Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပညာရေးမြှင့်တင်မှုကော်မတီမှ ကျင်းပပြုလုပ်သည့် အမျိုးသား ပညာရေးဥပဒေ(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာလ ၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့မွန်းလွဲ ၁ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ ဇမ္ဗူသီရိအစည်းအဝေးခန်းမဆောင်၌ ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီမှ ကျင်းပပြုလုပ်သည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း) ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

<--break->

အခမ်းအနားအစီအစဉ်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးကဏ္ဍအရေးကြီးကြောင်း အမွှန်း တင် ပြောဆိုနေကြ သော်လည်း အားပေးမှု၊ ဝိုင်းဝန်းကူညီမှုနှင့် လုပ်ဆောင်ချက်အပိုင်း၊ အကောင် အထည်ဖော်သည့်အပိုင်းများတွင် အားနည်းလျက်ရှိနေပါကြောင်း၊ အချို့ကိစ္စရပ်များတွင် ဥပဒေများပြောင်း လဲပြုပြင်ပြီးမှ ဆောင်ရွက်ရမည့်ကိစ္စများ ရှိမှာ ဖြစ်သလို ဥပဒေများမပြုပြင်နိုင်သေးမီ လုပ်ဆောင်နိုင်သည့်ကိစ္စများအား တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လွှတ်တော်ဘက်မှ ပါဝင်ကူညီရမည့် ကိစ္စရပ်များရှိသကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပြင်ဆင်ရမည့်ကိစ္စရပ်များကိုလည်း လျင်လျင်မြန်မြန် သွက်သွက်လက်လက် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ လွှတ်တော်ဘက်က ပါဝင်ကူညီရန် ကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေး စနစ်ကောင်းသည်ဟု ပြောကြသည့်အချိန်တွင် မိမိတို့သည် ကျောင်းသားဘဝတွင်ရှိခဲ့ပြီး၊ ပညာရေးစနစ်မကောင်းဘူးဟု ပြောဆိုနေသော ယနေ့အချိန်အခါတွင် မိမိတို့အနေဖြင့် ပညာရေးဆိုင်ရာ ဆရာ၊ ဆရာမကြီးများအပိုင်းနှင့် ပညာရေးဆိုင်ရာ စီမံခန့်ခွဲသူများ အပိုင်းသို့ ရောက်ရှိနေကြပြီဖြစ်သဖြင့် ပညာရေးစနစ် ကောင်းမွန်ရန်အတွက် ရှေးကဖြစ်ပေါ်ခဲ့သည် များကို သင်ခန်းစာရယူပြီး ယနေ့လုပ်နိုင်သည်များကို  စတင်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ မလုပ်ဆောင်ပါက မိမိတို့အနေဖြင့် တာဝန်မကျေပွန်သူ၊ အရည်အချင်းမရှိသူများ ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စေတနာထား၍ လက်တွေ့ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သင်ကြားရေးအပိုင်း လိုအပ်ချက်များကို စိစစ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လိုအပ်ချက်များ ကူညီထောက်ပံ့ပေးရေး ကိစ္စများကိုလည်း လက်တွေ့ကျကျ ဆောင်ရွက်ပေးပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် ပညာကို အမှန်တကယ် မြှင့်တင်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်သူ့ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပညာရေးကဏ္ဍတွင် လက်တွေ့ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ (သတင်းစဉ်)

မှတ်တမ်းဓါတ်ပုံများ