Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြူးမြို့ အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်း (အမျိုးသားကျောင်း-၁၉၂၀) ၉၅ နှစ် ပြည့်နှင့် (၁၅) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက် အမှာစကားပြောကြား

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် (၉) နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသားကျောင်း-၁၉၂၀) ၏ ၉၅ နှစ်ပြည့်နှင့် (၁၅) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပင်ဆင့်ဆောင်၌ ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးများ ဖြစ်ကြသော ဆရာကြီး ဦးလှမောင်၊ ဆရာကြီး ဦးထွန်းရှိန်၊ ဆရာကြီး ဦးမြင့်လွင်၊ ဆရာကြီး ဦးစိုးသန်း၊ ဆရာကြီး ဦးစိုးတင့်၊ ဆရာမကြီး ဒေါ်တင်တင်နုနှင့် ဆရာမကြီး ဒေါ်ရင်မြင့်တို့အား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ကန်တော့ပြီး လက်ဆောင်ပစ္စည်းများ ဂါရဝပြုပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် အမျိုးသားကျောင်းဆောင်၌ ကျင်းပသည့် အမျိုးသားကျောင်း ၉၅ နှစ်ပြည့်နှင့် (၁၅) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဆရာကြီး၊ ဆရာမကြီးများကို ယခုလို ဂါရဝပြု ပူဇော်ပွဲပြုလုပ်ချိန်တွင် ကျောင်းနေဖက် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ထို့အတူ ယခင်အတိတ် သမိုင်းကြောင်းနှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြားခွင့်ရသည်ကို ဝမ်းသာကြည်နူးမှု ဖြစ်ရပြီး မိမိတို့တတွေ ငယ်ရွယ်စဉ်က စိတ်မျိုးထက်ပင် ပြန်ငယ်သွားသလို ခံစားကြရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ဇွဲရှိခြင်းနှင့် သတ္တိရှိစွာ ဆုံးဖြတ်ခြင်းများလည်း ပြုလုပ်ကြရန် လိုအပ်ပါကြောင်း၊ ဖြူးမြို့နယ်သည် နိုင်ငံရေး၊ လူမှုရေးတို့၌ နိုးကြားတက်ကြွပြီး ရေ၊မြေ၊ သစ်တော၊ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝသော ဒေသဖြစ်ပါကြောင်း၊ ထိုနည်းတူ လူသားအရင်းအမြစ်လည်း ပေါကြွယ်ဝပါကြောင်း၊ သို့ဖြစ်၍ နောင်အနာဂတ်တွင် မျိုးဆက်သစ်လူငယ်များ၏ ဘဝအခြေအနေမြင့်မားအောင် လုပ်ပေးရန်လိုကြောင်း။

ဆရာ၊ ဆရာမများ၏ သင်ကြားပေးသည့် အကြောင်းအရာများကို သိရှိရုံဖြင့် မလုံလောက်ဘဲ သင်ခန်းစာ ရယူရန်လိုကြောင်း၊ အကြောင်းအရာ၊ အချက်အလက်များကို ဆွေးနွေးသုံးသပ်ပြီး သဘာဝသယံဇာတများကို လူသားအရင်း အမြစ်များဖြင့် မည်သို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမည်ကို သုံးသပ်ရန်လိုကြောင်း၊ အနာဂတ်မျိုးဆက်သစ်များ စိတ်ဓာတ်၊ စည်းကမ်းကောင်းများဖြင့် ပညာတတ်များဖြစ်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ လူငယ်များကလည်း အချိန်ကိုတန်ဖိုးထားပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ရန်လိုကြောင်း၊ မျိုးဆက်သစ်များအတွက် အခြေအနေ ကောင်းများ ဖန်တီးပေးရန်မှာ မိမိတို့တွင် တာဝန်ရှိပါကြောင်း။

လူငယ်များ လုပ်ချင်စိတ်ရှိအောင်၊ လုပ်တတ်အောင် သင်ကြားပေးရန်လိုပြီး လုပ်နိုင်အောင်လည်း ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့ ရပ်ရွာဒေသဖွံ့ဖြိုးတိုး တက်အောင်လုပ်ဆောင်ခြင်းသည် တိုင်းပြည်ကို ချစ်မြတ်နိုးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာ၌ အစဉ်အလာကောင်းရှိသော ဖြူးမြို့နယ် မကျန်ရစ်စေဘဲ လူကြီး၊ လူငယ်များအားလုံး ကျရာတာဝန်ကို ဝိုင်းဝန်းထမ်း ဆောင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်ပြောကြားခွင့်ရအောင် ဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်ပါကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကသည် ဖြူးမြို့နယ်ခန်းမ တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်း ရှင်းလင်းဆောင် ၌ တာဝန်ရှိသူ တစ်ဦးက ြမို့နယ်ခန်းမ တည်ဆောက်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုလွှတ်တော်နာယက က ဖြူးမြို့နယ်ခန်းမ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီရေးအတွက် တာဝန်ရှိသူအားလုံး ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီတို့မှ တာဝန်ရှိသူများ၊ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် မြို့နယ် ပညာရေးမှူးတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

ဓာတ်ပုံများ