Skip to main content

ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေ့လယ်စာ စားပွဲကျင်းပ

ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် နေ့လယ်စာစားပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ (၁၂) နာရီ(၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ထမင်းစားခန်းမဆောင်ကြီး၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များ ၊ လွှတ်တော် ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နှစ်ပတ်လည်အထိမ်းအမှတ် မိန့်ခွန်း ပြောကြားရာတွင် ဒီမိုကရေစီတစ်ခေတ်ဆန်းလာသည့် ၂၀၁၁ ခုနှစ်ကစပြီး မိမိတို့ လွှတ်တော်၏ ကဏ္ဍကို ဖွင့်လှစ်ခဲ့သည်မှာ ယနေ့ဆိုလျင် လေးနှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော် စတင်ခေါ်ယူသည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ (၁၅း၀၀)နာရီ အချိန်၌ ပြည်ထောင်စုလွှတ်တော် နာယက၏ နှုတ်ခွန်းဆက်စကားအနေဖြင့် ဤလွှတ်တော်ကြီးသည် ဥပဒေပြုရေးအာဏာကို ပြည်သူ့ထံမှရရှိထားသည့် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ လွှတ်တော် ကြီး၏ ဂုဏ်ဒြပ်သည် မြင့်မားကြောင်း၊ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်ရည်သည် လည်း မြင့်မားကြောင်း မိမိပြောကြားခဲ့ပါကြောင်း။

မိမိတို့အားလုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွှတ်တော်သမိုင်းကို ရေးကြရမည် ဖြစ်၍ နောင်လာနောက်သားများ အတုယူဖွယ်၊ ကိုးကားဖွယ်ဖြစ်အောင် ဆောင်ရွက်ကြရန်လည်း မိမိ အနေဖြင့် မကြာခဏ တိုက်တွန်းခဲ့ပါကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များသည် လွှတ်တော်  မှတ်တမ်း၌ အတိအကျ ကမ္ပည်းတင်ထားခြင်းဖြစ်သည့်အတွက် မိမိတို့အားလုံးသည် ကိုယ့်သမိုင်း ကိုယ်ရေးနေကြခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသေးသည့် ပထမအကြိမ် လွှတ်တော် အသီးသီး၏ သက်တမ်းအတွင်း၌လည်း လွှတ်တော်၏ဂုဏ်ကို မြှင့်တင် နိုင်အောင် မြော်တွေးပြီး ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။

လွှတ်တော်သက်တမ်း၏ နောက်ဆုံးနှစ်သည် လုပ်ငန်းဆောင်တာများ၏ အရှိန်အဟုန် အမြင့်ဆုံး ဖြစ်သင့်သကဲ့သို့ လုပ်ငန်းများကို လက်စသိမ်းနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ရန် လိုပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းကော်မတီများ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီများသည် အချိန်ကိုက်လုပ်နိုင်ရန်လိုပါကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နိုင်ရန် လွှတ်တော် များ ရပ်နားလိုက်သည့်ကာလတွင် လွှတ်တော် ဘက်က ကြွေးကျန် မရှိသကဲ့သို့ အစိုးရဘက်က ကြွေးကျန်လည်းမရှိအောင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ခြင်း ကို ယခုကစ၍ ဆောင်ရွက်ကြရန် သင့်ပြီဖြစ်ကြောင်း ။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အလိုက်သော်လည်းကောင်း၊ ကော်မတီအလိုက် သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း မိမိတို့ ပြုလုပ်ဆောင်ရွက်ချက် ဟူသမျှကို ပြန်လည်သုံးသပ်ပြီး မှားယွင်းမှု၊ အားနည်းမှုများကို ပြုပြင်ကာ အကောင်းဆုံး  အဆုံးသတ်နိုင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် ၂၀၀၈ ခုနှစ် ဖွ့ဲစည်းပုံအခြေခံဥပဒေအရ လွှတ်တော်များ ပေါ်ပေါက်ခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့  မနက်ဖြန်ဆိုလျင် (၄) နှစ် ပြည့်မြောက်ပြီဖြစ်ပါကြောင်း ၊ တစ်နည်းအားဖြင့် မိမိတို့နိုင်ငံ၌ ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြသည်မှာ (၄) နှစ်တာ ကာလရောက်ခဲ့ကြပြီဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့ တစ်တွေလည်း အသက်(၄) နှစ် ပိုကြီးခဲ့ကြပြီ၊ အတွေ့အကြုံနှင့် သင်ခန်းစာများလည်း (၄) နှစ်စာ ပိုရခဲ့ကြပြီဖြစ်ပါကြောင်း။

ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်အစည်းအဝေး ကျင်းပမှုအနေဖြင့်လည်း ယခု (၁၂) ကြိမ်မြောက်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ လွှတ်တော်သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်မှု ပြယုဂ်များ တိုးတက်ပေါ်ပေါက်လာသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

၂၀၁၁ ခုနှစ် လွှတ်တော်ပေါ်ပေါက်လာခြင်းနှင့်အတူ နိုင်ငံတော် အချုပ်အခြာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ တို့သည် စနစ်တကျ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ (၃) ရပ်ကို အတတ်နိုင်ဆုံး ပိုင်းခြားသုံးစွဲပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ တိုးတက်ဖြစ်ပေါ် လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို အကောင်အထည်ဖော်ဆောင်ရွက်ကြသည့် နေရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကို ဖြစ်ထွန်းစေမည့် ဥပဒေအသစ်များကို ပြဋ္ဌာန်းခြင်း ၊ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပြင်ဆင်ခြင်း ပြန်လည် ရုပ်သိမ်းခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခု (၄) နှစ်တာ ကာလတွင် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေအသစ် (၆၄) ခု ၊ ပြင်ဆင် သည့် ဥပဒေ (၅၅) ခု နှင့် ပြန်လည်ရုပ်သိမ်းသည့် ဥပဒေ (၁၄) ခုတို့ကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

ပြည်သူ့အုပ်ချုပ်ရေးဖြစ်သည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် နေရာတွင် ပြည်သူများကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ဝါယမ စိုက်ထုတ် ကြိုးစားမှုများကြောင့် ပထမအကြိမ် လွှတ်တော်သက်တမ်း (၄) နှစ်တာ ကာလအတွင်း၌ ကြည့်လျင် နိုင်ငံတော်၏ ကဏ္ဍအလိုက် လိုအပ်လျက်ရှိနေသည့် ဥပဒေများကို ဦးစားပေးအလိုက် ပူးပေါင်း ဆောင်ရွက်ပြီး အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့သည့်အတွက် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၌ များစွာအထောက်အပံ့ ပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ သို့သော် လုပ်ဆောင်ချက်များစွာ ကျန်ရှိနေသေးသည်ကိုလည်း လက်ခံရမည်ဖြစ်ပါကြောင်း။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အကျိုးကို လက်ငင်း အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာ၌ မိမိ၏ နယ်မြေအလိုက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့် ပြည်သူများ အမှန်တကယ်လိုအပ်နေသော ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငေွများကို သက်ဆိုင်ရာမြို့နယ်အလိုက် ခွဲဝေ ဆောင်ရွက် ပေးခဲ့မှုအနေဖြင့် ၂၀၁၃ -၂၀၁၄ ခုနှစ်ဘဏ္ဍာရေးနှစ်၌ မြို့နယ် (၃၂၅) ခုအနေဖြင့် ကျပ်  ၃၂၂၀၁ ဒသမ ၇၆ သန်း ခွင့်ပြု သုံးစွဲခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်၌ ယနေ့အထိ မြို့နယ် (၃၁၈) ခု အတွက် ကျပ် ၃၁၇၁၂ ဒသမ  ၇၅ သန်း ခွင့်ပြုပေးပြီးဖြစ်ကြောင်း အသိပေးအပ်ပါကြောင်း။

ယင်းသို့ ပြီးခဲ့သည့် (၄) နှစ်တာကာလတွင် လွှတ်တော်အနေဖြင့် စဉ်ဆက်မပြတ် ကြိုးစား လုပ်ဆောင်မှုကြောင့် ယခုကျင်းပနေသည့် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသည် ဖွ့ဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ် များနှင့်အတူ ပထမအကြိမ် သက်တမ်း ကာလ လုပ်ဆောင်ချက်များအတွက် အဆုံးအဖြတ်ပေးမည့် ၂၀၁၅ ခုနှစ်အတွက် အဓိကကျသော ဦးဆောင် အစည်းအဝေး (၁) ခုဖြစ် လာ သည်ကို တွေ့ရ မည်ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ် ကျင့်သုံးအကောင်အထည်ဖော်သည့် နေရာ၌ ပြည်သူ့အုပ်ချုပ်ရေး ပီပြင်လာစေရန် ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ မှန်ကန်သောစေတနာ၊ ဇွဲ၊ စိတ်ဓာတ်နှင့် ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့် (၄) နှစ်တာကာလတွင် ရလဒ်ကောင်းများ ပေါ်ထွက် လာပြီး အခြေခံကောင်းများ ထားရှိနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း။

ကျန်ရှိသည့် လွှတ်တော်သက်တမ်း (၁) နှစ်တာကာလ၌လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံနှင့် နိုင်ငံသားအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့် တိုက်တွန်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

 ၂၀၁၅ခုနှစ် ဇန်နဝါရီ  လ ၃၁ရက်