Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်- မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိလာသော ဂျပန်- မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးအလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ အကြံဉာဏ်နှင့် အကူအညီများရရှိရေး၊ မြန်မာပြည်သူများအတွက် ထိရောက်ပြီး လက်တွေ့ကျသည့် အထောက်အပံ့နှင့် အကူအညီများ ဖြစ်ပေါ်လာစေရေး၊ မြန်မာပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းရှိသော တောင်သူလယ်သများ၏ အကျိုး စီးပွားဖြစ်ထွန်းစေရေး အတွက် အတိုးနှုန်းသက်သာသော ချေးငွေများရရှိရေး၊ နည်းပညာအကူအညီပေးရေး၊ လယ်ယာထွက်ကုန်များအတွက် ထိုက်သင့်သောဈေးနှုန်းနှင့် ဈေးကွက်ရရှိရေး၊ ဂျပန်နိုင်ငံမှ အကူအညီ အထောက်အပံ့ပေးနေသော (ODA) အစီအစဉ်များရရှိရေး၊ မြန်မာ- ဂျပန် နှစ်နိုင်ငံ စီးပွားရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဦးမောင်ဦး၊ ကော်မတီအတွင်းရေးမှူး ဦးကြည်သာ၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

မှတ်တမ်းဓါတ်ပုံများ