Skip to main content

ပြည်သူတို့၏အသံများနှင့် သဘောထားဆန္ဒများကို မှန်မှန်နှင့်မြန်မြန် လွှတ်တော်သို့ရောက်ရှိ တင်ပြရန် လိုအပ်

မိတ္ထီလာ၊ နိုဝင်ဘာ ၁၀

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် မိတ္ထီလာ ခရိုင် အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မိတ္ထီလာမြို့ရှိ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ လွှတ်တော်ကော်မတီဥက္ကဌများဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ ဦးဇော်မြင့်ဖေ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းမောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအုန်းသန်းနှင့် ဒေါက်တာဝင်းမြင့်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပါတီအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံမြို့မိ/ဖများ၊ မြို့နယ်အထောက်အကူပြုကော်မတီဝင်များ၊ သတင်းမီဒီယာ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က အမှာစကားပြောကြားရာတွင်   လွှတ်တော် သည် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဟူသည့် လွှတ်တော်ဆောင်ပုဒ်အတိုင်း ချမှတ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အသီးသီးသည် ပြည်သူများ၏ လိုအပ်ချက် သဘောထားဆန္ဒများကို ယူဆောင်ပြီး လွှတ်တော်တွင် တင်ပြကြသည့် အသံများအား များစွာ ကြားသိနေရပါကြောင်း၊ လွှတ်တော်ရပ်နားချိန်များတွင် ပြည်နယ်တိုင်း ဒေသအသီးသီးသို့ သွားရောက်ခဲ့ရာ ပြည်သူ့အသံများ ပြည်သူတို့၏လိုအပ်ချက်အခက်အခဲများကို ကြားသိခဲ့ရပြီး အများပြည်သူတို့နှင့် သက်ဆိုင်သည့်အကြောင်းအရာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ညှိနှိုင်း ပေးနိုင်ခဲ့ပါကြောင်း၊ မိတ္ထီလာဒေသ၊ မိတ္ထီလာခရိုင်အတွင်းရှိ ပြည်သူတို့၏ဆန္ဒ၊ အခက်အခဲ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အပြုသဘောဆောင်တင်ပြစေလိုပါကြောင်း၊ လွှတ်တော်ဘက်မှ ဆောင်ရွက် စရာရှိသည်များကို ချက်ချင်းလက်ငင်း လုပ်ကိုင်ဆောင်ရွက် ပေးမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့က ဆောင်ရွက်ပေး စရာများ ရှိလျှင်လည်း ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။

ခေတ်စနစ်ပြောင်းလဲလာသည်နှင့်အညီ ပါတီစုံဒီမိုကရေစီနှင့်ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျှက် ရှိနေပါကြောင်း၊ ယနေ့ကမ္ဘာတွင်လွှတ်တော်များကို နိုင်ငံ တစ်နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောအဖြစ် အဆိုအမှတ်ပြုလျှက်ရှိပြီးအချို့က လွှတ်တော်မရှိ ဒီမိုကရေစီမရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိ ဆို၍ ပြောဆို သုံးနှုန်းနေကြပြီး လက်တွေ့တွင်လည်း မြင်တွေ့ကြရမှာဖြစ်ကြောင်း၊ ယနေ့တွင် လွှတ်တော်များ ပေါ်ပေါက်ခဲ့ ပြီဖြစ်ရာ  လွှတ်တော်များသည် လွှတ်တော်တာဝန်များသာမက အဓိကတာဝန်ဖြစ် သည့် ဥပဒေပြုရေး တာဝန်များကို ထမ်းဆောင်လျှက် ရှိနေပါကြောင်း။

ပြည်သူများ၏ဆန္ဒသဘောထားများအတိုင်း ပြည်သူ့ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သည့် စနစ်ဖြစ်သည့်အတွက် အုပ်ချုပ်ရာတွင် ပြည်သူများ၏ဆန္ဒနှင့်အညီ ပြဌာန်းထားသည့် ဥပဒေ အတိုင်းအုပ်ချုပ်ရ မည်ဖြစ် ပါကြောင်း၊ ပြည်သူများ၏အကျိုးစီးပွါးများဖြစ်ထွန်းစေမည့် ဥပဒေများပြဌာန်းနိုင်ရန် လွှတ်တော်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူများ အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ဥပဒေများပြဌာန်းနိုင်ရန် ပြည်သူတို့၏ ဆန္ဒသဘောထား အမြင်များကို လွှတ်တော်က သိရှိရန်လိုအပ်ပါကြောင်း၊ ပြဌာန်းပြီးသည့် တည်ဆဲ ဥပဒေများကို ပြန်လည်ဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်/ပယ်ဖျက်/အစားထိုး/ အသစ်ပြဌာန်းစရာ ရှိသည်များကို ပြဌာန်းဆောင်ရွက်နိုင်ရန် လွှတ်တော်က တာဝန်ယူဆောင်ရွက်လျှက် ရှိနေပါကြောင်း၊  လွှတ်တော်တွင် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲလျှက် ရှိပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွါးမြှင့်တင်ရေး ဥပဒေကိုလည်း ပြဌာန်းပြီး ဖြစ်ပါကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေများအား ပြည်သူ အားလုံးလိုက်နာ ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသည့် ပြည်သူတို့၏အခွင့်အရေးကို အပြည့်အဝကာကွယ်မည် ဖြစ်ကြောင်း၊ လျှပ်စစ်မီတာ ကောက်ခံမှုများအား လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် အခြေအနေများအား ပြည်သူတို့ ကြားတွင် မကျေမနပ်အသံများ ကြားရသည့်အတွက်  သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည်သုံးသပ်တင်ပြနိုင်ရန် ဆောင်ရွက်လျှက် ရှိနေပါကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်ခဲ့သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှု များတွင်  မတရားသိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် လွှတ်တော်မှပါဝင်ဆောင်ရွက်လျှက် ရှိနေပါကြောင်း၊  နယ်မြေတည်ငြိမ်အေးချမ်းမှုများ ထိခိုက်မှုမရှိစေရန်လည်း  လွှတ်တော်ကပါဝင်ဆောင်ရွက် လျှက်ရှိကြောင်း၊ လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့်အလျှောက် လွှတ်တော်၏ ရည်ရွယ်ချက်များ အတိုင်းဖော်ဆောင်နိုင်ရန် ပြည်သူတို့၏ အသံများ၊ ပြည်သူတို့၏ သဘောထား ဆန္ဒများကို မှန်မှန် နှင့်မြန်မြန် လွှတ်တော်သို့ရောက်ရှိ တင်ပြရန်လိုအပ်ပါကြောင်း၊ ပြည်သူများ၏လိုအပ်ချက် များကို ဖြည့်တင်းပြီးပြည်သူတို့၏အသံများကို ကြားသိ လိုပါကြောင်းဖြင့် နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ယင်းနောက်အစည်းအဝေးသို့ တက်ရောက် လာကြသော ဒေသခံပြည်သူများက  လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စု လွှတ်တော်နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြည့်စွက် ဖြည့်ဆည်း ရှင်းလင်းသည်။

ထို့နောက်ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက နိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းပြီး ဒေသခံပြည်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ နှုတ် ဆက် ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)   

မိတ္ထိလာခရီးစဉ် မှတ်တမ်းဓါတ်ပုံများ