Skip to main content

ဆက်လက်ထုတ်ဝေမည့် ငွေစက္ကူများကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ထုတ်ဝေပေးရန် တိုက်တွန်းကြောင်း အဆို

မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါလေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင်ယခင်ခေတ် အဆက်ဆက်က အတိုင်း ပြန်လည် အစားထိုးထုတ်ဝေပေးရန် ဤလွှတ်တော်က ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို

<--break->

ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ယခင်အစိုးရ အဆက်ဆက်ထုတ်ဝေခဲ့သော ငွေစက္ကူများ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ရုပ်ပုံအား အလေးထား ဖော်ပြဂုဏ်ပြု ထုတ်ဝေခဲ့ပါသည်။ ယခုထုတ်ဝေလျက် ငွေစက္ကူ များတွင် တစ်ထောင်ကျပ်တန ်အထိမှာ ခြင်္သေ့ပုံများဖော်ပြထားသည်ဖြစ်ရာ အဆိုပါခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ်အသားဖြစ်နေကြောင်း တွေ့ရှိနေရပါသည်။ သို့အတွက် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ်အသားအား နိုင်ငံတော်အဆင့်အမှတ်အသားနှင့် မတူသင့်ဟု ယူဆပါ သည်။

သို့ဖြစ်ပါ၍ “မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါလေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင် ယခင်ခေတ် အဆက်ဆက်ကအတိုင်း ပြန်လည်အစားထိုးထုတ်ဝေပေးရန် ဤလွှတ်တော်က ပြည်ထောင်စု အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း” အဆို အားလွှတ်တော်သို့တင်သွင်းရာ ယင်းအဆိုအား ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်သိန်းက ထောက်ခံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး မှ “မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ကေသရာဇာခြင်္သေ့မင်းပုံပါငွေစက္ကူများကို ၁၉၅၂ ခုနှစ်ကတည်းက ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ ၂၀၁၀ ပြည့်နှစ် မေလမှာ စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည့် အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ပါတီအဖွဲ့အစည်းတစ်ခု၏ တံဆိပ် အမှတ်အသားကို ငွေစက္ကူရိုက်နှိပ် ထုတ်ဝေခြင်း မဟုတ်ပါကြောင်း။”

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအခန်း(၉) ပုဒ်မ ၆၅ အရ “ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါး၏တန်ဖိုးအဆင်အပြင် ဖွဲ့စည်းပါဝင်သည့် ဝတ္ထုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်” ဟု သတ်မှတ်ပြဋ္ဌာန်း ပါရှိပါကြောင်း။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နောက်ထပ်ငွေစက္ကူများ ထပ်မံထုတ်ဝေရန်ရှိသောအချိန်တွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ့၏ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ စသည်တို့ကို အခြေအနေအချိန် အခါနဲ့ လိုက်လျောညီထွေ ရှိမည့်ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်းရိုက်နှိပ် ထုတ်ဝေသွားမည်ဖြစ်ပါကြောင်း ရှင်းလင်တင်ပြပါသည်။

ရှင်းလင်းတင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ အဆိုရှင်၏ သဘောထားအားမေးမြန်းရာ အဆိုရှင် ဦးသိန်းညွန့်မှ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၏ ဖြေကြားချက်တွင် “နောင်ဆက်လက်ရိုက်နှိပ်သော ငွေစက္ကူများကို ရိုက်နှိပ်သည့်အခါ ထင်ရှားသောခေါင်းဆောင်များ”ဆိုသည့် အတွက် မိမိအနေဖြင့် လွှတ်တော်သို့ မှတ်တမ်းတင်ပေးထားလိုပါကြောင်း ပြောကြားရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ ဦးသိန်းညွန်တင်သွင်းသော အဆိုအား လွှတ်တော်၌ မှတ်တမ်းတင်ထားရှိရန် အဆုံးအဖြတ်ရယူရာ လွှတ်တော်မှ သဘောမတူသူ မရှိသည့်အတွက် အဆိုအား လွှတ်တော်၌ မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း အတည်ပြု ဆုံဖြတ်ခဲ့ပါသည်။

 

အဆိုဆွေးနွေးချက်အပြည့်အစုံ