Skip to main content

ပြည်သူတို့၏ ဆန္ဒ၊ ပြည်သူတို့၏ လိုအပ်ချက်များအတိုင်း နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရန် ဆောင်ရွက်ကြရမည်။

ကလေး နိုဝင်ဘာ ၁၇

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကလေးဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ မြို့တော် ခန်းမ၌ ကျင်းပသည်။

<--break->

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် သူရဦးအောင်ကိုနှင့် ဒေါက်တာခင်ရွှေ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြားရာတွင် မိမိတို့သည် ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏ လိုအပ်ချက်များကို ကြားသိနိုင်ရန် ရောက်ရှိလာရခြင်းဖြစ်ကြောင်း၊ (ပြည်သူ့အသံ  လွှတ်တော်အသံ)၊ (ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ)၊ (ပြည်သူတို့၏လိုအပ်ချက် လွှတ်တော်က  ဖော်ဆောင်ရွက်)ဟူသည့် ဆောင်ပုဒ် များအတိုင်း လွှတ်တော်မှ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ လွှတ်တော် ကျင်းပနေစဉ်အတွင်း ပြည်သူတို့၏ ဆန္ဒများအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌများမှ တစ်ဆင့် မေးခွန်းများ မေးမြန်းခြင်း၊ အဆို တင်သွင်းခြင်း၊ ဥပဒေကြမ်းများ တင်သွင်းခြင်းများကို လွှတ်တော်က ဆောင်ရွက် လျက် ရှိပါကြောင်း၊ လွှတ်တော်ရပ်နားချိန်တွင် ပြည်သူတို့၏ သဘောထားဆန္ဒများ၊ ပြည်သူ တို့၏ လိုအပ်ချက် များကို ပြည်သူတို့နှင့် ရင်းနှီးပွင့်လင်းစွာ တိုက်ရိုက်ထိတွေ့ရသဖြင့် ပြည်သူတို့၏ အကျိုးစီးပွား၊ နိုင်ငံအတွက် အကျိုးရှိမည့် ဆွေးနွေးချက်များကို များပြားစွာကြားသိရပါကြောင်း၊ လွှတ်တော်များတွင် ဥပဒေပြု ရေးသည် အဓိကတာဝန် ဖြစ်ပြီး လွှတ်တော်များက ပြဋ္ဌာန်း ထားသည့် ဥပဒေများအား ပြည်သူ အားလုံး၊ အဖွဲ့အစည်း အားလုံးက လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိကို လွှတ်တော်များက စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အား မည်သို့ပင်သုံးသပ် ပြောဆို ကြသည်ဖြစ်စေ ယခုအချိန်တွင် လွှတ်တော်၏လုပ်ဆောင်ချက်များအပေါ် မိမိတို့ပြည်သူများ၊ နိုင်ငံတကာနှင့် ကမ္ဘာက အသိအမှတ်ပြုလျက် ရှိနေပါကြောင်း၊ ယခုအခါ လွှတ်တော်ကိုယုံကြည်မှု၊ အားကိုးမှုများ ရရှိလာပြီဖြစ်သည်ကို လက်တွေ့မြင်တွေ့ ရမှာဖြစ်ကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု၊ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုတို့နှင့် ပတ်သက်၍ အရေးကြီးအဆိုတင်သွင်း၍ ဆောင်ရွက် ပေးခဲ့ကြောင်း၊ အပြုသဘော ဆောင် တင်ပြချက်များကို အမြဲလက်ကမ်း ကြိုဆိုလျက်ရှိပြီး နိုင်ငံနှင့် ပြည်သူတို့၏  အကျိုးစီးပွား ဖြစ်ထွန်းစေမည့် အကြောင်းအရာများ၊ မိမိတို့၏နစ်နာ မှုများကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးက ဒေသဆိုင်ရာ  အချက် အလက်များ အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များနှင့် တက်ရောက်လာကြသူများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ  သူရဦးရွှေမန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ  သူရဦးရွှေမန်းက ပြည်သူတို့အနေဖြင့်  မိမိတို့၏မှန်ကန်သည့်တင်ပြချက်များကို ရဲရဲတင်းတင်း တင်ပြကြရမည်၊ ဝန်ထမ်းများ ကလည်း ပြည်သူတို့၏ ဝန်ကိုထမ်းရမည့်ပြည်သူ့ဝန်ထမ်းများဖြစ်၍ ပြည်သူကို အလုပ်အကျွေးပြုရမည်၊ ပြည်သူကရွေးချယ်ထားသည့် အစိုးရသည် ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ် ရမည်၊ ပြည်သူ့ ဝန်ထမ်းများသည် ပြည်သူတို့၏ သဘောထားဆန္ဒများ နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အညီ ပြည်သူကိုဗဟိုပြု၊ ပြည်သူကို အခြေပြု၍ တရားဥပဒေနှင့်အညီ ပြည်သူကို လေးလေးစားစား၊ မှန်မှန်ကန်ကန် ညှိနှိုင်း ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော်ကို ယုံကြည်၍ တင်ပြချက်များအား သစ္စာရှိစွာ ပေးဆပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတို့ရရှိရန် ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲများမထားဘဲ နိုင်ငံနှင့် ပြည်သူတို့ အကျိုးရှိစေမည့်၊ အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြဋ္ဌာန်းပြီးသည့် ဥပဒေများအား ပြင်ဆင်/ပယ်ဖျက်/ အသစ်ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်များက ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ တန်းတူ အခွင့်အရေးရရှိရေးတို့အတွက် တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မြို့နယ်အလိုက်သုံးစွဲခွင့်ရရှိမည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ များကို ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့၏ ဘတ်ဂျက်တွင်မပါရှိသည့် နယ်မြေ ဒေသအတွင်း မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စု လွှတ်တော်၏ အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၁၃)ပါ ဖွံ့ဖြိုးရေး ရန်ပုံငွေထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့များ၊ မြို့နယ်အထောက်အကူပြု အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း၊ ပြည်သူတို့နှင့် ပြည်သူ့ ကိုယ်စားလှယ်များက မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် မျှမျှတတဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏တင်ပြချက်များကို အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ချက်ချင်း ဆောင်ရွက်ပေးပြီး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း ပြောကြားကာ အခမ်းအနားအပြီးတွင် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)