Skip to main content

၂၀၁၅ခုနှစ် လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၁၅ခုနှစ် လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော် မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ လ ၈ ရက်  နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးဉာဏ်ထွန်းအောင်၊ ဒေါက်တာသန်းအောင်၊ ဦးသန်းဌေး၊  ဒုတိယ ဝန်ကြီးများ၊ ကျင်းပရေး ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ဇန်နဝါရီလအတွင်း စတင်ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးများအပါအဝင် လာမည့်လွှတ်တော်အစည်းအဝေးများသည် မိမိတို့ လွှတ်တော် အသီးသီးအတွက် အရေးကြီးသကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ အတွက်လည်း အလွန်အရေးကြီး သည့် အစည်းအဝေးများဖြစ်ပါကြောင်း၊ လက်ရှိလွှတ်တော်သက်တမ်း (၅)နှစ်ကာလ သည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင်ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲရလဒ်များ အပေါ် မူတည်၍ လွှတ်တော်များပြန်လည်ဖွဲ့စည်းရမည်ဖြစ်ပြီး နောင်တက်လာမည့် လွှတ်တော်ကို လွှဲပြောင်းပေးရ မည်ဖြစ်ပါကြောင်း။

လာမည့် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာနှစ်အတွက် နိုင်တော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို ပြည်ထောင်စု အစိုးရ အဖွဲ့ကတင်သွင်းရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က  ဆွေးနွေးအတည် ပြုပေးရ မည်ဖြစ် ကြောင်း၊ ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ လက်ရှိလွှတ်တော်သက်တမ်းတွင် နောက်ဆုံး အကြိမ် စိစစ်ညှိနှိုင်းပေးခွင့်ရရှိခြင်းဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊၊

လာမည့်အစည်းအဝေးများတွင် အဓိကဆောင်ရွက်ရမည့် အဆိုပါဥပဒေကြမ်းများ အပါအဝင်အခြား အရေးကြီးသော လွှတ်တော်ဆိုင်ရာလုပ်ငန်းများ မှန်မှန်ကန်ကန်နှင့် အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရေးအတွက် ယခင် အစည်းအဝေးများနည်းတူ အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က ၂၀၁၅ခုနှစ် လွှတ်တော် အစည်းအဝေးများကျင်းပရေးအတွက် ဗဟိုကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းကော်မတီများ ပြန်လည် ဖွဲ့စည်းရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လွှတ်တော်အစည်း အဝေးကာလအတွင်း လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာက လွှတ်တော်ကိုယ်စားလှယ်များ၏ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ ရုပ်/သံပိုင်း အပါဝင်အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍  ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ်ဆွေးနွေးပြီး

ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေးများကို လာမည့် ဇန်နဝါရီ (၁၉) ရက်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  

၂၀၁၄ခုနှစ် ဇန်နဝါရီလ ၉ ရက်