Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာချွန်ယွီဟွာ ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာချွန်ယွီဟွာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ(၁၂)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော်  နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မတီအတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဘတ်ဆွန်း လည်းတက်ရောက်သည်။

ဧည့်သည်တော် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့်တွေ့ဆုံရန် ဇမ္ဗူသီရိ ဧည့်ခန်းမဆောင် သို့ ရောက်ရှိလာကြရာ ပြည်ထောင်စုလွှတ်တော်ရုံး ၊ ပြည်သူ့ လွှတ်တော်ရုံးနှင့် အမျိုသားလွှတ်တော်ရုံးတို့မှ ဝန်ထမ်းများက မြန်မာ- ကိုရီယားနှစ်နိုင်ငံ အလံငယ်များကို ဝှေ့ယမ်းပြီး “ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ ကျန်းမာပါစေ၊ မြန်မာ- ကိုရီယားနှစ်နိုင်ငံ ချစ်ကြည်ရေးခိုင်မြဲပါစေ” ဟု ဆုတောင်း၍ ကြိုဆိုနှုတ် ဆက်ကြကြောင်း။

 တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဟောင်း ဆွေဟောင်းများဖြစ်ကြပါကြောင်း၊ ယခုနှစ်ပိုင်းတွင် မြန်မာ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာသည် ကို တွေ့ရှိရပါကြောင်း၊ ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် မြင့်မားလာမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပဏာမပြောကြားပြီး မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွား စနစ်ကိုကျင့်သုံးပြီး ပြုပြင်ပြောင်းလဲမှု  လုပ်ဆောင်နေသည့် နိုင်ငံဖြစ် ပါကြောင်း၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုထိုက်သင့်သလောက် အောင်မြင်မှုရှိသော်လည်း စီးပွားရေးနှင့် လူမှုရေးအပိုင်းတွင် မျှော်မှန်းသလောက် ဖြစ်မလာသေးပါကြောင်း။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် လွယ်ကူသည့် လုပ်ငန်းမဟုတ်ပါကြောင်း၊ မည်သို့ပင်အခက်ခဲကြုံတွေ့သည်ဖြစ်စေ အောင်မြင်အောင်ဆောင်ရွက်မည်ဟု ရည်မှန်းချက်ထား ရှိပါကြောင်း၊ ယခုကဲ့သို့ဆုံးဖြတ်လုပ်ဆောင်ရခြင်းသည် ကိုရီးယားသမ္မတနိုင်ငံ၏ ရဲဝံ့ပြတ်သား သော ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ရခြင်းကြောင့် ဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံသည် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ရဲရဲဝံ့ဝံ့ပြောင်းလဲနိုင်ခဲ့၍ စီးပွားရေး၊ နည်းပညာနှင့်  ယဉ်ကျေးမှုကဏ္ဍများတွင် ကမ္ဘာ့ ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ပါကြောင်း။

 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သကဲ့သို့ လူသားအရင်းအမြစ်များကိုအသုံးချနိုင်ရန်လည်း အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် သဘာ၀ အရင်းအမြစ်ပေါကြွယ်ဝသော်လည်း ဆင်းရဲနွမ်းပါးသည့် နိုင်ငံဖြစ်နေရခြင်းမှာ နိုင်ငံရေး၊ စီပွားရေး စနစ်အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှု နောက်ကျခဲ့၍ ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်ပေါ်လာပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်ဆိုလျင် ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး စနစ်ကိုလုပ်ဆောင်ကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားများ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးရန် လိုအပ် ပါကြောင်း၊ ယခုအခါ အဆိုပါ လမ်းကြောင်းကိုရွေးချယ်ပြီး လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်ရာ ရှေ့သို့ဆက်လက် ချီတက်ရန်လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိတ်ဆွေများ၏ အကြံဉာဏ်များနှင့် အားပေးမှုလိုအပ်ပါကြောင်း၊ ကိုရီးယား- မြန်မာစီးပွားရေးပူးပေါင်း ဆောင်ရွက် ရန်အတွက် ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြုပ်နှံ စေလိုပါကြောင်း၊ ရင်းနှီးမြှုပ်နံှမှုများ တိုးမြှင့်ဆောင်ရွက်စေလိုပါကြောင်း၊ ကုန်သွယ်မှုများလည်း မြှင့်တင်ဆောင်ရွက် စေလိုပါကြောင်း၊ ကိုရီးယားနိုင်ငံမှ နည်းပညာများကို မြန်မာနိုင်ငံသို့ မျှဝေပေးစေလိုပါကြောင်း၊ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံ၌ လုပ်ငန်းများလာရောက် ဆောင်ရွက်ရာတွင် မိမိတို့လွှတ်တော် အပိုင်းက ကူညီရမည့်ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းလင်း ပြောကြားရန်နှင့် မိမိတို့ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့်ပြောကြားသည်။

ဧည့်သည်တော် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြန်လည် ဆွေးနွေး ပြောကြားရာတွင် မိမိတို့ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့လွှတ်တော် အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် လာသည်ဟု ယုံကြည်ပါကြောင်း၊  လွှတ်တော်နှစ်ရပ် အကြားသဘောတူ လက်မှတ် ရေးထိုး ခဲ့သည့်လုပ်ငန်းများ စဉ်ဆက်မပြတ်လှုပ်ရှား ဆောင်ရွက်နေသည့်အတွက် ဝမ်းမြောက်ပါ ကြောင်းဖြင့် ပဏာမပြောကြားပြီး မြန်မာနိုင်ငံသည် အာရှတိုက်၏ ကြယ်တစ်လုံးဟု ပြောဆိုခြင်း အပေါ် မိမိမြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးနောက် နားလည်ခံစားမိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် သမိုင်းကြောင်းနှင့် ဘာသာရေးဆိုင်ရာတူညီချက်များရှိပါကြောင်း၊ ကိုရီးယားနိုင်ငံံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၄၀ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ ကိုရီးယားနိုင်ငံတွင်စစ်ပွဲများ ဖြစ်ပွားပြီးနောက် ဒုက္ခကြုံတွေ့ခဲ့ရပါကြောင်း၊ အခြားနိုင်ငံများက အကူညီပေးခဲ့ကြ၍ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက် လာပြီး အကူအညီများ ပြန်လည်ပေးနိုင်ခြင်းဖြစ်ပါကြောင်း။

မိမိတို့ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသည်မှာ အဓိကအချက် သုံးချက် ရှိပါကြောင်း၊ အရေးကြီးဆုံးအချက်မှာ မိဘများက မိမိတို့သားသမီးများကို ပညာသင်ကြားရေးတွင် အားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ပြည်သူများသည် မိမိတို့လုပ်နိုင်သည်ဟု ယုံကြည်ပြီး တိုက်တွန်းရန်မလိုဘဲ ဆန္ဒအလျောက် လုပ်ဆောင်ခဲ့ကြပါကြောင်း၊ တတိယ အချက်မှာ နိုင်ငံ့ခေါင်းဆောင်၏ ကြိုးစားမှုနှင့် ဦးဆောင်မှုကြောင့် ဖြစ်ပါကြောင်း၊ ယင်းအချက် သုံးချက်မှာ မြန်မာနိုင်ငံတွင်လည်း ရှိပြီးဖြစ်သည်ဟု ယုံကြည် ပါကြောင်း၊ မြန်မာပြည်သူ များ၏ ကြိုးစားအားထုတ်မှုဖြင့် မကြာမီကာလတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။

ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည်ဟု သိရှိရပါကြောင်း၊ အဆိုပါရွေးကောက်ပွဲပြီးစီးပါက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပြီး မျှော်မှန်းချက်များ အောင်မြင်မည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့ ကိုရီးယားနိုင်ငံ ဒုက္ခရောက်စဉ်က မြန်မာနိုင်ငံ၏ အကူအညီပေးခဲ့ခြင်းကို ကျေးဇူးတင်ရှိပြီး  ကိုရီးယား ပြည်သူများကလည်း မြန်မာနိုင်ငံ၏ ကူညီပေးခဲ့မှုများကို အမှတ်ရနေပါကြောင်း၊ ပြန်လည်ကူညီနိုင်မည့် ကိစ္စရပ်များရှိပါက ကူညီပေးသွားမည်ဖြစ်ပြီး သိပ္ပံနည်းပညာနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍများတွင် ကူညီပေးသွားရန်ရှိပါကြောင်းဖြင့် ပြောကြားသည်။

 တွေ့ဆုံပွဲအပြီးတွင် ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ဧည့်သည်တော် မှတ်တမ်း စာအုပ်၌ လက်မှတ်ရေးထိုးသည်။ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်ကြီး၌ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ဂုဏ်ပြုနေ့လယ်စာစားပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်  ကိုရီးယားသမ္မတ နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် နှုတ်ခွန်းဆက်စကားပြောကြားကြပြီး တက်ရောက်လာ ကြသည့် ဧည့်သည်တော်များနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

အဆိုပါဂုဏ်ပြုနေ့လယ်စာစားပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌ နှင့် အတွင်းရေး မှူးများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်