Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ချစ်ကြည်ရေးခရီးစဉ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည့် ကိုးရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာချွန်ယွီဟွာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက ချစ်ကြည်ရေးခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက် လာကြသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြ ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ က တင်ပြချက်အများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး  ကိုးရီးယားသမ္မတနိုင်ငံအမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ၏ ချစ်ကြည်ရေး ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍ အလိုက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

၂၀၁၄ ခုနှစ်  ဇန်နဝါရီလ  ၇ ရက်