခန်းပါ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အား ပယ်ဖျက်ရခြင်းမှာ လိုင်စင်ရရှိသူများ၏ ဝန်ဆောင်မှုလုပ်ငန်းများမှ နိုင်ငံတကာသို့ ချိတ်ဆက်မှုများ အားလုံး အတွက် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ပင်မဝင်ပေါက်ထွက်ပေါက် (International Gateway) မှတစ်ဆင့် ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကဏ္ဍ  Operator များ အပြိုင်အဆိုင် ဆောင်ရွက်လာပြီး Communication Traffic တိုးတက် များပြားလာသည်နှင့် အမျှ နည်းပညာပိုင်းအရ  bottle-neck facility  ဖြစ်လာ မည့် အခြေအနေဖြစ်ပါသည်။ သို့ပါ၍ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းအား အစိုးရကသာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံေ တာ်မှ ချမှတ်ထားသည့် ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲမရှိ စေရန်အတွက် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မူလအခန်း (၄) မှ အခန်း (၆) သည် အခန်း(၃)မှ အခန်း (၅) အဖြစ် ပြောင်းလဲသွားပါမည် ဖြစ်ပါတယ်။

(၁၂) အမျိုးသားလွှတ်တော်ရဲ့ အသစ်ဖြည့်စွက်ချက် ပုဒ်မ ၁၀ သည် အခန်း (၂) ရည်ရွယ်ချက် ပုဒ်မ ၄ ပုဒ်မခွဲ(ခ)တွင် ပါရှိပြီးဖြစ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၁၃) မူလအခန်း(၃)အား ပယ်ဖျက်ထားပါသဖြင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ပင်မဝင်ပေါက် ထွက်ပေါက် (International Gateway)  လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိနိုင်ရေးအတွက် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၁၁ ပုဒ်မခွဲ (က)အောက်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း တည်ထောင်လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ရရှိသူက အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ခေါ်ဆိုမှု၊ ချိတ်ဆက်မှုတို့ အတွက် အပြည်ပြည်ဆိုင်ရာ ပင်မဝင်ပေါက်ထွက်ပေါက် လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားလာ လျှင် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ရယူပြီး ယင်းလုပ်ငန်းအတွက် သီးခြားသတ်မှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြု နိုင်သည်ဟု အသစ် ဖြည့်စွက်ပါ သည်။

(၁၄) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၁၁ ပုဒ်မခွဲ (ဂ) ၌ လုပ်ငန်း လိုင်စင်၏ သက်တမ်းကို တစ်ကြိမ်လျှင် အနည်းဆုံး ငါးနှစ်မှ အများဆုံး နှစ် ၂၀ အထိ လုပ်ကိုင်ခွင့်ပြု ထားသော်လည်း ဆက်လက်လုပ်ကိုင်ရန် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့် လျှောက်ထား လာပါက လိုင်စင်သက်တမ်း တိုးမြှင့်ပေးနိုင်ရေး အတွက် ပုဒ်မခွဲ(ဃ)အဖြစ် လုပ်ငန်းလိုင်စင်သက်တမ်းတိုးပေးရန် လျှောက်ထား ချက်ကို ဦးစီးဌာနက စိစစ်တင်ပြလာလျှင် သက်တမ်းတိုးရန် ခွင့်ပြုပေးနိုင် သည်ဟု အသစ်ဖြည့်စွက်ပါသည်။

(၁၅) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၁၂ ၏အောက်တွင်  လုပ်ငန်း လိုင်စင်ရရှိသူသည် ဥပဒေနှင့် အညီ ပြည်တွင်း၊ ပြည်ပ၊ ပုဂ္ဂိုလ်၊ ဌာန အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု အသစ်ဖြည့်စွက်ပါ သည်။

(၁၆) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၁၄ ပုဒ်မခွဲ (က)ရှိ သက်တမ်း တိုးမြှင့်ပေးရန် စကားရပ်နောက်တွင် လိုင်စင်သက်တမ်း မကုန်ဆုံးမီ စကားရပ် ဖြည့်စွက်၍   ပြင်ဆင်ပါသည်။

(၁၇) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၁၄ ပုဒ်မခွဲ (ခ)ရှိ သဘော တူညီချက်ဟူသော စကားရပ်အား ခွင့်ပြုချက်ဟု ပြင်ဆင်ပါသည်။

(၁၈) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အခန်း (၅) အား ပုဒ်မ ၁၅ ပုဒ်မခွဲ (ခ) ရှိ ငှားယူဟူသော စကားရပ်အား ရယူဟု ပြင်ဆင်ပါသည်။

(၁၉) အမျိုးသားလွှတ်တော်၏ အသစ်ဖြည့်စွက်ချက် ပုဒ်မ ၁၅ ပုဒ်မခွဲ (ဂ) အား ပုဒ်မ ၃ ပုဒ်မခွဲ (ဋ) တွင် ဆက်သွယ်ရေးပစ္စည်းများအား ဝန်ကြီးဌာနက သတ်မှတ် ပေးမည်ဖြစ်၍ တစ်ကိုယ်ရေ သုံးပစ္စည်းများ ပါဝင်မည် မဟုတ်သဖြင့် ပယ်ဖျက်ပါ သည်။

(၂၀) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၁၇ ပုဒ်မခွဲ (ဂ) အား လိုင်စင် ရရှိသူများကို ထည့်သွင်းကောက်ခံရမည့်အခများတွင် နည်းပညာတိုးတက် ပြောင်းလဲမှုကြောင့် ကောက်ခံမှု အပါအဝင် အချိန်အခါအရ ကောက်ခံမည့် အခကြေးငွေ( from time to time) တို့လည်း ပါဝင်သည့်အတွက် လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခ၊ အသုံးပြုခ၊ ဝန်ဆောင်ခတို့အပြင် နည်းပညာအရ သော်လည်းကောင်း၊ အချိန်အခါအရသော်လည်းကောင်း  ကောက်ခံမည့် အခကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်ဟု ပြင်ဆင်ပါ သည်။  

(၂၁) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၁၉ ရှိ သုံးစွဲသူပြည်သူ တစ်ဦးချင်း စီ၏ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်များကိုဆိုသည့် စကားရပ်အား သုံးစွဲသူ ပြည်သူ တစ်ဦးချင်းစီ၏ လျှို့ဝှက်ထားရှိရမည့် သတင်းအချက်အလက် များကိုဟု ပြင်ဆင်ပါသည်။

(၂၂) မူလ ပုဒ်မ ၁၈ ပုဒ်မခွဲ (ခ) ရှိ ပုဒ်မ ၆၀ပါ စကားရပ်အား မလိုအပ်ပါသဖြင့် ပယ်ဖျက် ပါသည်။

(၂၃) မူလအခန်း(၇)၊ ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်း များကို ထောက်ခံချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း ခေါင်းစဉ်နှင့် ယင်းအခန်းပါ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၂၁ ၊ ပုဒ်မ ၂၂ ပုဒ်မခွဲ (က)၊ (ခ) နှင့် ခြွင်းချက်တို့အား ဆက်သွယ်ရေးပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းများအတွက် ဤဥပဒေပါ အခန်း(၁၀) တွင် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းအဖြစ် ပါဝင်ပြီး ဖြစ်သဖြင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအတိုင်း Type Approval ဖြင့် လက်ခံဆောင်ရွက်ပေးနိုင်ခြင်း၊ ပြည်သူလူထုမှ ဆက်သွယ်ရေးပစ္စည်းအတွက် ဦးစီးဌာနတွင်လိုင်စင်၊ ထောက်ခံချက်၊ စံချိန်စံညွှန်းစသည်တို့အတွက် ထောက်ခံ ချက်ထပ်မံပြုလုပ်ရမည့် လုပ်ငန်းစဉ်များ လျော့နည်းစေရန်အတွက် ပယ်ဖျက် ပါသည်။ သို့ဖြစ်ပါ၍ မူလအခန်း (၈) မှ အခန်း (၁၂) အထိသည် အခန်း (၆)မှ အခန်း(၁၀) အဖြစ် ပြောင်းလဲသွားပါသည်။

(၂၄) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၂၉ ၏ အောက်တွင် ဦးစီး ဌာနသည် ပြည်တွင်း သို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းပြုနိုင်ရန်အတွက် ကွန်ရက်အထောက်အကူပြုပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်း အမျိုးအစားများ ၏ စံချိန်စံညွှန်းကိုသတ်မှတ်ရမည်ဟု အသစ်ဖြည့်စွက်ပါသည်။

(၂၅) မူလပုဒ်မ ၃၂ ပုဒ်မခွဲ (က)တွင် ပုဒ်မ ၃၁ ပုဒ်မခွဲ (ခ)အရဆိုသည့် စကားရပ် အား ဖြည့်စွက် ပါသည်။

(၂၆) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၃၈ ရှိ ကွန်ရက် အတွင်း မလျော်ကန် သော နည်းလမ်းများဖြင့် ဆိုသည့် စကားရပ်များအား ပယ်ဖျက်၍ ဈေးကွက်အတွင်း စကား ရပ်ဖြင့် ပြင်ဆင်ဖြည့်စွက် ပါသည်။

(၂၇) မူလပုဒ်မ ၃၈ ပုဒ်မခွဲ (ခ) အား ပြိုင်ဆိုင်မှုကို လျော့နည်းစေရန် ရည်ရွယ် ချက် ဖြင့် ဈေးကွက် အားခွဲဝေရယူရန် ဆောင်ရွက်ခြင်းဟု ပြင်ဆင်ပါသည်။

(၂၈) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ပုဒ်မ ၄၁ အား ဥပဒေရေးထုံးနှင့် ညီညွတ်စေရန် အတွက် ပုဒ်မဟူသော စကားရပ်များကို ဖြည့်စွက်ပါသည်။

(၂၉) မူလအခန်း (၁၄)အား အခန်း (၁၅) အဖြစ် ပြန်လည်ပြင်ဆင်ထားပါသဖြင့် အခန်းနှင့် ပုဒ်မစဉ်များ ပြောင်းလဲသွားပါမည်။

(၃၀) မူလပုဒ်မ ၄၃ ပုဒ်မခွဲ (က) ရှိ ဖြေရှင်းပေးချက် စကားရပ်အား ဆုံးဖြတ် ပေးချက် ဟု ပြင်ဆင်ပါသည်။

(၃၁) မူလပုဒ်မ ၄၃ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၁) ရှိ လိုအပ်ပါက ဟူသော စကားရပ် အား လိုအပ်သော ဟု ပြင်ဆင်ပါသည်။

(၃၂) မူလပုဒ်မ ၄၃ ပုဒ်မခွဲ (ဂ)အား ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မကျေနပ်သူ သည် လုပ်ထုံးလုပ်နည်းနှင့်အညီ အယူခံခုံရုံးသို့ ရက်ပေါင်း ၄၅ ရက် အတွင်း အယူခံနိုင်သည်ဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

(၃၃) အခန်း (၁၇) အယူခံခုံရုံးဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်း ဟူသော အခန်းအသစ်အဖြစ် ထပ်မံဖြည့်စွက်ထားပါသဖြင့် အခန်း နှင့် ပုဒ်မအစဉ်များ ပြောင်းလဲ သွားပါမည်။

(၃၄) မူလအခန်း (၁၅) အား အခန်း (၁၁) အဖြစ် ပြန်လည်ပြင်ဆင်ထားပါသဖြင့် အခန်းနှင့် ပုဒ်မစဉ်များ ပြောင်းလဲသွားပါမည်။

(၃၅) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၄၇ အား အရေးအသား ပြေပြစ်စေ ရန် ရှေ့နောက် ပြောင်းလဲပြင်ဆင် ထားပါသည်။

(၃၆) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၅၁ အား လုပ်ငန်းလိုင်စင်ရရှိသူ သည် မိမိ၏ကွန်ရက် အထောက်အကူပြု ပစ္စည်းတပ်ဆင်ခြင်း သို့မဟုတ် ထိန်းသိမ်း မွမ်းမံခြင်းပြုရာတွင်ပေါ့လျော့ခြင်း သို့မဟုတ် တမင်ပျက်ကွက် ခြင်းကြောင့် တစ်ဦး တစ်ယောက်သော သူအားထိခိုက် ဒဏ်ရာရရှိစေခြင်း သို့မဟုတ်  ပစ္စည်း တစ်စုံတစ်ရာ ပျက်စီး ဆုံးရှုံးစေခြင်းဖြစ်လျှင် ထိခိုက် ဒဏ်ရာရသူ သို့မဟုတ် နစ်နာသူသည် လုပ်ငန်းလိုင်စင် ရရှိသူထံမှ သတ်မှတ်ချက်နှင့် အညီ လျော်ကြေး ရထိုက်ခွင့် ရှိသည်ဟု ပြင်ဆင်ပါသည်။

(၃၇) မူလအခန်း (၁၆) အား အခန်း (၁၂) အဖြစ် ပြန်လည်ပြင်ဆင်ထားပါသဖြင့် အခန်းနှင့် ပုဒ်မစဉ်များ ပြောင်းလဲသွားပါမည်။

(၃၈) မူလပုဒ်မ ၅၃ အား သဒ္ဒါအထားအသိုမှန်ကန်စေရန် အစီအစဉ်များကို ဆိုသည့် စကားရပ် အစား အစီအစဉ်များအားဟု ပြင်ဆင်ပါသည်။

(၃၉) မူလအခန်း (၁၈)အား အခန်း (၁၆) အဖြစ် ပြန်လည်ပြင်ဆင်ထားပါသဖြင့် အခန်းနှင့် ပုဒ်မစဉ်များ ပြောင်းလဲသွားပါမည်။

(၄၀) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၆၀ အား ဦးစီးဌာနသည် လိုင်စင်ရရှိသူက လိုင်စင် စည်းကမ်းချက်တစ်ရပ်ရပ်ကို  ဖောက်ဖျက်လျှင် ဖြစ်စေ၊ အခန်း (၆)ပါ တာဝန် တစ်ရပ်ရပ်ကို ဖြစ်စေ၊ ပုဒ်မ ၃၈ အရ ညွှန်ကြားချက်ကို ဖြစ်စေ၊ပုဒ်မ ၄၀ အရ ဦးစီးဌာန၏ စေ့စပ်ညှိနှိုင်း ဆုံးဖြတ်ချက် ကိုဖြစ်စေ၊ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ) အရ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်ဟု ပြင်ဆင်ပါသည်။

(၄၁) မူလပုဒ်မ ၆၀ ပုဒ်မခွဲ (က)နှင့် (ခ)တို့အား နိုင်ငံတော်၏ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေများအရ တည်ငြိမ်မှု၊ အေးချမ်းမှု ပျက်ပြားစေခြင်း၊ ယဉ်ကျေးမှုထိခိုက်စေ ခြင်းတို့အတွက် သီးခြားသက်ဆိုင်ရာ ဥပဒေ အသီးသီးဖြင့် ပြဋ္ဌာန်းဆောင်ရွက်ထား ပြီး ဖြစ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၄၂) မူလအခန်း (၁၉) အား အခန်း(၁၈) အဖြစ် ပြန်လည်ပြင်ဆင်ထားပါသဖြင့် အခန်းနှင့် ပုဒ်မစဉ်များ ပြောင်းလဲသွားပါမည်။

(၄၃) မူလပုဒ်မ ၆၁ တွင် ပါရှိသော ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး တစ်ဆယ်နှစ်အထိ ဆိုသည့် စကားရပ်အစား ငါးနှစ်ထက် မပိုသော ထောင်ဒဏ် ဟု ပြင်ဆင် ပါသည်။

(၄၄) မူလပုဒ်မ ၆၂ ရှိ ပြစ်ဒဏ်ကို ငါးနှစ် အစား သုံးနှစ် ဟု ပြင်ဆင်ပါသည်။

(၄၅) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ပုဒ်မ ၆၄ ပုဒ်မခွဲ (က)ရှိ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်မရှိဘဲ မရိုးမဖြောင့်သောသဘောဖြင့် ဝင်ရောက်ခြင်း၊ ကြည့်ရှုခြင်း၊ ဝင်ရောက်အသုံးပြုခြင်းဆိုသည့် စကားရပ်အား ပယ်ဖျက်၍ ခွင့်ပြုချက် မရှိဘဲဟု ပြင်ဆင် ပါသည်။

(၄၆) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၆၄ ပုဒ်မခွဲ (ခ)ရှိ မရိုးမဖြောင့် သော သဘောဖြင့် စကားရပ်အား မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၄၇) မူလပုဒ်မ ၆၃အား အခန်း(၃)ဖြစ်သော အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး ပင်မဝင်ပေါက် ထွက်ပေါက်ဖြင့် ဆက်သွယ် အသုံးပြုခြင်းဆိုသည့် အခန်းအား ပယ်ဖျက်ပြီးဖြစ်သဖြင့် လိုအပ်မှုမရှိပါသောကြောင့် ပယ်ဖျက်ပါသည်။

(၄၈) မူလပုဒ်မ ၆၅ ပုဒ်မခွဲ(က)၊(ခ)နှင့်(ဂ)တို့သည် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ဆက်သွယ်ရေးပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ဖြစ်စေကျူးလွန်မည့် (က) (ခ) နှင့်(ဂ)ပါအကြောင်း အချက်အလက်များသည် ဤဥပဒေပါဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သူများ အတွက် မသက်ဆိုင်ဘဲ အသုံးပြုသူက ကျူးလွန်နိုင်သည့် ပြစ်မှုများ ဖြစ်သဖြင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေစသည်တို့ဖြင့် အရေးယူနိုင်သဖြင့် ယခုဆက်သွယ်ရေး ဥပဒေတွင် ထည့်သွင်းရန် မလိုအပ်ပါသဖြင့် ပယ်ဖျက်ခြင်း ဖြစ်ပါသည်။

(၄၉) မူလပုဒ်မ ၆၆ နှင့် ပုဒ်မ ၆၇ ရှိ ပြစ်ဒဏ်များကို သုံးနှစ် အစား တစ်နှစ်ဟု ပြင်ဆင်ပါသည်။

(၅၀) မူလပုဒ်မ ၆၆ ပုဒ်မခွဲ (က)ရှိ လက်ခံခြင်းဟူသော စကားရပ်အား ပယ်ဖျက်ပြီး စကား ရပ်များအား ရှေ့နောက်ပြောင်းလဲ၍ ပြင်ဆင်ထားပါသည်။

(၅၁) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၇၀ ရှိ ပြစ်ဒဏ်အား သုံးနှစ် အစား တစ်နှစ်၊ မူလပုဒ်မ ၆၉ ရှိ ပြစ်ဒဏ်အား တစ်နှစ် အစား ခြောက်လဟု ပြင်ဆင် ထားပါသည်။

(၅၂) မူလပုဒ်မ ၇၀ တွင် ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့် နှင့် ညွှန်ကြား ချက်များ ပါ ဆိုသည့် စကားရပ်အား ထပ်မံဖြည့်စွက်၍ ပြစ်ဒဏ် တစ်နှစ် အား ခြောက်လ ဟု ပြင်ဆင်ထားပါသည်။

(၅၃) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၇၃ တွင် အားပေးကူညီလျှင် ဖြစ်စေ စကားရပ်အား ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ဆိုသည့် စကားရပ်အား ထပ်မံဖြည့်စွက်ပါသည်။

(၅၄) မူလအခန်း (၂၀)အား အခန်း (၁၉) အဖြစ် ပြန်လည်ပြင်ဆင် ထားပါသည်။

(၅၅) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၇၄ တွင် အကာအကွယ်ပေးခြင်း ကိစ္စများဆိုသည့် စကားရပ်အား အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စများဟု ပြင်ဆင်ပါသည်။

(၅၆) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၇၇ တွင် လိုအပ်သည့်သတင်း အချက်အလက်နှင့် ဆက်သွယ်မှု များကို ရရှိနိုင်ရေးဆိုသည့် စကားရပ်အား ဖြည့်စွက်ပါသည်။

(၅၇) မူလပုဒ်မ ၇၆ ရှိ ဆောင်ရွက်သည့် ဖမ်းယူမှုများဆိုသည့် စကားရပ်အား  ဆောင်ရွက်သည့် လုပ်ငန်းများဟု ပြင်ဆင်ပါသည်။

(၅၈) အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ပုဒ်မ ၈၂ ရှိ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး ပင်မဝင်ပေါက် ထွက်ပေါက် သတ်မှတ်ချက်ကိုလည်းကောင်း ဆိုသည့် စကားရပ်မှာ အခန်း(၃)အား ပယ်ဖျက်ပြီးဖြစ်၍ မလိုအပ်သောကြောင့် ပယ်ဖျက်ပါသည်။

(၅၉) အမျိုးသားလွှတ်တော်၏ အသစ်ဖြည့်စွက်ချက် ပုဒ်မ ၈၇ ရှိ ၂ နှစ်ဆိုသည့် စကားရပ်အား နှစ် နှစ် ဟု စာအရေးအသားပြင်ဆင်၍ ထိုသို့ ဖွဲ့စည်းပြီးပါက ဦးစီးဌာန လုပ်ငန်းများအား ကော်မရှင်သို့ လွှဲပြောင်းပေးအပ်ရမည်ဆိုသည့် စကားရပ်အား ပယ်ဖျက်ပါသည်။

၇။ သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် ဆက်သွယ်ရေးဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၁ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၆၃ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။

ပြည်သူ့လွှတ်ဥက္ကဋ္ဌ

ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေကြမ်းနှင့်ပတ်သက်၍ တင်ပြလိုပါက တင်ပြနိုင်ပါကြောင်း ပြောကြားရာ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းတင်

ဥပဒေကြမ်းတင်ပြနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်မှနေပြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး ဆိုင်ရာကော်မတီနှင့် ဥပဒေကြမ်းကော်မတီများနီးနီး ကပ်ကပ်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ဝိုင်းဝန်း အကူအညီပေးကြသည့် အတွက် အချိန်တိုတို အတွင်းမှာ ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြည့်ပြည့် စုံစုံလေး ဆွေးနွေးနိုင်ခဲ့ရာ နိုင်ငံ တကာအနေနဲ့ သော်လည်းကောင်း ပြည်တွင်း လုပ်ငန်းရှင်များအတွက် လုပ်ငန်းကိုင်ခန်း အခွင့်အလမ်းများ၊ တိုင်းသူ ပြည်သားများအတွက်လည်း အချိန်တိုအတွင်းမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုများ မြန်မြန်ဆန်ဆန် ရနိုင်သည့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာပြီဖြစ်သည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်သူ့လွှတ်ဥက္ကဋ္ဌ

ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာဖော်ပြ၍ ၅-၈-၂၀၁၃ ရက် (တနင်္လာနေ့) နောက်ဆုံး ထားပြီး အမည်စာရင်းပေးကြရန်ဖြစ်ကြောင်း၊ ထိုသို့ပေးသွင်းနိုင်မှသာ တနင်္လာနေ့ နောက်ပိုင်း အင်္ဂါ၊ ဗုဒ္ဓဟူးကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများက စိစစ်ပြီး နောက်တစ်ပတ် လွှတ်တော်၌ တင်ပြရန် ပြုစုရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဤဥပဒေအား လာမည့်တစ်ပတ် သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြီးသွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက လုပ်ငန်းကိုင်ခန်း အခက်အခဲဖြစ်စေမည် ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နားလည်ပြီး လာမည့် တနင်္လာနေ့တွင် မိမိတို့ အကြံပြု တင်ပြစရာများအား တင်ပြစေလိုပါကြောင်း အသိပေးကြေညာပါသည်။