Skip to main content

အာဆီယံနိုင်ငံအချို့တွင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို ကျင့်သုံးဆောင်ရွက်နေမှုများအား လေ့လာခြင်း

နိဒါန်း
၁။    ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေက ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ဘတ်ဂျက်ကြို တင်လျာထားခြင်း စသောကဏ္ဍများကို ပြည်ထောင်စုအဆင့်မှ တိုင်းဒေသကြီးပြည်နယ် အဆင့် များသို့ လွှဲပြောင်းပေးသည့် ဘဏ္ဍာရေးကဏ္ဍဗဟိုချုပ်ကိုင်မှု လျော့ချခြင်းလုပ်ငန်းစဉ်များကို မိတ်ဆက်ပေးခဲ့ ပါသည်။ ယခုအခါ တိုင်းဒေသကြီးပြည်နယ်အစိုးရများသည် မိမိတို့၏ဘတ်ဂျက် ကိုကိုယ်တိုင်ရေးဆွဲ ကြရပြီး သက်ဆိုင်ရာဒေသအတွင်းရှိ အခွန်ဘဏ္ဍာငွေများကို  ကောက်ခံရန် လုပ်ပိုင်ခွင့်အချို့ ရှိလာပါသည်။ တိုင်းဒေသကြီးပြည်နယ်အစိုးရဘတ်ဂျက်များမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်စုစုပေါင်း အစိုးရအသုံးစရိတ်၏ ၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၂ ရာခိုင်နှုန်းအထိ တိုးတက် များပြားလာပါသည်။


၂။    ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်း များ၊ နေပြည်တော်ကောင်စီ၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ တို့သည် ပြည်သူ့ဘဏ္ဍာများကို စီမံခန့်ခွဲရာတွင်  ပွင့်လင်းမြင်သာမှု၊ အကျိုးရှိစွာအသုံးပြုနိုင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရန်အတွက် ခေတ်နှင့်လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတကာစံနှုန်း များပါဝင်သော ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေအားပြဋ္ဌာန်းရန် လိုအပ်လျက်ရှိပါသည်။ ပြည်သူ့ဘဏ္ဍာစီမံ ခန့်ခွဲခြင်းဆိုင်ရာဥပဒေသည် မြန်မာနိုင်ငံတွင် မရှိသေးသော ဥပဒေတစ်ရပ် ဖြစ်ပါ သည်။ ယခုအခါ ယင်းဥပဒေကြမ်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ယူရေးဆွဲ လျက်ရှိပါသည်။


ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသောနောက်ခံသမိုင်း
၃။    ယခင်ကပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲရာတွင် ဌာနအဖွဲ့အစည်းများ လိုက်နာဆောင် ရွက်ရန်ထုတ်ပြန်ထားသော ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဆိုင်ရာအမိန့်ကြော်ငြာစာ  ၄၂/၈၆ ကို ပယ်ဖျက်ပြီး ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် တညီတညွတ်တည်း လိုက်နာနိုင် ရေးနှင့်ထိရောက်စွာကြီးကြပ်ကွပ်ကဲနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၁၇)၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းကို ကျင့်သုံးလျက်ရှိပါသည်။


မြန်မာနိုင်ငံ၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်
၄။    ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရ လက်အောက်ရှိ ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်း၏လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရလက်အောက်ရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာန/အဖွဲ့အစည်းများ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင် ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်လည်းကောင်း ငွေကြေးကိစ္စ များကိုတာဝန်ယူစီမံခန့်ခွဲပါသည်။ ယင်းအစီအစဉ်တွင် ပြည်ထောင်စုအဆင့်တွင်ဗဟိုအဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့်ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်း များသည်  ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်တွင် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရှိ အစိုးရအဖွဲ့ရုံးများ၊  လွှတ်တော်ရုံးများ၊  တရားလွှတ်တော်ချုပ်ရုံးများ၊  ဥပဒေချုပ်ရုံးများ၊   စာရင်းစစ်ချုပ်ရုံးများ၊  ဝန်ကြီးဌာနများနှင့် ဌာန/အဖွဲ့အစည်းများသည် ဘဏ္ဍာရန်ပုံငွေကိစ္စကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရသုံးမှန်းခြေငွေစာရင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရလက်အောက်တွင် ထည့်သွင်းရေးဆွဲထား သောကြောင့် ၎င်းတို့သည် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ် တို့တွင်လည်းကောင်း ပါဝင်ခဲ့ပါသည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်နှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ကို ၂၀၁၁ ခု၊ အောက်တိုဘာလ (၁) ရက်တွင် စတင်ခဲ့ပါသည်။ ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော အဖွဲ့အစည်းများသည် အောက်ပါ အခြေခံမူနှင့်အညီ ဆောင်ရွက်ပါသည် -
(က)    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သောအဖွဲ့အစည်းများသည် ရငွေ များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းပြီး သုံးငွေများကိုလည်း ရသုံး မှန်းခြေငွေစာရင်း လျာထားချက်ဘောင်အတွင်း တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရပါသည်။


(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော အဖွဲ့အစည်းများသည် ရငွေများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေသို့ပေးသွင်းပြီး သုံးငွေများကိုလည်း ရသုံးမှန်းခြေငွေစာရင်းလျာထားချက် ဘောင်အတွင်း တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ထိုဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရပါသည်။


အင်ဒိုနီးရှားနိုင်ငံတွင်ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကျင့်သုံးခြင်းအား အကဲဖြတ်ချက်
၅။  အင်ဒိုနီးရှားနိုင်ငံ၏ဘဏ္ဍာရေး အရင်းအမြစ်များတိုးတက်လာသည်နှင့်အမျှ အသုံးစရိတ်များ ထိရောက်အကျိုးရှိစေရန်နှင့်အဂတိလိုက်စားမှုများ၏အန္တရာယ်ကို လျော့ချနိုင်စေရန် ပြည်သူ့ ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်သည် ပို၍အရေးကြီးလာပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ The Law of the Republic No.17/2003 ကိုပြဋ္ဌာန်းခဲ့ပါသည်။ ပြည်သူ့ဘဏ္ဍာငွေအရင်းအမြစ်များကျယ်ပြန့်လာသည်နှင့်အမျှ အစိုးရ၏ရည်မှန်းချက်ကို အကောင် အထည်ဖော်သော စီမံကိန်းများ၊ ရသုံးမှန်းခြေငွေစာရင်းများကို အကောင်အထည်ဖော်သော လုပ်ထုံးလုပ်နည်းများအား အသုံးပြုလာနိုင်မှုသည် တိုးတက်လာပါသည်။ အစိုးရ၏ဖွံ့ဖြိုးမှုစီမံ ကိန်းများဖြစ်သော ဦးစားပေးအစီအစဉ်များဖြစ်သည့် ဆင်းရဲမှုလျော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့် ဘတ်ဂျက်စက်ဝန်းအတွင်းမှအဖွဲ့အစည်းများသည် ခေတ်မီသောနည်းစနစ်များအသုံးပြုရန်လိုအပ်နေပါသည်။ ထို့ကြောင့် အစိုးရ၏ ဝင်ငွေနှင့်သုံးငွေ တိုးတက်လာခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ထောက်ခံမှုရရှိရန် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှု သည် ရလဒ်ကိုဦးစားပေးသောစနစ်ဖြစ်ရန် လိုအပ်ပါသည်။ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေသည် အောက်ပါ အခက်အခဲအကြပ်အတည်းများအား ဖြေရှင်းရန်အတွက် ပြဋ္ဌာန်းနိုင်ခဲ့ ပါသည်-
(က)    ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင်ကြုံရသည့်စိန်ခေါ်မှုများ။  ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲမှုများသည် နှောင့်နှေးကြန့်ကြာမှုများရှိနေသော် လည်း တိုးတက်မှုရလဒ်များကို တွေ့ခဲ့ရပါသည်။  ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ဥပဒေ ရေးရာမူဘောင်သည် လုပ်ဆောင်နေသည့် တိုင်အောင် အားနည်းချက်များ ရှိနေ သေးပါသည်။ အထူးသဖြင့် စီမံကိန်းနှင့်ဘတ်ဂျက်၊ ဘတ်ဂျက် အကောင်အထည်ဖော်မှု၊ စာရင်းစစ်ဆေးခြင်းနှင့်အစီရင်ခံတင်ပြခြင်း ပြင်ပစာရင်းစစ်၏တာဝန်ခံမှု များတွင်ဖြစ်သည်။ ယေဘုယျအားဖြင့် ဥပဒေရေးရာမူဘောင် ပြဋ္ဌာန်းပြီးဖြစ်သော် လည်း ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ လက်ရှိ လုပ်ဆောင်မှု များကို နည်းလမ်းအသစ်များဖြင့် ပြောင်းလဲ လုပ်ဆောင်ရာတွင် လုပ်ငန်းစဉ်များ ကို ပြန်လည်စီစဉ်၍ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်ခဲ့ ပါသည်။
အစိုးရဘတ်ဂျက်ဆောင်ရွက်မှု၏အဓိကရည်ညွှန်းချက်အချို့မှာ တိုးတက်မှု မရှိသေးပါ။ အထူးသဖြင့် ဘတ်ဂျက်အကောင်အထည်ဖော်နိုင်မှု၏ ညွှန်းကိန်း သတ်မှတ်ခြင်းဖြစ်ပါသည်။ ဗဟိုအစိုးရ၏ ဘတ်ဂျက်အသုံးပြုမှုသည် အမြဲတမ်း မူလအစီအစဉ်မှ သွေဖယ်သွားလေ့ရှိပါသည်။ ဒေသန္တရအစိုးရများသို့ ဘတ်ဂျက် လွှဲပြောင်းမှုနှင့်ထောက်ပံ့မှုအား လျော့ချခန့်မှန်းလေ့ရှိသည့်အတွက် ဘဏ္ဍာနှစ် ကုန်၍ စာရင်းချုပ်သည့်အခါအသုံးစရိတ်များသည် မူလခန့်မှန်းထားသည်ထက် ပိုများနေကြောင်း တွေ့ရပါသည်။


(ခ)    ဘတ်ဂျက်ကိုထိရောက်စွာအကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ။    ယင်းကိစ္စတွင် အခြေခံအကြောင်းအရင်းအချက် (၃) ချက်ရှိပါသည်-
(၁)    ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲခြင်း။ ဘတ်ဂျက်ကို ကြိုတင်ပြင်ဆင် ရေးဆွဲမှုအားနည်း နေသေးသောကြောင့် အထူးသဖြင့် လောင်စာဆီတန်ဖိုးများသည် ဖြစ်သင့်သည်ထက် ပို၍ခန့်မှန်း ရေးဆွဲထားသဖြင့့်် သုံးကြိမ်ခန့် ပြန်လည်ပြင်ဆင်ရပါသည်။


(၂)    ဘတ်ဂျက်ကိုတင်းကျပ်စွာ အကောင်အထည်ဖော်ခြင်း။ အစိုးရသည် ဘတ်ဂျက် အကောင်ထည် ဖော်ခြင်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို တင်းကျပ်စွာချမှတ်ထားပါသည်။ နိုင်ငံရေးအရရေးဆွဲ ထားသောဘတ်ဂျက် ပါဝင်မှုများသည် အကောင်အထည်ဖော်မှုကာလအတွင်း မပြောင်းလဲသွား ရန်အတွက် အသေးစိတ်ကြီးကြပ်မှုများ ဆောင်ရွက်ရပါသည်။ အသုံးစရိတ် စာရင်းများသည် ဘဏ္ဍာရေးနှစ်စတင်ချိန်မှ အကြောင်းအရာတစ်ခုချင်း အတွက် သတ်မှတ်ထားခြင်းဖြစ်သည့်အတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်သည့်အခါ ပြောင်းလွယ်ပြင်လွယ်မှု နည်းပါးသည့်အတွက် ချိန်ညှိဆောင်ရွက်ရာတွင် အခက်အခဲများရှိနေပါသည်။

 
(၃)  အကောင်အထည်ဖော်ရာတွင် လုပ်ငန်းကြန့်ကြာခြင်း။ စည်းမျဉ်းများ ကိုတိတိကျကျသတ်မှတ် ထားသည့်အတွက် ငွေထုတ်မှုတွင် နှောင့်နှေးသော ကြောင့် ဝယ်ယူရေးလုပ်ငန်းများ အချိန်မီပြီးစီးရန် အခက်အခဲ ရှိပါသည်။
(ဂ)    ဘတ်ဂျက်ပြုပြင်ပြောင်းလဲနိုင်မှု။    နိုင်ငံ၏ဘဏ္ဍာရေးဥပဒေအမှတ် ၁၇/၂၀၀၃ သည် နိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာကျင့်သုံးခဲ့သော ဘတ်ဂျက်စနစ်အား သိသာ ထင်ရှားစွာ ပြုပြင်ပြောင်းလဲခဲ့ပါသည်။ နိုင်ငံ့ဘတ်ဂျက်၏ အောက်ပါအားနည်း ချက်များကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါသည်-
(၁)    ဘတ်ဂျက်စီမံကိန်းလုပ်ငန်းစဉ်များအတွက် ရန်ပုံငွေ ခွဲဝေမှုများသည် နှောင့်နှေးကြန့်ကြာနေခြင်း၊
(၂)   ဝင်ငွေခန့်မှန်းချက်နှင့်သုံးငွေလျာထားချက်များကို မေခရိုစီးပွားရေးဘောင် အတွင်းမှ ရေးဆွဲထားမှု မရှိခြင်း၊  
(၃)    သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များကို ပေါင်းစပ်ညှိနှိုင်း ရေးဆွဲထားရန် မူဘောင်ချမှတ်ထားမှု မရှိခြင်း၊
(၄)    ဘတ်ဂျက်ရေးဆွဲမှုသည် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်အပေါ်မူတည်၍ ရေးဆွဲထားမှု မရှိခြင်း၊
(၅)    ဘတ်ဂျက်အကောင်အထည်ဖော်မှုနှင့်စောင့်ကြည့်ထိန်းညှိမှု အားနည်းခဲ့ခြင်း၊
(၆) ဘတ်ဂျက်ခွဲဝေမှုလျာထားချက်များသည် အသေးစိတ် ရေးဆွဲထားသည်ဟု ယူဆရသော်လည်း အကောင်အထည်ဖော်ရာတွင်ရည်မှန်းချက်မှ သွေဖီသွား ပြီး ယိုစိမ့်မှုများ ဖြစ်ပေါ်ခြင်း။


ဘတ်ဂျက်ပြုပြင်ပြောင်းလဲရာတွင် အရေးကြီးဆုံးအချက်များမှာ

      (၁)    ဘတ်ဂျက်ရေးဆွဲမှုကို ကာလလတ်အသွင်ဖြင့် ရေးဆွဲခြင်း၊ ဥပမာလက်ရှိနှစ်နင့်           ရှေ့လာမည့် ၂ နှစ်၊
        (၂)    သာမန်နှင့်ငွေလုံးငွေရင်းဘတ်ဂျက် ပေါင်းစပ်ညှိနှိုင်းရေးဆွဲခြင်း၊
        (၃)    ရရှိလာမည့်စွမ်းဆောင်မှုအကျိုးအမြတ်အပေါ်မူတည်၍ရေးဆွဲခြင်းတို့ဖြစ်ပါသည်။
(ဃ) သာမန်နှင့်ဖွံ့ဖြိုးရေးအသုံးစရိတ်များအား သီးခြားရေးဆွဲခဲ့သောကြောင့် ပေါ်ပေါက်လာသော အားနည်းချက်များ။     နိုင်ငံ့ဘဏ္ဍာရေးဥပဒေမပြဋ္ဌာန်းမီက သာမန် နှင့်ဖွံ့ဖြိုးရေးအသုံး စရိတ်များအား ပေါင်းစပ်ညှိနှိုင်းမှုမရှိဘဲ သီးခြားရေးဆွဲခဲ့ပါသည်။ သာမန်အသုံးစရိတ်ဆိုသည်မှာ အစိုးရ လုပ်ဆောင်မည့် သာမန်လုပ်ငန်းများအတွက် ကုန်ကျသော အသုံးစရိတ်ဖြစ်ပါသည်။ ထိုကုန်ကျ စရိတ်များတွင် လူပုဂ္ဂိုလ်ဆိုင်ရာ အသုံးစရိတ်၊ သုံးကုန်ပစ္စည်းများအားလုံးအတွက် အသုံးစရိတ်၊ အတိုးပေးငွေ၊ အစိုးရ၏ စိုက်ထုတ်ကုန်ကျစရိတ်များနှင့်အခြားအသုံးစရိတ်များပါဝင်ပါသည်။  
ဖွံ့ဖြိုးရေးအသုံးစရိတ်ဆိုသည်မှာ စီမံကိန်းများနှင့်ပတ်သက်သော အသုံးစရိတ်ဖြစ်ပြီး ငွေလုံးငွေရင်း အသုံးစရိတ်နှင့်ထောက်ပံ့အသုံးစရိတ်ပါဝင်ပါသည်။ ငွေလုံးငွေရင်းအသုံးစရိတ်တွင် မြေသိမ်းခြင်း၊ စက်များနှင့် ယန္တရားများဝယ်ယူခြင်း၊ အဆောက်အဦများနှင့် အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်းနှင့်ရုပ်ပိုင်းဆိုင်ရာများ၏ ငွေလုံးငွေရင်းအသုံးစရိတ်တို့ပါဝင်ပါသည်။ ထောက်ပံ့အသုံးစရိတ်သည် ထိုအချိန်အတောအတွင်း ၎င်းစီမံကိန်းတွင်ပါဝင်သောလုပ်အားခများ၊ ပစ္စည်းများ၊ ခရီးသွားလာစရိတ်နှင့်အခြားထောက်ပံ့အသုံးစရိတ်များပါဝင်ပါသည်။
သာမန်နှင့်ဖွံ့ဖြိုးရေးဘတ်ဂျက်ကို ခွဲခြားထားရခြင်းသည် ဖွံ့ဖြိုးမှုအရေးကြီး မှုကို အလေးထားကြောင်း မူလတွင်ရည်ရွယ်ပါသည်။ သို့သော် လက်တွေ့တွင် အားနည်းချက်အများအပြားကိုတွေ့ရပါသည်။ ၎င်းအားနည်းချက်များမှာ
(၁)    သာမန်နှင့်ဖွံ့ဖြိုးရေး ငွေလုံးငွေရင်းအသုံးစရိတ်များကြား ရောထွေးနေပါ သည်။ အထူးသဖြင့် ရုပ်ဝထ္ထုဆိုင်ရာမဟုတ်သောစီမံကိန်းများတွင် စီမံကိန်း များနှင့်အဖွဲ့အစည်းများကြား အသုံးစရိတ်ခွဲခြားထားခြင်းမှာ ခက်ခဲသော ကြောင့်အကျိုးရှိမှုအား တိုင်းတာရာတွင်ခက်ခဲပါသည်။ အဘယ်ကြောင့် ဆိုသော်ရန်ပုံငွေများခွဲဝေချထားမှုသည် အမှန်ဖြစ်ပေါ်လာသောအခြေအနေ နှင့်တိတိကျကျ ဖော်ပြရန်ခက်ခဲပါသည်။
(၂)    သာမန်ဘတ်ဂျက်နှင့်ဖွံ့ဖြိုးရေးဘတ်ဂျက်ကို ခွဲခြားရေးဆွဲခြင်းသည် ဘတ်ဂျက် ကြိုတင်ခန့်မှန်းချက်များကိုပြင်ဆင်ရာတွင် နှစ်မျိုးခွဲ၍ ခန့်မှန်းနေရသော ကြောင့်ခက်ခဲပါသည်။
(၃)    စီမံကိန်းအတွက် ကုန်ကျစရိတ်နှင့်အသုံးစရိတ်များကို စိစစ်ရန် ခက်ခဲပါ သည်။ အဘယ်ကြောင့်ဆိုသော် သာမန်ဘတ်ဂျက်သည် ဌာန၏ပုံမှန်အသုံး စရိတ်များကို အမြဲအသုံးပြုနေရသောကြောင့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် သာမန်အသုံးစရိတ်ကိုခွဲခြားစိစစ်ရန် ခက်ခဲပါသည်။ ထို့နည်းတူ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်နေသော သာမန်အသုံးစရိတ်များကိုလည်း ခွဲခြား စိစစ်ရန် ခက်ခဲပါသည်။ ထို့ကြောင့်စီမံကိန်းတစ်ခု၏တန်ဖိုးကို ဆုံးဖြတ်ရန် ခက်ခဲပါသည်။
(၄)    စီမံကိန်းအတွက် ဘတ်ဂျက်ကို ဖွံ့ဖြိုးရေးဘတ်ဂျက်ကို ငွေစာရင်းရေးဆွဲ သည့်ပုံစံအတိုင်းရေးဆွဲရပါသည်။ စီမံကိန်းပြီးဆုံးခြင်း သို့မဟုတ် ရပ်တန့် ခြင်းဖြစ်ပေါ်လျှင်  စီမံကိန်း၏ပေးရန်တာဝန် ရရန်တာဝန်များကို စာရင်း သဘောအရ ဆက်လက်၍ ဖော်ပြခြင်းမရှိတော့ပါ။ ၎င်းသည်အစိုးရ၏ ဘဏ္ဍာရေးဆောင်ရွက်မှု ထိရောက်မှု မရှိခြင်းကို ဖြစ်ပေါ်စေပြီး အကျိုး ရလဒ်နှင့် အသုံးစရိတ်မည်သို့ရှိကြောင်း ဆက်စပ်သုံးသပ်နိုင်စွမ်း မရှိပါ။


(င)    အမျိုးအစားများအလိုက်စာရင်းဇယားများထားရှိသောဘတ်ဂျက်စနစ်။    ယခင် နှစ်များတွင် ယခင်ပုံမှန်ဆောင်ရွက်နေကျအတိုင်း အမျိုးအစားအလိုက် စာရင်းဇယားထားရှိသော ဘတ်ဂျက် စနစ်သည် ငွေကြေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများ အပေါ်ကြီးကြပ်မှုကိုသာ အလေးထားသော စနစ်ဖြစ်သည်။ ၎င်းသည် လက်တွေ့ကျကျ လိုအပ်လျှင်လိုအပ်သလို သုံးစွဲနိုင်စွမ်းပေါ်မူတည်၍ တိုးမြှင့်ပေးသော ဘတ်ဂျက်စနစ်မဟုတ်သည့်အပြင် အသုံးပြုသောအဖွဲ့အစည်း၏ အောင်မြင်မှုကို တိုင်းတာရာတွင် အရေးကြီးသောညွှန်းကိန်းအဖြစ် ကျင့်သုံးခြင်းမရှိပါ။
ယခင်ဘတ်ဂျက်စနစ်သည် လက်တွေ့လုပ်ဆောင်မှုတွင် အားနည်းချက်များ အများအပြား ရှိနေပါသည်။အဂတိလိုက်စားမှုများ၊ ပူးပေါင်းလိမ်လည်ခြင်းများ၊ ဆွေမျိုးကောင်းစားရေးဝါဒ ကဲ့သို့သော လက္ခဏာများနှင့်ပြည့်နှက်နေသော နိုင်ငံတစ်ခုတွင် စီမံအုပ်ချုပ်မှုဆောင်ရွက်ရာ၌ ကန့်သတ်ချက်များ ရှိနေ၍ အခက်အခဲများတွေ့ကြုံနေရပါသည်။ အုပ်ချုပ်ရေးယန္တရားကြီးသည် မှန်ကန်သောစနစ်ဖြစ် ရန်အတွက်ခိုင်မာသောအဖွဲ့အစည်းဖြစ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ဘတ်ဂျက် ရေးဆွဲသော စနစ်ကလည်းလွဲမှားနေပြီးအုပ်ချုပ်ရေးအဖွဲ့အစည်းကလည်း အားနည်းနေမည်ဆိုလျှင် အကျိုး ရလဒ်ကို အခြေပြုသည့် ဘတ်ဂျက်စနစ်သို့ မရောက်နိုင်ပါ။
ဘတ်ဂျက်အသုံးစရိတ်ကို သာမန်တိုးမြှင့်သွားသောစနစ်၏ အားနည်းချက်မှာရလဒ်ကို မကြည့်ဘဲ ယခင်နှစ်၏ ဘတ်ဂျက်ကိုကြည့်၍ တိုးပေးသွားခြင်းဖြစ် ပါသည်။ ဤသို့ သာမန်တိုးပေးသွားခြင်းဖြင့် လုပ်ငန်း၏အောင်မြင်မှုကို သုံးသပ် ၍မရနိုင်ပါ။ ထိုစနစ်ကိုကျင့်သုံးသည့်အတွက် ရည်မှန်းချက်ကို သတ်မှတ်ပေးထား ပြီး ဘတ်ဂျက်ကိုချပေးထားခြင်း မရှိဘဲ အားလုံးကို တပြေးညီတိုးပေးခြင်းဖြစ်ပါ သည်။ ထိုအားနည်းချက်များကြောင့် ထိရောက်မှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုနှင့် တာဝန်ခံမှုတို့  ရှိ မရှိ စသော အဓိကပြဿနာများကို ရင်ဆိုင်ခဲ့ရပါသည်။


(စ)    အကျိုးရလဒ်ကို အခြေပြုသော ဘတ်ဂျက်စနစ်ကိုကျင့်သုံးခြင်း။      အမျိုးအစားများအလိုက် စာရင်းဇယားများ ထားရှိသောဘတ်ဂျက်စနစ်၏ ပြဿနာများကို ဖြေ ရှင်းနိုင်ရန်အတွက် နိုင်ငံဘဏ္ဍာရေး ဥပဒေအမှတ် ၁၇/၂၀၀၃ တွင် အကျိုးရလဒ်ကို အခြေပြုသောဘတ်ဂျက် စနစ်ကိုမိတ်ဆက်ခဲ့ပါသည်။ ယင်းစနစ်သည် အဖွဲ့အစည်း၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မဟာဗျူဟာ စီမံကိန်းများနှင့် နီးကပ်စွာချိတ် ဆက်ထားပြီး အဖွဲ့အစည်း၏လုပ်ဆောင်မှုအား ဦးစားပေးပါသည်။ အကျိုးရလဒ် ကိုအခြေပြုသောဘတ်ဂျက်စနစ်သည် ဘတ်ဂျက်ချပေးခြင်းပုံစံမဟုတ်ပဲ လုပ်ငန်း ကိုချပေးသည့် ပုံစံဖြစ်ပါသည်။ ဘတ်ဂျက်ချပေးကတည်းက ရလဒ်ကိုလည်း မည်သို့ ရရှိရမည်ကိုဖော်ပြ ခဲ့ပါသည်။ ယင်းဥပဒေက ချထားပေးသောဘတ်ဂျက်နှင့်တူညီသော လုပ်ငန်းရလဒ်ကို ရရှိစေခဲ့ပါသည်။ ထိရောက်မှုနှင့် စွမ်းဆောင်ရည် ပြည့်ဝမှုကို တိုင်းတာနိုင်ရန်သတ်မှတ်ပေးပါသည်။ ထိုသို့ ဘတ်ဂျက်ချပေးခြင်းသည် တာဝန်ခံမှုကိုလည်းဖြစ်စေပါသည်။ အစိုးရဗျုရိုကရေစီယန္တရားကြီး၏ လုပ်ဆောင်မှုများသည် ပြည်သူများအပေါ် တာဝန်ခံမှုကိုဖြစ်စေရန် အကျိုးရလဒ်ကို သတ်မှတ် ဖော်ပြသည့် ဘတ်ဂျက်စနစ်ဖြစ်ရပါမည်။


(ဆ)    နိုင်ငံတကာအဆင့်နှင့်အညီဆောင်ရွက်နိုင်ခြင်း။  ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲခြင်း နှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပွင့်လင်းမြင်သာမှုများ တိုးတက်လာခဲ့ပြီဖြစ်ပါသည်။ နိုင်ငံ့ဘဏ္ဍာရေးဥပဒေ၊ ငွေတိုက်ဥပဒေ၊ ဘဏ္ဍာရေးဆိုင်ရာ စာရင်းစစ် ဥပဒေ၊ အမျိုးသားစီမံကိန်းဖွံ့ဖြိုးတိုးတက် မှုဥပဒေတို့အား ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် နိုင်ငံ့အတွက် အရေးကြီးသော ခြေလှမ်းဖြစ် သောကြောင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုသည် နိုင်ငံတကာ အဆင့်မီနေပြီဖြစ်ပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများတိုးတက်ရန် နှင့်မြှင့်တင်ရန် ကြီးမားသောပြန်လည် ဖွဲ့စည်းမှုကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ဥပဒေအားလုံးသည် အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဗဟိုအစိုးရ၏ ဘတ်ဂျက်အမျိုးအစား ခွဲခြားခြင်းကိုနိုင်ငံတကာ ဘဏ္ဍာရေးအမျိုးအစားခွဲခြားထား မှုနှင့်အညီဆောင်ရွက်နိုင်ခဲ့ခြင်းသည် ထင်ရှားပေါ်လွင်ဆုံးဖြစ်ပါသည်။  ၎င်းမှာ တစ်ခု တည်းသော ငွေတိုက်စာရင်းစနစ် ချမှတ်နိုင်ခြင်းနှင့်စာတိုက်ဖွံ့ဖြိုးတိုးတက်ရေး အရအသုံးခန့်မှန်းခြေငွေစာရင်း (Postal Development Budget) ကိုပင်ရင်း ဘတ်ဂျက်နှင့်ပေါင်းစည်းနိုင်ခြင်းတို့ဖြစ်ပါသည်။


ဗီယက်နမ်နိုင်ငံတွင်ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ကျင့်သုံးခြင်းအားအကဲဖြတ်ချက်
၆။    ဗီယက်နမ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်းက အာဆီယံဒေသတွင်း၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆယ်စုနှစ် (၂) ခုအတွင်း ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဆယ်စုနှစ် (၂) ခုအတွင်း ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအား ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင် ခဲ့ခြင်း။ ၂၀၀၂ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သောနိုင်ငံ့ဘတ်ဂျက်ဥပဒေကို ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုတိုးတက် ကောင်းမွန်စေရန်အတွက် အရေးကြီးသော စည်းမျဉ်းများထည့်သွင်းရေးဆွဲ၍ ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုနှစ်တွင် ပြည်သူ့ဘဏ္ဍာအသုံးစရိတ် စည်းမျဉ်းများနှင့် ပတ်သက်၍ ပြန် လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင်နောက်ဆုံးအတည်ပြုပြဋ္ဌာန်းခဲ့ ပါသည်။ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်သည် ပြည်နယ်များသို့ ရန်ပုံငွေများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ မဟာဗျူဟာကျကျ ခွဲဝေပေးသည့် ပွင့်လင်းမြင်သာမှုရှိသော ဘဏ္ဍာရေးပြောင်းလဲမှု စနစ်ဖြစ်ပါသည်။ ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်ခေတ်မီသောမဟာဗျူဟာများဖြင့်ပြောင်းလဲဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း ကာလအဖြစ် ၂၀၁၂  ခုနှစ်မှ ၂၀၂၀  ခုနှစ်အထိ သတ်မှတ်ရေးဆွဲ၍  ဝန်ကြီးချုပ်မှ  အတည်ပြုပေးခဲ့ပါသည်။ ၎င်းစီမံကိန်းတွင်“ပွင့်လင်းမြင်သာမှု မြှင့်တင်ရန်နှင့် ပြည်သူ့ဘဏ္ဍာများကို တာဝန်ခံမှုဖြင့် ဆောင်ရွက်ရန်” ကို အလေးထားဖော်ပြထား ပါသည်။ နိုင်ငံဘတ်ဂျက်ဥပဒေ (၂၀၀၂) ကိုပြင်ဆင်သည့် ဥပဒေသည် နိုင်ငံ ဘတ်ဂျက်ကို နှစ်စဉ်ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် နှစ်စဉ်စီမံကိန်းရေးဆွဲခြင်းတို့တွင် ထူးထူးခြားခြား တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။
(ခ)    ဘတ်ဂျက်အတွက်ဥပဒေရေးရာမူဘောင်ကိုတည်ထောင်ဖွဲ့စည်းခြင်း။        ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှုဥပဒေအား ၁၉၉၆ ခုနှစ်တွင်စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသည်။ ၎င်းသည်ဗီယက်နမ်နိုင်ငံ၏ဘတ်ဂျက်စီမံခန့်ခွဲ မှုကို အဓိကကျောထောက်နောက်ခံပြုထားသောဥပဒေ ဖြစ်ပါသည်။ ဘတ်ဂျက် စနစ်ကို တညီတညာတည်းဖြစ်စေရန် အစိုးရ၏အဆင့်အားလုံးကိုလွှမ်းခြုံထားပါ သည်။ နိုင်ငံဘတ်ဂျက်စနစ်သည် ပြည်နယ်ဘတ်ဂျက်နှင့်ဆက်စပ်နေပါသည်။ ပြည်နယ်ဘတ်ဂျက်တွင် လိုငွေပေါ်ပေါက်မှုမရှိစေရန် နိုင်ငံ့အဆင့်မှ စီမံအုပ်ချုပ် မှုဖြင့် စောင့်ကြည့်ထိန်းညှိခြင်းကို အသုံးပြုပါသည်။  ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ဥပဒေ (၂၀၀၂) သာမက အခြားဥပဒေများဖြစ်သော ငွေစာရင်းဥပဒေ၊ စာရင်းစစ် ဥပဒေ၊ ဝယ်ယူရေးဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၊ အခွန်စီမံခန့်ခွဲခြင်း ဥပဒေတို့သည်  ဘတ်ဂျက်စီမံခန့်ခွဲမှုများနှင့်ဆက်စပ်လျက်ရှိပါသည်။
(ဂ)    ဘတ်ဂျက်၏စီမံခန့်ခွဲမှုသည်အဆင့်ဆင့်ဖြစ်ခြင်း။        ဗီယက်နမ်လွှတ်တော် သည် နိုင်ငံတော်ဘတ်ဂျက်အားအတည်ပြုရန်ဆောင်ရွက်ပေးရသော အမြင့်ဆုံးအဖွဲ့ အစည်းဖြစ်ပါသည်။ လွှတ်တော်၏ကိုယ်စား စီးပွားရေးနှင့်ဘဏ္ဍာရေးကော်မတီမှ ဘတ်ဂျက်ရေးဆွဲမှုအား ဥပဒေဆိုင်ရာစောင့်ကြည့်ထိန်းညှိမှုကို ဆောင်ရွက်ရပါ သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခန့်မှန်းမှုအတွက်တာဝန်ရှိပြီး သာမန် ဘတ်ဂျက်ကို ခွဲဝေပေးခြင်းနှင့်သာမန်နှင့်ငွေလုံးငွေရင်း ၂ မျိုးလုံးအတွက် အကြမ်း မျဉ်းလျာထားချက်ကို ဆုံးဖြတ်ပေးပြီး ငွေလုံးငွေရင်းအသုံးစရိတ်၏အခြေအနေနှင့် ဘတ်ဂျက်လိုငွေပမာဏကို ရေးဆွဲပေးပါသည်။
   စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် နှစ်စဉ်စီမံကိန်းနှင့် (၅) နှစ်စီမံ ကိန်းအားရေးဆွဲရန် တာဝန်ရှိပါသည်။ ဘတ်ဂျက်ရေးဆွဲမှုအတွက်မေခရိုစီးပွားရေး မူဝါဒလုပ်ငန်းစဉ်ကိုထောက်ပံ့ပေးမည့် စီးပွားရေးခန့်မှန်းချက်လုပ်ငန်းတာဝန်များ ကိုလည်းလုပ်ဆောင်ရပါသည်။ ငွေလုံးငွေရင်းအသုံးစရိတ် များသည် နှစ်စဉ်စီမံကိန်း နှင့် (၅) နှစ်စီမံကိန်းနှင့်အညီဖြစ်စေရေးအတွက်ညှိနှိုင်းဆောင်ရွက်ရပါသည်။ နိုင်ငံ တော်မှ ချမှတ်ထားသော ဦးစားပေးရည်မှန်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ပြည်နယ်များကို ရန်ပုံငွေများခွဲဝေချထားပေးပါသည်။    
(ဃ)    စီမံကိန်းနှင့်ဘတ်ဂျက်ကိုချိတ်ဆက်ထားမှုရှိရေးအတွက်စိန်ခေါ်မှုများ။      သာမန် နှင့်ငွေလုံးငွေရင်းဘတ်ဂျက်ကြား ပေါင်းစပ်မှုမှာ အားနည်းပါသည်။  ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့သည် ဘတ်ဂျက်ခွဲဝေမှု ကို သီးခြားစီတာဝန်ခွဲဝေသတ်မှတ်ထားပါသည်။ သာမန်အသုံးစရိတ်ကို တာဝန် ယူသော ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ငွေလုံးငွေရင်းအသုံးစရိတ်ကို တာဝန်ယူသော စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့သည် သီးခြားစီ အစီရင်ခံကြပါသည်။ သို့ သော်လည်း ဝန်ကြီးဌာန (၂) ခုအကြား ညှိနှိုင်းတိုင်ပင်မှုနှင့်ညှိနှိုင်းဆောင်ရွက်မှုကို ပုံမှန်ဆောင်ရွက်နေသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနအတွက် နိုင်ငံ့ဘတ်ဂျက်နှင့် ပြည်နယ်ဘတ်ဂျက် (၂) မျိုးစလုံးကိုကဏ္ဍအလိုက်ခွဲဝေပေးသည့်အခါအခက်အခဲရှိ နေပါသည်။ သာမန်ခန့်မှန်းမှုများ၊ ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုများ၊ နှစ်ရှည် နှစ်လတ်ခန့်မှန်းချက်များအားပြည့်စုံစွာဆောင်ရွက်ရန်ခက်ခဲပါသည်။  ဆောင်ရွက် ပြီးသောငွေလုံးငွေရင်းအသုံးစရိတ်ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်နေသောသာမန်အသုံးစရိတ်များကိုဟန်ချက်ညီညီထည့်သွင်းရေးဆွဲရန်အတွက်ခက်ခဲပါသည်။ ထိုအခက် အခဲသည်ရင်းနှီးမြှုပ်နှံမှုအပေါ်အကျိုးပြန်လည်ရရှိမှုကိုအားနည်းစေသဖြင့် ငွေကြေး ဆိုင်ရာ မူဘောင်ချမှတ်သည့်အခါ ရေရှည်အတွက် ထိခိုက်မှုများရှိကြောင်း တွေ့ရ ပါသည်။  
(င) ဗဟိုအစိုးရ၏ဘဏ္ဍာရေးလုပ်ပိုင်ခွင့်များကို ဒေသန္တရအစိုးရသို့လွှဲပြောင်းပေးခြင်း။ ဗဟိုအစိုးရက ဒေသန္တရအစိုးရများအား ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးသည့်မူဝါဒများကို ကောင်းမွန်စွာကျင့်သုံးနိုင်ခဲ့ပါသည်။ ၎င်းမူဝါဒသည် တိုင်းပြည်၌ ဖွံ့ဖြိုးမှုလိုအပ်သော ပို့ဆောင်မှု ကုန်ကျစရိတ်များ ပို၍မြင့်မားသော အဆင်းရဲဆုံးသောဒေသများအတွက် လိုအပ်မှုကို ပို၍အသုံးပြုရန် ဖြည့်ဆည်းပေး နိုင်ခဲ့ပါသည်။ ပို၍ဆင်းရဲသော ပြည်နယ်များရှိ လူတစ်ဦးချင်းအတွက် အသုံး စရိတ်သည် ပို၍ချမ်းသာသော ပြည်နယ်များရှိလူတစ်ဦးချင်းအတွက်အသုံးစရိတ် နှင့်နှိုင်းယှဉ်လျှင် ပို၍မြင့်မားပါသည်။ ဗဟိုအစိုးရက ဒေသန္တရအစိုးရများသို့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးသည့် မူဝါဒနှင့်အညီ ဆောင်ရွက်သဖြင့်ဒေသန္တရအစိုးရများ၏ သာမန်အသုံးစရိတ်သည် တစ်နိုင်ငံလုံး သာမန် အသုံးစရိတ်၏ (၅၅) ရာခိုင်နှုန်းရှိပြီး တစ်နိုင်ငံလုံးငွေလုံးငွေရင်းအသုံးစရိတ်၏  (၇၅)ရာခိုင်နှုန်းရှိပါသည်။ ပြည်နယ်များတွင် အဓိကကျသောလူမှုရေးဆိုင်ရာ ကဏ္ဍများတွင် ပို၍အသုံးပြုမှုများကြောင်း တွေ့ရပါသည်။ ၎င်းတို့မှာ ပညာရေးကဏ္ဍ (၉၀)ရာခိုင်နှုန်း၊ စီးပွားရေးဝန်ဆောင်မှုကဏ္ဍ (၈၀) ရာခိုင်နှုန်း၊ ကျန်းမာရေးကဏ္ဍ (၈၈) ရာခိုင်နှုန်းတို့ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြားကာလအတွင်း ပြည်နယ်လုပ်ပိုင်ခွင့်မှ ခရိုင်အဆင့်ထိ လုပ်ပိုင်ခွင့်များပေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် တွင် ပြည်နယ်အစိုးရအသုံးပြုသည့် ဘတ်ဂျက်ခွဲဝေရရှိမှုသည် (၅၅.၆) ရာခိုင်နှုန်း ထိ တိုးတက်လာပါသည်။ ၎င်းသည် အခြားနိုင်ငံများနှင့်ဘတ်ဂျက်ခွဲဝေရရှိမှု နှိုင်းယှဉ်ကြည့်လျှင် အလွန်မြင့်မားပါသည်။ ၂၀၁၂ ခုနှစ်တွင် သာမန်အသုံးစရိတ် ၏ (၅၆.၁၇) ရာခိုင်နှုန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်၏ (၇၃.၉) ရာခိုင်နှုန်း ကိုပြည်နယ်အစိုးရများထံသို့ ခွဲဝေပေးထားပါသည်။  ပြည်နယ်တစ်ခုလုံး အသုံး စရိတ်မှ (၄၅) ရာခိုင်နှုန်းကို ကျန်းမာရေးနှင့်ပညာရေးအတွက် အသုံးပြုပြီး သာမန် အသုံးစရိတ်အများစုကို ခရိုင်များမှအသုံးပြုပြီး ငွေလုံးငွေရင်းအသုံးစရိတ်အများစု ကို ပြည်နယ်များမှအသုံးပြုပါသည်။

(စ)   ပြည်သူ့ဝယ်ယူရေးဆောင်ရွက်ခြင်း။ ဝယ်ယူရေးနှင့်ပတ်သက်သည့်ဥပဒေရေး ရာမူဘောင်သည် ခိုင်ခိုင်မာမာရှိနေရခြင်းမှာ လုပ်ငန်းလမ်းညွှန်မှုများ ပါဝင်သည့် ဝယ်ယူရေးဥပဒေနှင့် အကောင်အထည် ဖော်ဆောင်ရေး အမိန့်ညွှန်ကြားချက်များရှိ သောကြောင့်ဖြစ်ပါသည်။ ယင်းမူဘောင်ကပြည်သူများကို ဝယ်ယူရေးနှင့်ပတ်သက် သော သတင်းအချက်အလက်များပါဝင်သည့် အစိုးရ၏ဝယ်ယူရေး ဆောင်ရွက်မည့် အစီအစဉ်များ၊ တင်ဒါများဆွဲနိုင်သောအခွင့်အလမ်းများ၊ ဝယ်ယူရေးနှင့်ပတ်သက် သော အောင်မြင်သူ၊ ခွင့်ပြုချက်ရရှိသူစာရင်းများ၊ ယင်းကိစ္စနှင့်ပတ်သက်သည့် မကျေနပ်ချက်များကို ဖြေရှင်းပေးနိုင်မှုအခြေအနေများအား သိရှိရန်ကူညီပေးပါသည်။ ဝယ်ယူရေးနှင့်ပတ်သက်သော သတ်မှတ်အဆင့် အမေရိကန်ဒေါ်လာ(၁)သိန်း နှင့်ညီမျှသော ဗီယက်နမ်ဒေါင်သန်း (၂၀၀၀) အထက်အောင်မြင်သူ၊ ခွင့်ပြုချက်ရရှိ သူစာရင်းများအား စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန Website တွင်လွှင့်တင် ထားပါသည်။ ပြည်သူ့ဝယ်ယူရေးအကောင်အထည်ဖော်မှုသည် မျှော်မှန်းသလောက် မအောင်မြင်သေးပါ။ ဝယ်ယူရေးစနစ်သည် တိုက်ရိုက်ဝယ်ယူနိုင်ခွင့်များကို ကျယ် ကျယ်ပြန့်ပြန့်ခွင့်ပြုပေးထားသောကြောင့်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့ သော ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုနှင့် တာဝန်ခံမှုအပေါ်ဆန်းစစ်ချက်အရ ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ခုနှစ်၌ အရေအတွက်အားဖြင့် ၇၀ ရာခိုင်နှုန်းတန်ဖိုးအားဖြင့် ၄၀ ရာခိုင် နှုန်းရှိသောဝယ်ယူရေးများကိုတိုက်ရိုက် ဝယ်ယူခွင့်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရ ပါသည်။ ၎င်းသည် တရားမျှတမှုနှင့်ပွင့်လင်းစွာယှဉ်ပြိုင်မှုကို လျော့ကျစေပါသည်။ ပြည်သူ့ငွေများကိုတန်ဖိုးရှိစွာဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် ငွေကြေးကုန်ကျ သလောက် အကျိုးမရှိသည့်သဘောဖြစ်ပါသည်။ ဝယ်ယူရေးဥပဒေသည် ချွင်းချက် များ အများအပြား ပါဝင်ပါသည်။ ပြည်သူများသည် ဝယ်ယူရေးအစီအစဉ်များကို လေလံမည်သို့ ဆွဲရမည် ခွင့်ပြုချက် ရရှိသည် မရှိသည် စသည်တို့ကိုသိရှိသော် လည်း မကျေနပ်ချက်များနှင့်ပတ်သက်သော ဖြေရှင်းချက်များကို အစိုးရမှထုတ် ပြန်ခြင်းမရှိသောကြောင့် မသိရှိနိုင်ပါ။ အငြင်းပွားမှုများအပေါ် လွတ်လပ်သည့်    အဖွဲ့အစည်းမှ စစ်ဆေးသည့်စနစ်ရှိသော်လည်း ကျင့်သုံးလေ့မရှိပါ။ တိုင်ကြားမှု အားစုံစမ်းနေချိန်အတွင်း ဆိုင်းငံ့ထားလေ့မရှိသော အားနည်းချက်ရှိသောကြောင့် ဖြစ်ပါသည်။

(ဆ) စာရင်းပြုစုခြင်းနှင့်အစီရင်ခံတင်ပြခြင်း။ စာရင်းပြုစုခြင်းနှင့်အစီရင်ခံခြင်းအတွက် ဘတ်ဂျက်အုပ်စု ခွဲမှုသည် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ရန်ပုံငွေအဖွဲ့ (IMF) မှ ထုတ်ပြန်ထားသော စာရင်းဇယားများဆိုင်ရာ လုပ်ထုံးလုပ်နည်း (၁၉၈၆)နှင့် ကိုက်ညီမှုရှိပြီး အစိုးရ၏ လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ခြင်းနှင့်လည်းညီညွတ် ပါသည်။ သို့သော် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘတ်ဂျက်အဆင့် များဖြစ်သော ပြင်ဆင်ခြင်း၊ ခွဲဝေခြင်း၊ ရေးဆွဲခြင်းနှင့်နောက်ဆုံးစာရင်း တင်ပြ ခြင်းများကို တိတိကျကျလိုက်နာခြင်း မရှိခဲ့ပါ။ ငွေတိုက်နှင့်ဘတ်ဂျက်စီမံခန့်ခွဲမှု အတွက် တစ်စုတစ်စည်းတည်းသော စာရင်းစနစ်ကို ကျင့်သုံးပါသည်။ ယင်းစနစ် သည် စီးပွားရေး၊ လုပ်ငန်းတာဝန်၊ အရင်းအမြစ်များကိုဖော်ပြခြင်းဖြစ်သော ကြောင့် လုပ်ငန်းတစ်ခုချင်းစီ၏ စီမံကိန်းပုံစံများသည် အစိုးရဘဏ္ဍာရေးကိန်း ဂဏန်းများနှင့် ညီညွတ်မှုရှိရပါသည်။ လက်ရှိအသုံးပြုနေသော နိုင်ငံငွေစာရင်း ရေးဆွဲမှုပုံစံသည် အစီရင်ခံစာတင်သွင်းနိုင်ရုံသာ ရေးသားထားသည့်ပုံစံ ဖြစ်နေ ပါသည်။ နိုင်ငံ တကာပြည်သူ့ဘဏ္ဍာငွေစာရင်း ရေးဆွဲမှုပုံစံနှင့် ကိုက်ညီမှုမရှိပါ။ ဘဏ္ဍာရေးဝန်ကြီး ဌာနသည် နိုင်ငံတကာ ပြည်သူ့ဘဏ္ဍာငွေစာရင်းရေးဆွဲမှုပုံစံနှင့် ကိုက်ညီအောင် ကြိုးစားဆောင်ရွက်နေပါသည်။ စာရင်းဇယားများဆိုင်ရာလုပ်ထုံး လုပ်နည်း၏ အခြေခံကိုကြည့်၍ နိုင်ငံနှင့်လိုက်လျောညီထွေသည့် စာရင်းစနစ်ကိုပြင် ဆင်ရေးဆွဲ ရန်ဆောင်ရွက်လျက်ရှိပါသည်။


(ဇ)    ငွေတိုက်နှင့် ဘတ်ဂျက်သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်။        ထိုစနစ်အား ၂၀၁၃ ခုနှစ်ကတည်းက အသုံးပြုခဲ့ပါသည်။ ဘဏ္ဍာရေးသတင်းအချက်အလက် စီမံခန့်ခွဲမှုသည် ဘတ်ဂျက်စီမံခန့်ခွဲခြင်း၊ ရငွေသုံးငွေများ၊ ငွေသားစီးဆင်းမှုများ၊ အသုံးစရိတ်ထိန်းချုပ်မှုများနှင့် အစီရင်ခံတင်ပြခြင်းတို့ အကြုံးဝင်ပါသည်။ ငွေထုတ် ယူခွင့်ရှိသော ငွေတိုက်ခွဲအရေအတွက်သည် ၁၅၀၀ ကျော်ရှိပြီး ပြည်နယ်အဆင့် ထိရှိပါသည်။ လက်ရှိတွင် ဘတ်ဂျက်စာရင်းများတွင် ခန့်မှန်းခြေအားဖြင့်ငွေထုတ်ယူ သုံးစွဲသူ ၁၀၀၀၀ ခန့်ကိုမှတ်တမ်းတင်ခြင်း၊ ငွေစာရင်းစီမံခန့်ခွဲခြင်း၊ အစီခံရင်ခြင်း စသည့်စီမံခန့်ခွဲမှုအဆင့်ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။  ထိုစနစ်သည် ဥပဒေ အသစ်များဖြစ်သည့် နိုင်ငံဘတ်ဂျက်ဥပဒေနှင့် ဒေသန္တရအစိုးရဖွဲ့စည်းမှုဥပဒေတို့ ရေးဆွဲရာတွင် ခေတ်နှင့်လိုက်လျောညီထွေအောင် အထောက်အကူဖြစ်စေပါသည်။ ငွေတိုက်နှင့်ဘတ်ဂျက်သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်သည် ဘတ်ဂျက်စီမံခန့်ခွဲ မှုလုပ်ငန်းနှင့်နိုင်ငံငွေတိုက်ကို ခေတ်မီစေခဲ့ပြီး ဘတ်ဂျက်အကောင်အထည်ဖော်မှုကို တိုးတက်စေခဲ့ပါသည်။


(ဈ)    သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့ခြင်း။          နိုင်ငံဘတ်ဂျက်အသုံးစရိတ်သည် လွန်ခဲ့သော (၁၅) နှစ်က GDP ၏(၂၀)ရာခိုင်နှုန်းမှ ၂၀၁၄ ခုနှစ်တွင် (၃၀)ရာခိုင်နှုန်း နီးပါး ဖြစ်လာပါသည်။ ထိုသို့တိုးလာခြင်းသည် အရေးပါသော အခြေခံအဆောက် အဦများနှင့်ဆင်းရဲသားများအတွက် ပို၍အသုံးပြုခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ကို အထောက်အကူဖြစ်စေပါသည်။ ပို၍ဆင်းရဲသောဒေသများရှိ ဖွံ့ဖြိုးမှုလိုအပ် ချက်ရှိသောနေရာများသို့ ဝန်ဆောင်မှုပေးရသောစရိတ်သည် မြင့်မားပါသည်။ ၎င်းနေရာတွင်အသုံးပြုသည့် အသုံးစရိတ်သည် ချမ်းသာသောဒေသများထက် (၇) ဆသုံးရပါသည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း မြန်ဆန်သော စီးပွားရေး တိုးတက်မှုကြောင့် အစိုးရ၏အသုံးစရိတ်ကို GDP နှင့်နှိုင်းယှဉ်သည့် ရာခိုင်နှုန်း ကို လျော့ချခဲ့သော်လည်း ကျန်းမာရေး၊ ပညာရေးနှင့်လူမှုရေးကာကွယ်မှုများကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါသည်။ အစိုးရ၏စာရင်းဇယားများသည် အရည်အသွေး ပြည့်မီရန် လွတ်လပ်သောစာရင်းစစ်များနှင့်စစ်ဆေးလုပ်ဆောင်ခဲ့ပါသည်။ ပြည်သူ များသည် အရေးကြီးသောဘဏ္ဍာရေးသတင်းအချက်အလက်ဖြစ်သည့်ဘဏ္ဍာရေး လုပ်ဆောင်မှုအဆင့်ဆင့်များကို ပုံမှန်အတိုင်းသိရှိရန် ဆောင်ရွက်ထားပါသည်။ ဘဏ္ဍာရေးနှင့်ပတ်သက်သောဗဟိုဦးစီးစနစ်ကိုလျော့ချပြီး ပြည်နယ်များကို လုပ်ပိုင် ခွင့်ပေးသော မူဝါဒတွင် ဘတ်ဂျက်ခွဲဝေချထားမှုများသည် ပြည်သူများ၏ဆန္ဒနှင့် ပို၍ နီးကပ်သွားသည့်အတွက် ပြည်သူများသည်ဆုံးဖြတ်ပိုင်ခွင့်များ၊ လုပ်ပိုင်ခွင့် များ ပို၍ရရှိခဲ့ပါသည်။

 
(ည)  ဌာနတွင်းစာရင်းစစ်ဆေးခြင်းလုပ်ငန်းတည်ထောင်ရာတွင်တိုးတက်မှုမှာ အသင့် အတင့်ရှိခြင်း။    အစိုးရ၏ ဘတ်ဂျက်ဆိုင်ရာဆောင်ရွက်မှုများကို ထိန်းချုပ် ကွပ်ကဲရန် ဌာနတွင်းစာရင်းစစ်က ထိရောက်စွာမဆောင်ရွက်နိုင်သေးပါ။ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံဘတ်ဂျက်ဌာနခွဲများတွင် ဌာန တွင်းစာရင်းစစ်အဖွဲ့များကို သီးခြားဖွဲ့စည်းတည်ထောင်ထားပါသည်။ ဌာနတွင်း စာရင်းစစ်၏အစီရင်ခံစာများသည် ၂၀၁၄ ခုနှစ်အထိဝန်ကြီးဌာန(၃) ခုမှသာထုတ် ပြန်လျက်ရှိပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဘဏ္ဍာရေးနှင့်စီမံကိန်းဌာနသည် ဌာနတွင်းစာရင်းစစ်အဖွဲ့ကိုဖွဲ့စည်းခဲ့ပါသည်။ အခြားသောဝန်ကြီးဌာနများ၏ ဌာန တွင်းစာရင်းစစ်များသည် ဖွဲ့စည်းထားခြင်း မရှိသော်လည်း စာရင်းစစ်ဆေးခြင်း ကိုလုပ်ဆောင်လျက်ရှိနေပါသည်။ အစိုးရမှ အေဂျင်စီများနှင့်ပတ်သက်၍ ကြီးကြပ် ကွပ်ကဲမှုမှာ သီးခြားညွှန်ကြားထားခြင်း မရှိသည့်အတွက် ၎င်းတို့နှင့် ပတ်သက် သောစစ်ဆေးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများကိုသာ ပို့နေရသေးပါသည်။ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးသည် ဌာနတွင်းစာရင်းစစ်ဆေးမှုနှင့် ပတ်သက်သော ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ရန် မူကြမ်းပြင်ဆင်နေပါသည်။ ဝန်ကြီးဌာနအားလုံးမှ ဌာနခွဲများနှင့်ပြည်နယ်များတွင် ဌာနတွင်းစာရင်းစစ်ကိုဖွဲ့စည်းပြီး ၎င်းတို့၏စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်သို့တင်ပြနိုင်မည်ဖြစ် ပါသည်။


(ဋ)    စိန်ခေါ်မှုများရှိနေခြင်း။    လွန်ခဲ့သောဆယ်စုနှစ်က ဘတ်ဂျက်တစ်ခုလုံးသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်ဖြစ်ခဲ့သောကြောင့် ပြည်သူများမသိရှိခဲ့သဖြင့် စိန်ခေါ်မှု များအားလုံးကိုမဖြေရှင်းနိုင်သေးပါ။ ကျန်ရှိနေသောစိန်ခေါ်မှုများကို သင့်လျှော် သော သုံးသပ်မှုများနှင့် လုပ်ဆောင်သွားရပါမည်။ ဘတ်ဂျက်ပြင်ဆင်သည့်အခါတွင် အရေးကြီးသော ကိစ္စရပ်များ၌ သာမန်နှင့်ငွေလုံးငွေရင်းကို ပေါင်းစပ်ရန် လိုအပ်ပါသည်။ တစ်နှစ်ပတ်လုံးအတွက် အသုံးစရိတ်ရေး ဆွဲရာတွင် ကန့်သတ်ချက်ဘောင် အတွင်းမှ လုပ်ဆောင်ပြီး နှစ်လတ်စီမံချက်များနှင့် ကိုက်ညီရပါမည်။ စီမံကိန်းနှင့် ဘတ်ဂျက်ကြား ညှိနှိုင်းမှုအားနည်းခြင်းသည် ဆက်လက်ဖြစ်ပေါ်နေပါသည်။ ဦးစားပေးရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော ဘတ်ဂျက်ခွဲဝေခြင်းတွင် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ဆောင်ရွက်နေသောကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာန သည် ဦးဆောင်လုပ်ဆောင်ခွင့် မရရှိသေးသောကြောင့်ဖြစ်ပါသည်။ လွှတ်တော်မှ အတည်ပြုထားပြီးသော ဘတ်ဂျက်၏ အစိတ်အပိုင်းအချို့ကို အစိုးရအားပြောင်းခွင့် ပြုထားခြင်းသည် ဘတ်ဂျက်၏ တည့်မတ် မှန်ကန်မှုကို လျော့ကျစေပါသည်။အတည် ပြုပြီး ဘတ်ဂျက်သည် အတော်အသင့်ပြည့်စုံမှုရှိသော်လည်း စီမံကိန်းများအားလုံးအတွက် ဘတ်ဂျက်သည် သတင်းအချက်အလက်များပြည့်စုံမှု မရှိခြင်းနှင့် အမည် နာမအခေါ်အဝေါ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ နိုင်ငံတကာတွင်ကျင့်သုံးမှုနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရပါသည်။ အစိုးရ၏ဘဏ္ဍာရေးဆိုင်ရာအခြေအနေ အားလုံးကိုဆုံးဖြတ်ရာတွင် ဘတ်ဂျက်ပြင်ပ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍  ရုပ်လုံးပေါ်အောင်ဖော်ပြထားခြင်း မရှိခြင်း၊ ပြည်သူ့ကြွေးမြီအခြေအနေပေါ်ဘဏ္ဍာ ရေးဆိုင်ရာအန္တရယ်ရှိမှုအား ဖော်ပြထားမှု မရှိခြင်းတို့တွေ့ရပါသည်။  ငွေစာရင်း နောက်ဆုံးရေးဆွဲခြင်းသည် ထုံးစံအတိုင်း နောက်ကျလေ့ရှိပါသည်။ စာရင်းစစ် အစီရင်ခံစာသည် စာရင်းစစ်ချုပ်ရုံးအဖွဲ့မှ သိသိသာသာနောက်ကျပြီးပုံနှိပ်ထုတ်ဝေ ပါသည်။ စာရင်းစစ်အစီရင်ခံစာတွင်ပါရှိသော စာရင်းစစ်တွေ့ရှိချက်နှင့်သဘော ထားမှတ်ချက်များကို အုပ်ချုပ်ရေးအဖွဲ့မှ အရေးယူဆောင်ရွက်မှုအခြေအနေကို ပြည်သူများသိရှိစေသောစနစ် မရှိပါ။ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုတွင် အလွန် အဆင့်နိမ့်နေသေးပါသည်။ ၂၀၁၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ဘတ်ဂျက်ပွင့်လင်း မြင်သာမှုညွှန်းကိန်း(Open Budget Index-OBI)သည် ၁၉ ရာခိုင်နှုန်းသာရှိပါ သည်။ အနည်းဆုံး၂၀ ရာခိုင်နှုန်းရှိရမည်ဖြစ်သောကြောင့် အားနည်းနေပါသေး သည်။ ဘတ်ဂျက်နှစ်အတွင်း ယာယီအားဖြင့် ဘတ်ဂျက်၏ပြောင်းလဲမှုအခြေအနေ များနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပွင့်လင်းမြင်သာမှုသည် နိုင်ငံ တကာအဆင့်နှင့် ညီညွတ်ခြင်း မရှိဘဲ  ကန့်သတ်ချက်များရှိနေပါသည်။


မြန်မာနိုင်ငံ၏ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအပေါ် အဖွဲ့အစည်းများ၏သဘောထားမှတ်ချက်များ
၇။    ယခင်အစိုးရလက်ထက်မှစ၍ မြန်မာနိုင်ငံတွင်ဆောင်ရွက်ခဲ့သော နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိခဲ့ပါသည်။ ဗဟိုချုပ်ကိုင်မှုလျော့ချရေး လုပ်ငန်းစဉ်များကြောင့် အစဉ်အဆက်ကျင့်သုံးခဲ့သော စနစ်ဖြစ်သည့် ဘတ်ဂျက်လိုငွေများကို ပြည်ထောင်စုအဆင့်စာရင်းတွင် ဖော်ပြသည့်စနစ်မှနေ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအနေဖြင့် ဒေသတွင်း ဝင်ငွေထွက်ငွေကို အခြေပြုကာ မိမိတို့ ၏ဦးစားပေးများနှင့် အသုံးစရိတ်မျှခြေများကို တွက်ချက်ရသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ သည်။ ထိုသို့ပြောင်းလဲကျင့်သုံးရာတွင် ဒေသန္တရအဆင့်မှစ၍ဘတ်ဂျက်ရေးဆွဲခြင်းနှင့် ဘတ်ဂျက် ကြိုတင်လျာထားခြင်းစသည်တို့ကို ဆောင်ရွက်ရသော တာဝန်ရှိသူများအနေဖြင့် နည်းပညာရပ် ဆိုင်ရာ စွမ်းဆောင်ရည်များအပြင် စဉ်းစားဆုံးဖြတ်ဆောင်ရွက်ပုံ (mind-set) များကိုပါ ပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်ပါသည်။
၈။    မြန်မာနိုင်ငံ၏ ဘတ်ဂျတ်ရေးဆွဲမှုစက်ဝန်းသည် အစိုးရဝင်ငွေထွက်ငွေ ထိန်းချုပ်မှုတစ် ခုတည်းကိုသာ လုံးလုံးလျားလျား ဦးတည်ထားသည်ကို တွေ့ရပြီး အခြားအဓိကကျသည့် စီမံ ကိန်းရေးဆွဲခြင်းဆိုင်ရာနည်းလမ်းများဖြစ်သော မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်း၊ အလယ် အလတ်ကာလ အတိုင်းအတာတစ်ခုအတွက် ဘတ်ဂျက်မူဘောင်ရေးဆွဲခြင်း (Medium Term Budget Framework)၊ (သက်ဆိုင်ရာ ကဏ္ဍတစ်ခုအတွက်) နှစ်စဉ်ဘတ်ဂျက်ကို နှစ်များစွာ အတွက်တွက်ချက်ခြင်း (Multi – annual Budget) စသည်တို့ကို ဆောင်ရွက်ရာတွင် အားနည်း ကြောင်း တွေ့ရပါသည်။
၉။    ဒေသန္တရအခွန်ကောက်ခံသည့် မူဝါဒနှင့်စနစ်များမှာ ဖွံ့ဖြိုးမှုနောက်ကျနေသေးပြီး ပြည်နယ် နှင့်တိုင်းဒေသကြီးများအနေနှင့် လိုငွေအခြေပြုဘတ်ဂျက်နှင့် အသုံးစရိတ်ကျော်လွန် သုံးစွဲမှုများ၊ အခွန်ဘဏ္ဍာငွေလျာထားချက် မပြည့်မီမှုများကို ကာမိစေရန် နှစ်လယ်ထပ်တိုး ဘတ်ဂျက်များကို တောင်းခံရရှိနေသည့်ကာလအတွင်း ဒေသတွင်းမှ အခွန်ဘဏ္ဍာကောက်ခံမှုကို တိုးတက်အောင် ဆောင်ရွက်လိုသည့် ဆွဲဆောင်မှုများ အားနည်းနေသေးပါသည်။
၁၀။    ကမ္ဘာဘဏ်၏လေ့လာချက်တွင် သက်ဆိုင်ရာဘတ်ဂျက်သုံးစွဲသည့် အဖွဲ့အစည်းများရှိ ငွေစာရင်းဌာနများက မိမိအဖွဲ့အစည်းအတွင်း  ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပေါင်းစပ်ရွေးချယ် အသုံးပြုမည်ဆိုသည်ကို ဆုံးဖြတ်ကြလေ့ရှိပါသည်။ ထို့ကြောင့် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ တသမတ်တည်းရှိမနေပဲ ဝန်ကြီး ဌာနတစ်ခုနှင့်တစ်ခုအကြား၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုနှင့် တစ်ခုအကြား ကွဲပြားခြားနားမှုများ ရှိနေသည်။ ဘဏ္ဍာ ရေးကဏ္ဍဗဟိုချုပ်ကိုင်မှု လျော့ချရေးစနစ်များတွင် စောင့်ကြပ်ထိန်း ချုပ်မှုစနစ်များအားနည်း ခြင်း၊ ပြီးပြည့်စုံသော ဘတ်ဂျက်ကိန်းဂဏန်းများ မဖော်ပြနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုအားနည်း ခြင်း စသောအကြောင်းများကြောင့် အဂတိလိုက်စားမှုအခြေအနေများ ပေါ်ပေါက်နိုင်ပါသည်။
နိဂုံး
၁၁။    ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရာတွင် အထူးသဖြင့် ဘတ်ဂျက်ပြင်ဆင်ခြင်း၊ အကောင်အထည် ဖော်ခြင်းနှင့်တာဝန်ခံခြင်းတို့ကိုဆောင်ရွက်ရာ၌ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့်တာဝန်ခံခြင်းတို့အား ဆောင်ရွက်သင့်ပါသည်။ ဘတ်ဂျက်စီမံခန့်ခွဲရာတွင်လည်း လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရရှိ ရန်ပြည်သူလူထုထံမှရရှိသည့်အခွန်ဘဏ္ဍာငွေများမှ လိုအပ်သည့်အထောက်အပံ့များကို ထောက်ပံ့ ပေးခြင်းကိုဖန်တီးသင့်ပါသည်။ နိုင်ငံ့ဝင်ငွေစီမံခန့်ခွဲရာတွင် တရားမျှတမှုနှင့် လူမှုအသိုင်းအဝိုင်း လုံခြုံမှုကိုကာကွယ်ပေးရန် ဦးတည်သင့်ပါသည်။  စီးပွားရေးဖွံ့ဖြိုးမှုပန်းတိုင်သို့ရောက်ရှိရန် နိုင်ငံ့ ဘဏ္ဍာရေးအရာရှိများမှ လူမှုဘဝဖူလုံရေးအတွက် လိုအပ်သောဘဏ္ဍာများအား တင်းကြပ်စွာကြီးကြပ် လုပ်ဆောင်ရပါမည်။ ပြည်သူ့ဝင်ငွေများကို ဆောင်ရွက်ရာတွင် မှန်ကန်မှုနှင့် တရားမျှတမှုရှိရေး ကို သေချာစေရန် ဘဏ္ဍာရေးအရာရှိများသည် ကျွမ်းကျင်မှုနှင့်ယုံကြည်စိတ်ချရမှု ရှိသင့်ပါသည်။
၁၂။    စီးပွားရေးဖွံ့ဖြိုးမှုပန်းတိုင်သို့ရောက်ရှိရန် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုသည် မရှိမဖြစ်လိုအပ် ပါသည်။ ကောင်းမွန်သောစားဝတ်နေရေးရရှိရန်အတွက် စီးပွားရေးဖွံ့ဖြိုးမှုသည်အရေးကြီးပါသည်။ အထူးသဖြင့် ကမ္ဘာအနှံ့အပြားတွင် စီးပွားရေးတိုးတက်ပြီး စက်မှုထွန်းကားသော တိုင်းပြည်များ တွင်  ကျန်းမာရေးစောင့်ရှောက်မှု ရရှိခြင်း၊ ပညာရေးပံ့ပိုးမှု ရရှိခြင်း၊ နေထိုင်ရန် အိမ်ယာရရှိ ခြင်းနှင့်လူမှုရေးဆိုင်ရာအကာအကွယ်ရရှိခြင်းတို့အား ဖြည့်ဆည်းပေးလျက်ရှိပါသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားတွင် စီးပွားရေးတိုးတက်မှု၏ပထမပိုင်းတွင် ဆင်းရဲချမ်းသာကွာဟ မှုကိုဖြစ်စေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုဖြစ်စေခြင်း၊ ဒေသန္တရယဉ်ကျေးမှုနှင့်ဘာသာ စကားကို ထိခိုက်စေခြင်းနှင့် ဆင်းရဲမှုကိုပိုမိုဆိုးဝါးစေခြင်းစသည်တို့ကို ရင်ဆိုင်ရလေ့ရှိ ပါသည်။
၁၃။    နိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် အရေးကြီးသော်လည်း အစိုးရအနေဖြင့် စီးပွားရေး တိုးတက်ရုံမျှဖြင့် ပြည်သူများအား ဆင်းရဲတွင်းမှ လွတ်ကင်းအောင် ကယ်တင်နိုင်ခြင်း မပြုလုပ် နိုင်ပါ။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူမှုရေးဆိုင်ရာ လုံခြုံမှုအစီအစဉ်များ ချမှတ်ပြီး ပြည်သူ များ၏ဘဝလုံခြုံမှုကို ဆောင်ရွက်ပေးနေပါသည်။ တရားဝင်နယ်ပယ်တွင်ရှိသော အလုပ်သမား များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေယုံမက ပြည်သူများအားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက် မှုဖြစ်စေရန်ဆောင်ရွက်ရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ပြည်သူဘဏ္ဍာစီမံခန့်ခွဲမှုအား နိုင်ငံတကာစံနှုန်းအညီ ပြည့်မီစေရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု နည်း စနစ်များပြောင်းလဲကျင့်သုံးခဲ့မှုကြောင့် အောင်မြင်မှုရရှိပုံများကိုလည်းကောင်း၊  ဗီယက်နမ်နိုင်ငံ၏ ၎င်းတွေ့ကြုံခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့မှုများအား လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များလေ့လာနိုင်ရန်အတွက် ရေးသားတင်ပြအပ်ပါသည်။


သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်