Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၁/၂၀၁၅) သို့ တက်ရောက်အမှာစကားပြောကြား

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(Myanmar Parliamentary Union) အစည်းအဝေးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက် မွန်းလွဲ (၂)နာရီတွင် နေပြည်တော် လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များ ဖြစ်ကြ သည့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ များ အားလုံးတက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ စည်းမျဉ်းကို ထုတ်ပြန်ပြီးဖြစ်၍ စည်းမျဉ်းနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရန် တိုင်း ဒေသကြီး၊ ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ပြင်ဆင်ရန်ကိစ္စ၊ စည်ပင်သာယာရေး ဥပ ဒေနှင့် နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်ရေးကိစ္စများအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်း များ  စနစ်တကျ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြရန် မှာကြားပါသည်။

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌက လွှတ်တော်အသီးသီး၌ ဆောင်ရွက်ဆဲ ဥပဒေကြမ်း များကို ပထမအကြိမ်လွှတ်တော်သက်တမ်း၏ ကျန်ရှိသည့်ကာလအတွင်း ပြီးစီးအောင် ပြဋ္ဌာန်းဆောင်ရွက်နိုင်ရေး အတွက် အချိန်ဇယားရေးဆွဲဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားပါသည်။

ဆက်လက်၍ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးနန္ဒကျော်စွာက ၆/၂၀၁၄ အစည်း အဝေးဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများက တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်မှုအခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲဆောင်ရွက်မှု အ‌ခြေအနေ၊ စည်ပင်သာယာရေး နည်း ဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်မှု အခြေအနေနှင့်  လွှတ်တော်ဆိုင်ရာ အခြားလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို တင်ပြဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းအဝေးကို  ၄ နာရီ ၅ မိနစ်တွင် ရုပ်သိမ်းသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်