Skip to main content

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကာကွယ်စောင့်ရှောက်မှု

အကျဉ်းချုပ်
    မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများသည် လုပ်ငန်းမျိုးစုံတွင်အလုပ်လုပ်ကိုင်နေရ ခြင်း၊ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးဖြစ်ပွားနေခြင်း၊ သက်ငယ်မုဒိမ်းမှုများနေရာအနှံ့ တွင်ဖြစ်ပွားနေခြင်း၊ ကလေးသူငယ်များအားလူကုန်ကူးခံရခြင်း စသည့်ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများဖြစ်ပွားလျက်ရှိရာ ကလေးသူငယ်များ၏အခွင့်အရေးကို ယခုထက်ပိုမိုကာကွယ် စောင့်ရှောက်ရန်လိုအပ်လျက်ရှိပါသည်။
၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ခံမှုအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေသည် ၃၃.၃၁ ရာခိုင်နှုန်းခန့်ရှိပြီး မြို့ပြ၌ ၈.၅၉ ရာခိုင်နှုန်း၊ ကျေးလက်၌ ၂၄.၇၁ ရာခိုင်နှုန်း ခန့်ရှိပါသည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများအားကာကွယ် စောင့်ရောက်ရန် ၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ကလေးသူငယ်ရပိုင်ခွင့်ဆိုင်ရာ  နိုင်ငံတကာ သဘောတူညီချက် (Convention on the Rights of Child, CRC) ကို လက်မှတ်ရေးထိုး ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုပြဋ္ဌာန်းခဲ့ပါသည်။ အင်္ဂလန်နိုင်ငံအခြေစိုက်   Save the Children အဖွဲ့၏ End of Childhood Index 2017 အစီရင်ခံစာ၌ ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံပေါင်း ၁၇၂ နိုင်ငံအနက် မြန်မာနိုင်ငံ သည် အဆင့် ၁၁၂ ဖြစ်ပါသည်။
    ဤစာတမ်းတိုတွင် ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ၊ အစိုးရ၏ ဆောင်ရွက်ချက်များ၊ ကလေးသူငယ်များ၏အခြေခံအခွင့်အရေးများ၊ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေကြမ်းတွင်ပါရှိသော ကလေးသူငယ်အခွင့်အရေးများ၊ အသစ်ထည့်သွင်းရေးဆွဲ ထားသောအချက်များနှင့် နိုင်ငံတကာ၏ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ စသည့်အချက်အလက်များအားစုစည်း၍ ဖော်ပြထားပါသည်။

နိဒါန်း
၁။    ကလေးသူငယ်ဟူသည် တိုင်းပြည်၏အနာဂတ်ဟုတင်စားခေါ်ဝေါ်ကြပြီး မွေးဖွားကာစ ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်းမှသည် လူငယ်ဆိုသောအသက်အပိုင်းအခြားအထိ မွေးရာပါရပိုင်ခွင့်များကိုအသိအမှတ်ပြုစောင့်ရှောက်ပေးခြင်းသည် နိုင်ငံ၏အနာဂတ်တည်ဆောက် ခြင်းပင်ဖြစ်ပါသည်။  အရည်အချင်းပြည့်ဝသောလူ့စွမ်းအားအရင်းမြစ်သည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသောလူသားအရင်းမြစ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတိုင်းတွင် အနာဂတ်ရင်းနှီးမြှုပ်နှံမှု အတွက် ကလေးသူငယ်များ၏အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။  ယခုအခါ နိုဝင်ဘာလ ၂၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးများနေ့ (International Child Rights Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်အထိမ်းအမှတ်ပွဲများကျင်းပလျက်ရှိပါသည်။   
ကလေးသူငယ်ဥပဒေ၏နောက်ခံသမိုင်း

၂။    မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ကလေးသူငယ်ရပိုင်ခွင့်ဆိုင်ရာ  နိုင်ငံတကာသဘောတူညီချက် (Convention on the Rights of Child, CRC)ကို လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါသည်။ CRC အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံသည်ကလေးသူငယ်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေကိုထုတ်ပြန်ခဲ့ပါသည်။ ယခုအခါ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ၁၉၉၃ခုနှစ်၊ ကလေးသူငယ်ဥပဒေအား ခေတ်ကာလနှင့်လိုက်လျောညီထွေမှုရှိ စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်း တစ်ခုရေးဆွဲလျက်ရှိရာ အဆိုပါဥပဒေမူကြမ်းအားလွှတ်တော်တွင်းဆွေးနွေးနိုင်ရန် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်ပြခဲ့ပါသည်။   
အသစ်ရေးဆွဲထားရှိမှုများ
၃။    ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေတွင် အခန်းပေါင်း ၁၉ ခန်းနှင့် ပုဒ်မပေါင်း ၇၅ ခုရှိပြီး အသစ်ရေးဆွဲထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းတွင် အခန်းပေါင်း ၃၀ ခန်းနှင့် ပုဒ်မပေါင်း ၁၁၇ ခု ရှိသည်ကို တွေ့ရှိရပါသည်။ ယင်းဥပဒေကြမ်းအား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ အများပြည်သူများသိရှိလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့်ဖော်ပြခဲ့ပါသည်။ ဥပဒေကြမ်းတွင်အသစ်ထည့်သွင်းရေးဆွဲထားသောအချက်များမှာ-
(က)    မိဘရင်းပြုစုစောင့်ရှောက်မှုမရရှိသည့် ကလေးသူငယ်များအား အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း(Alternative Care)၊
(ခ)  ပြစ်မှုကျူးလွန်မိသော ကလေးသူငယ်များအား ပြစ်ဒဏ်ချမှတ်မည့်အစား အကျင့်စာရိတ္တပြုပြင်ရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့ရေးကိုဦးတည်သော အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း (Diversion)၊
(ဂ)    ကလေးသူငယ်များအားခေါင်းပုံဖြတ်ခိုင်းစေခြင်း (Exploitation)၊
(ဃ)    အဆိုးရွားဆုံးပုံစံဖြင့်အလုပ်ခိုင်းစေခြင်း (Worst Forms of Child Labour) ၊
(င)     ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊
(စ)    မသန်စွမ်းကလေးသူငယ်များ၏အခွင့်အရေးများနှင့်
(ဆ)    ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ စသည့်အချက်များဖြင့် ပြင်ဆင်ရေးဆွဲ ထားသည်ကိုတွေ့ရှိရပါသည်။  
ကလေးသူငယ်အခွင့်အရေးနှင့်ဆက်စပ်သောအခြားဥပဒေများ
၎။    မြန်မာနိုင်ငံတွင် ကလေးသူငယ်များ၏အခွင့်အရေးများအား စောင့်ရှောက်ပေးထားသော အောက်ပါဥပဒေများကို ပြဋ္ဌာန်းထားပါသည်-
(က)     ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ(၂၀၁၆)
(ခ)    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ (၁၉၉၃)
 (ဂ)    လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ(၂၀၀၅)
(ဃ)    မသန်စွမ်းသူများအခွင့်ရေးဆိုင်ရာဥပဒေ(၂၀၁၅)
(င)    မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၁၅)
     (စ)    ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ(၂၀၁၆)
(ဆ)    ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (၂၀၁၆) စသည့်ပြဋ္ဌာန်း ဥပဒေများသည် ကလေးသူငယ်အခွင့်အရေးနှင့်ဆက်စပ်အကျုံးဝင်သောဥပဒေ များဖြစ်ပါသည်။
ကလေးသူငယ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်
၅။    ၁၉၉၃ ခုနှစ်ကပြဋ္ဌာန်းခဲ့သော ကလေးသူငယ်ဥပဒေတွင် ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သူ၊ လူငယ်ဆိုသည်မှာ  အသက် ၁၆ နှစ်ပြည့်ပြီး ၁၈ နှစ်မပြည့်သေးသူ ဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။  ယခုပြင်ဆင်ရေးဆွဲထားသော ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေကြမ်းတွင် အသက် ၁၈ နှစ်မပြည့်သေးသူကို ကလေးသူငယ်ဟုဖော်ပြထားပါ သည်။ အဆိုပါသတ်မှတ်ချက်သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူ စာချုပ်(Convention on the Rights of the Child, CRC) ၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အညီပြင်ဆင်ထားခြင်းဖြစ်ပါသည်။  
ကလေးသူငယ်အမျိုးအစား
၆။    ကလေးသူငယ်များကို သာမန်ကလေးသူငယ်နှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်ဟူ၍နှစ်မျိုးခွဲခြားထားပါသည်။ သာမန်ကလေးသူငယ်များမှာ မိဘ သို့မဟုတ် အုပ်ထိန်းသူများနှင့်အတူ မိသားစုဘဝဖြင့် လူမှုပတ်ဝန်းကျင်အတွင်း ပုံမှန်ဖွံ့ဖြိုးတိုးတက်ခွင့်ရသော ကလေးသူငယ်များဖြစ်ပါသည်။  ကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးသူငယ်အမျိုးအစား များကိုအသစ်ရေးဆွဲထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း၏ အခန်း (၁၆) ပုဒ်မ ၅၈ တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းခံရသော ကလေးသူငယ်များအပါအဝင် အောက်ဖော်ပြပါအခြေအနေတစ်ရပ်ရပ်ကို တွေ့ကြုံခံစားနေရသော သို့မဟုတ် ပြုလုပ်ခြင်းခံရသောကလေးသူငယ်အားကာကွယ်စောင့်ရှောက်ရန်လိုသည်ဟု  ဖော်ပြ ထားပါသည်-
(က)    အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းခံရသည့် ကလေးသူငယ်၊
(ခ)    လမ်းပေါ်နေကလေးသူငယ်၊
(ဂ)    အကျဉ်းထောင်ကျကလေးသူငယ်၊
(ဃ)    စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရသော ကလေးသူငယ်၊
(င)    လူကုန်ကူးခံရသော ကလေးသူငယ်၊
(စ)    ကွာရှင်းနေသည့် သို့မဟုတ် ခွဲခွာနေထိုင်သည့် မိဘများ၏ကလေးသူငယ်၊
(ဆ)    ခုခံအားကျဆင်းမှုရောဂါခံစားရသော ကလေးသူငယ် သို့မဟုတ် ခုခံအားကျဆင်း မှုရောဂါခံစားနေရသည့် မိဘများ၏ ကလေးသူငယ်၊
(ဇ)    တောင်းရမ်းစားသောက်နေသောကလေးသူငယ်၊
(ဈ)    မူးယစ်ဆေးဝါးများ သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကိုထုတ်လုပ် ခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းပြုရာတွင် အသုံးချခံရသော ကလေး သူငယ်၊
(ည)    မိဘ သို့မဟုတ် အုပ်ထိန်းသူမရှိသော၊ စိတ်ပေါ့သွပ်နေသော သို့မဟုတ် ကူးစက် တတ်သည့်ရောဂါစွဲကပ်နေသော ကလေးသူငယ်၊
(ဋ)    မိဘ သို့မဟုတ် အုပ်ထိန်းသူက ထိန်းသိမ်း၍မရနိုင်လောက်အောင် ဆိုးသွမ်းနေ သော ကလေးသူငယ်၊
(ဌ)    သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်စေ ထိခိုက်ခံစားရသော ကလေးသူငယ်၊
(ဍ)    ချို့တဲ့နွမ်းပါးသည့်မသန်စွမ်းကလေးသူငယ်ဟူ၍ကာကွယ်စောင့်ရှောက်ရန် လိုအပ် သော ကလေးသူငယ်အမျိုးအစားများကို ဖော်ပြထားပါသည်။
ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်များ
၇။    ကလေးသူငယ်တိုင်းခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေး (၄) ရပ်ရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    အသက်ရှင်သန်ခွင့်။ ကလေးသူငယ်တိုင်းသည် မွေးရာပါ အသက်ရှင်သန် ခွင့်ရှိပါသည်။ အသက်ရှင်သန်ရန်အခွင့်အရေးကိုကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပြင်ပအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(ခ)    ဖွံ့ဖြိုးတိုးတက်ခွင့်။ ကလေးသူငယ်တိုင်းသည်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အခွင့်အရေးရှိသကဲ့သို့ အခြေခံပညာသင်ယူခွင့် ရှိပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၈(ဂ)တွင် နိုင်ငံတော်သည်အခမဲ့ မသင်မနေရမူလတန်းပညာရေးစနစ်ကို ဖော်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၂၇ (ဃ) တွင်လည်း ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ကိုဖော်ဆောင်ရမည်ဟုပြဋ္ဌာန်းထားပါသည်။ ကောင်းမွန်သော ပညာရေးစနစ်သည် ကလေးသူငယ်များ၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေပါသည်။
(ဂ)  ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်။ ကမ္ဘာ့ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်အရ အစိုးရသည် နိုင်ငံသားများ၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့ ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် လိုအပ် ပါသည်။
(ဃ)    ပါဝင်ဆောင်ရွက်ခွင့်။ ကလေးများ၏အသက်အရွယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု အပေါ်မူတည်၍ ကလေးများနှင့်သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိ စေရန် မိဘအုပ်ထိန်းသူများသည် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးကို လမ်းညွှန်ပြသခွင့်ရှိကြောင်း (Convention on the Right of the Child) တွင် ဖော်ပြထားပါသည်။  
ဥပဒေကြမ်းတွင်ဖော်ပြထားသော ကလေးသူငယ်များ၏ ရပိုင်ခွင့်အခွင့်အရေးများ
၈။    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းတွင် ကလေးသူငယ်များ၏အခွင့်အရေး များကို အောက်ပါအတိုင်းရေးဆွဲဖော်ပြထားပါသည်-
(က)    ကလေးသူငယ်များ၏ရပိုင်ခွင့်အခွင့်အရေးများ။ ယင်းကိစ္စနှင့်စပ်လျဉ်း ၍ ဥပဒေကြမ်း၏အခန်း (၇) ပုဒ်မ ၁၉ တွင်ဖော်ပြထားသည့် ကလေးသူငယ် များ၏ရပိုင်ခွင့်အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    အသက်ရှင်သန်ရန် မွေးရာပါအခွင့်အရေးရှိသည်။
(၂)    ကလေးသူငယ်၏အကောင်းဆုံးအကျိုးစီးပွားများခံစားခွင့်ရှိသည်။
(၃)    မိဘနှစ်ပါး သို့မဟုတ် တစ်ပါးပါးအသက်ရှင်လျက်ရှိပါက ယင်းတို့နှင့်အတူ နေထိုင်ကြီးပြင်းရန် အခွင့်အရေးရှိသည်။
(၄)    မည်သည့်အကြောင်းနှင့်မှခွဲခြားဆက်ဆံခြင်းမခံရစေရ။
(၅)    မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော် ပြောဆို ခွင့်ရှိသည်။
(၆)    ကိုးကွယ်သည့်ဘာသာ၊ သာသနာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းများကို လွတ်လပ်စွာကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။
(၇)    ဥပဒေအရခွင့်ပြုထားသော ကလေးသူငယ်ဆိုင်ရာအသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ၊ လူမှုရေး သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းများတွင် ပါဝင်ခွင့်ရှိသည်။
(၈)    ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရှိသည်။
(၉)    မိမိတို့၏ဘက်စုံဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေမည့်စာပေများဖတ်ရှု နိုင်ခွင့်၊ ဗဟုသုတများလေ့လာဆည်းပူးနိုင်ခွင့်နှင့် သတင်းများရယူနိုင်ခွင့်ရှိ သည်။
(၁၀)    အားလပ်ချိန်နှင့် ကစားချိန်များရပိုင်ခွင့်ရှိပြီး အသက်အရွယ်အလိုက် အားကစားလှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲခွင့်ရှိသည်။
(၁၁)    ဥပဒေနှင့်အညီအမွေဆက်ခံခွင့်ရှိသည်။
(၁၂)    ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိပြီး ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာအတွက် ဥပဒေအရ            အကာအကွယ်ရထိုက်ခွင့်ရှိသည်။
(၁၃)    ကလေးသူငယ်တိုင်း၏ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကြောင်းမဲ့ထိပါးခြင်းမခံရစေရန် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်ရှိသည်။
(၁၄)    ယင်းအခွင့်အရေးများအပြင် ဥပဒေကြမ်းတွင်ပါရှိသော ကလေးသူငယ်၏ အခြားအခွင့်အရေးများကို တန်းတူညီမျှစွာရရှိခံစားခွင့်ရှိသည်ဟု ဖော်ပြ ထားပါသည်။   
(ခ)    ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ၏အခန်း(၁၂) ပုဒ်မ ၄၅ တွင် ဖော်ပြထားသည့် ကလေးသူငယ်များ၏ကျန်းမာရေး ဆိုင်ရာအခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများရရှိစေ ရမည်။
(၂)    နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်။
(၃)    ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီခံစားခွင့်ရရှိစေရမည်ဟု ဖော်ပြထားပါသည်။
(ဂ)    ပညာရေးဆိုင်ရာအခွင့်အရေးများ။        ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ၏အခန်း (၁၃) ပုဒ်မ ၄၇ တွင်ဖော်ပြထားသည့် ပညာရေးဆိုင်ရာအခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁)    ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ ပညာသင်ယူမှုဆိုင်ရာအခွင့်အရေးများ ရရှိစေ ရမည်။
(၂)    နိုင်ငံတော်ကဖွင့်လှစ်ထားသောကျောင်းများတွင် သတ်မှတ်ထားသော အဆင့်အထိ အခမဲ့ပညာသင်ယူခွင့်ရှိသည်။
(၃)    တိုင်းရင်းသားများ၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးစံများဖွံ့ဖြိုးစေရန် သင်တန်းများ ဖွင့်လှစ်သင်ကြားရေးအတွက် ကူညီဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိပါသည်။  
မြန်မာနိုင်ငံရှိကလေးသူငယ်များ၏ဘဝနှင့် ပညာသင်ယူနိုင်မှုအခြေအနေ
၉။    မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း ဆင်းရဲမှုမြင့်မားနေခြင်းကြောင့် ကလေး သူငယ်အရွယ်အမျိုးမျိုးသည် အသက်မပြည့်သေးသော်လည်း လူမှုဘဝအခြေအနေအမျိုးမျိုးတွင် လှုပ်ရှားရုန်းကန်ရှင်သန်နေကြရပါသည်။  မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ရေနှင့်သန့်ရှင်းမှုဆိုင်ရာဝန်ဆောင်မှုများ၊ ပညာသင်ကြားခွင့်ဆိုင်ရာစသည့် အခြေခံအခွင့်အရေးများဆုံးရှုံးလျက်ရှိ၍ အချိန်မတိုင်မီကျောင်းထွက်ပြီး အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင်လည်း ဝင်ရောက်လုပ်ကိုင်နေကြရပါသည်။ ထိုသို့လုပ်ကိုင်ရာတွင် ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ အဓမ္မ စေခိုင်းခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း စသည်တို့ကိုလည်း ကြုံတွေ့နေရပါ သည်။
၁၀။    ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ခံမှုကိုအခြေခံထားသော အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ကလေးသူငယ်နှင့် လူငယ်၊ လူရွယ် အကြောင်းအရာသုတေသနစာတမ်းအရ မြန်မာနိုင်ငံတွင်အသက် ၅ နှစ်မှ ၉ နှစ်အတွင်းရှိ ကလေး များ၏ ၇၁.၂ ရာခိုင်နှုန်း သည် မူလတန်းပညာသင်ကြားလျက်ရှိပြီး အသက် ၁၀ နှစ်မှ ၁၃ နှစ် အတွင်းရှိ ကလေးသူငယ် ၇၆.၂ ရာခိုင်နှုန်းမှာ အလယ်တန်းပညာသင်ကြားလျက်ရှိကြောင်း သိရှိ ရပါသည်။ အထက်တန်းပညာကို အသက် ၁၄-၁၅ နှစ်အတွင်းရှိ ကလေးသူငယ်များ၏ ထက်ဝက်ခန့် ၅၁ ရာခိုင်နှုန်းသာ တက်ရောက်သင်ယူနိုင်ကြောင်း ဖော်ပြထားပါသည်။  ကလေး သူငယ်များပညာသင်ကြားခွင့်ဆုံးရှုံးရခြင်းမှာ မိသားစုလူမှုစီးပွားဘဝနိမ့်ကျခြင်း၊ စာသင်ကျောင်း များနှင့်ဝေးကွာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်ပါသည်။  
မြန်မာနိုင်ငံ၏ကလေးလုပ်သားအခြေအနေ
၁၁။    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်းအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးဦးရေ ၁၂.၁ သန်းကျော်ရှိပြီး အလုပ်လုပ်သည့် ကလေးသူငယ်ပေါင်း ၁.၂ သန်းကျော်ရှိ ပါသည်။ လယ်ယာ၊ သစ်တောနှင့် သားငါးကဏ္ဍတို့ တွင် ၆၀ ရာခိုင်နှုန်းကျော်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၁၂ ရာခိုင်နှုန်းကျော်နှင့် ကုန်သွယ်မှုလုပ်ငန်းတွင် ၁၁ ရာခိုင်နှုန်းကျော် လုပ်ကိုင်နေ ကြောင်းသိရှိရပါသည်။  ကလေးအလုပ်သမားအဖြစ်ခိုင်းစေခြင်းသည် ထိန်းချုပ်ရလွယ်ကူခြင်း၊ လုပ်ခလစာဈေးပေါခြင်း၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သူများမဟုတ် ဟုအလုပ်ရှင်များကမှတ်ယူထားကြခြင်းသည် ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုဖြစ်စေပြီး ကလေးသူငယ်များ၏အနာဂတ်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေပါသည်။  
ကလေးသူငယ်လူကုန်ကူးခံရမှုများ
၁၂။  မြန်မာနိုင်ငံ၌ လူကုန်ကူးခံရသူများတွင် ကလေးသူငယ်များပါဝင်လျက်ရှိပါသည်။ ကလေးသူငယ်များအားလူကုန်ကူးခံရခြင်းမှာ ကလေးအလုပ်သမားများအဖြစ်ခိုင်းစေလိုခြင်း  ငယ်ရွယ်သူများနှင့်လက်ထပ်လိုခြင်း၊ လိင်ပိုင်းဆိုင်ရာပျော်ပါးလိုခြင်း၊ ကလေးသူငယ်များအား မွေးစားလိုခြင်း စသည့်အချက်များကြောင့် ဖြစ်ပွားနေရခြင်းဖြစ်ပါသည်။  
၁၃။    ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိဖြစ်ပွားခဲ့သော လူကုန်ကူးမှုပေါင်းနှင့် လူကုန်ကူးခံရသော ကလေးသူငယ်ဦးရေမှာ တစ်ဖက်ဖော်ပြပါဇယားအတိုင်းဖြစ်ပါသည်-

သက်ငယ်မုဒိမ်းမှုဖြစ်ပွားရသည့်အကြောင်းရင်းများနှင့် နှစ်စဉ်ဖြစ်ပွားသည့်အမှုများ
၁၄။    မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွားလေ့ရှိသောအကြောင်းအရင်းများမှာ အနေနီးစပ်မှု ကြောင့် ၁၆.၆၁ ရာခိုင်နှုန်း၊ ယုံကြည်မှုလွန်ကဲမှုကြောင့် ၁၁.၆၈ ရာခိုင်နှုန်း၊ အဓမ္မပြုကျင့်မှု ကြောင့် ၃၁.၉၁ ရာခိုင်နှုန်း၊ အဖော်မဲ့သွားလာမှုကြောင့် ၆.၂၅ ရာခိုင်နှုန်း၊ ဖြားယောင်းသွေးဆောင်မှု ကြောင့် ၂၅.၄၉ ရာခိုင်နှုန်း၊ အခွင့်အရေးရယူမှုကြောင့် ၈.ဝ၆ ရာခိုင်နှုန်းဖြစ်ပွားသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ လေ့လာတွေ့ရှိချက်အရသိရှိရပါသည်။  ကျူးလွန်သူအများစုသည် ငွေကြေးချမ်းသာ သူနည်းပါးပြီး ကျူးလွန်ခံရသည့် ကလေးငယ်၏ မိဘအုပ်ထိန်းသူများနှင့် သိကျွမ်းလေ့ရှိကြောင်း၊ ရင်းနှီးမှု၊ ယုံကြည်စိတ်ချမှုကို လွယ်လွယ်ကူကူရယူ၍ ပြန်လည်မပြောပြနိုင်သည့် မိန်းကလေးငယ် များကို သားကောင်အဖြစ်ပစ်မှတ်ထား ပြုကျင့်လေ့ရှိကြောင်း၊ အသိပညာဗဟုသုတနှင့် ဆင်ခြင်တုံ တရားအားနည်းသူများဖြစ်ကြောင်း ဥပဒေအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။  
၁၅။    တစ်ဖက်ဖော်ပြပါဂရပ်ပုံအရ သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် တွင်သိသာစွာမြင့်တက်လာကြောင်းတွေ့ရှိရပါသည်။ ၂၀၁၅ခုနှစ်တွင် သက်ငယ်မုဒိမ်းတိုင်ကြားမှု အမှုပေါင်း ၃၁၆ မှုရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှုထိနှစ်ဆကျော် တိုးမြင့်ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။  ယခု ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ သက်ငယ်မုဒိမ်းတိုင်ကြားမှု အမှုပေါင်း ၇၅၃ မှု ရှိခဲ့ပြီး အဖြစ်အများဆုံးအသက်အရွယ်မှာ အသက် ၁၄ မှ ၁၆ နှစ် ဝန်းကျင်များ ဖြစ် ကြောင်းသိရှိရပါသည်။  သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှုနှုန်းများတိုးမြှင့်လာခြင်းမှာ ယခုအချိန်အခါ တွင်ပွင့်လင်းမြင်သာစွာ ဖော်ထုတ်နိုင်ခွင့်ရရှိသောအချိန်အခါဖြစ်သောကြောင့်လည်း ဖြစ်သည်ဟု သုံးသပ်ရပါသည်။

အစိုးရ၏ဆောင်ရွက်ချက်များ
၁၆။    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းထားရှိပါသည်။ ကော်မတီများမှ အစိုးရဝန်ထမ်းများနှင့် ရပ်ရွာပြည်သူလူထုအား ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးသင်တန်းများဖွင့်လှစ်ခြင်း၊ အသိပညာပေး ဟောပြောမှုများဆောင်ရွက်ခြင်း၊ ကလေးသူငယ်အရေးကိစ္စရပ်များအား ညှိနှိုင်းဖြေရှင်းပေးခြင်း စသည့်ကိစ္စရပ်များအား ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁၇။    ဝန်ကြီးဌာနသည် ကလေးသူငယ်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှု များအား(United Nations Convention on the Rights of the Child, UNCRC) ကော်မတီသို့နှစ်စဉ်အစီရင်ခံစာတင်ပြရပါသည်။ ယခုအခါ ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ်မြောက် ပူးတွဲအစီရင်ခံစာအားရေးသားပြုစု၍ UNCRC ကော်မတီသို့တင်ပြနိုင်ရေးအတွက်ဆောင်ရွက် လျက်ရှိပါသည်။  
၁၈။ ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုများပိုမိုမြင့်တက်လာသဖြင့်  ပြည်သူလူထုအတွင်း သက်ငယ်မုဒိမ်းမှုကြိုတင်ကာကွယ်ရေးဆိုင်ရာ Action Plan များရေးဆွဲ၍ အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ Billboard စိုက်ထူ ခြင်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ မုဒိမ်းမှု ကျူးလွန်ခံရသော ကလေးသူငယ်များအား ၂၀၁၇ခုနှစ်၊ မတ်လမှစတင်၍ ထောက်ပံကြေးပေးအပ် လျက်ရှိရာ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလအထိ ကလေးသူငယ် ၅၂ ဦးအား ထောက်ပံ့ကြေး (၇,၉၀၀,၀၀၀) သိန်းကျပ် ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် ပြည်သူများ၏ထင်မြင်ချက်များ
၁၉။    ကုလသမဂ္ဂသဘောတူစာချုပ်ပါအချက်များအတိုင်း ကလေးသူငယ်များ၏ အခွင့်အရေး အပြည့်အဝမရရှိဘဲ ချိုးဖောက်ခံရမှုများပြားနေခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီး နေခြင်းဖြစ်ပါသည်။ ကလေးသူငယ်တိုင်း အခွင့်အရေးများကို ပြည့်ဝစွာရရှိရန်၊ ကလေးသူငယ် များ၏ အကောင်းဆုံးအကျိုးစီးပွားကိုရည်ရွယ်၍ အစိုးရ၊ လွှတ်တော်၊ ပြည်သူလူထု၊  လူမှုဝန်ထမ်း ဦးစီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်  အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများသည် မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဖြည့်ဆည်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ် ပါသည်။
၂၀။    ကလေးသူငယ်များ၏ရပိုင်ခွင့်အခွင့်အရေးများအားဆောင်ရွက်ရာတွင်  အစိုးရကဏ္ဍတစ်ခု တည်းဖြင့်ဆောင်ရွက်ခြင်းမှာ အောင်မြင်မှုမရရှိနိုင်ဘဲ ရပ်ရွာအခြေပြုပြည်သူလူထုကဝိုင်းဝန်း ကူညီမှသာလျှင် ကလေးသူငယ်များ၏အခွင့်အရေးအား အပြည့်အဝကာကွယ်နိုင်မည် ဖြစ်ပါသည်။
၂၁။    ကလေးသူငယ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိရောက်သည့်ပြစ်ဒဏ်များ နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်သောဥပဒေတစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းပေးရန်လိုအပ်နေပါသည်။ ယင်းဥပဒေအား ပြည်သူလူထုများ သိရှိလိုက်နာနိုင်ရန် အသိပညာပေးမှုများ ပြုလုပ်သင့်ပါသည်။
၂၂။ ကလေးသူငယ်များအား ခေတ်နှင့်လျော်ညီသော၊ ကိုယ်ရည်ကိုယ်သွေးပြည့်ဝသော နိုင်ငံသားကောင်းဖြစ်လာစေရန် မိဘအပါအဝင် တာဝန်ရှိသူတိုင်းသည်  ကလေးအခွင့်အရေး ဆိုင်ရာများကို သိရှိနားလည်ရန်လိုအပ်ပါသည်။  
ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအကောင်းဆုံးပေးသောနိုင်ငံများ
၂၃။    Save the Children အဖွဲ့၏End of Childhood Index 2017 အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအကောင်းဆုံးပေး သော အဆင့် (၁၀) အတွင်းရှိသော နိုင်ငံများမှာ တစ်ဖက်ပါဇယားအတိုင်း ဖြစ်ပါသည်-

ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအနည်းဆုံးပေးသောနိုင်ငံများ
၂၄။    ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအနည်းဆုံးပေးသောနိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂၅။ ယင်းအစီရင်ခံစာအရနော်ဝေနိုင်ငံသည်ကလေးသူငယ်အခွင့်အရေးကာကွယ် စောင့်ရှောက်မှု အကောင်းဆုံးရရှိ၍အဆင့်(၁) နေရာတွင်ရှိပြီး နိုင်ဂျာနိုင်ငံသည်ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုအနည်းဆုံး အဆင့် (၁၇၂) နေရာတွင်ရှိသည်ကို တွေ့ရှိရပါသည်။
နိုင်ငံအချို့၏ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများ
၂၆။    ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံအချို့၏ ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    နော်ဝေနိုင်ငံ။        ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွင် အကောင်းဆုံးနိုင်ငံဖြစ်သော နော်ဝေနိုင်ငံသည် ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးဥပဒေ(The Child Welfare Act, 1992) ကိုပြဋ္ဌာန်းထားပါသည်။ အဆိုပါဥပဒေသည် ကလေးသူငယ်များအားအကြမ်းဖက်ခြင်းမှကာကွယ်ရန် ပြဋ္ဌာန်း ထားခြင်းဖြစ်ပါသည်။ ယင်းဥပဒေ၏ရည်ရွယ်ချက်မှာ ကာကွယ်စောင့်ရှောက်မှု လိုအပ်သောကလေးသူငယ်များနှင့် လူငယ်များအား အကူအညီအထောက်အပံ့များ ပေးအပ်ခြင်းဖြင့် လုံခြုံစိတ်ချမှုရှိသောပတ်ဝန်းကျင်တွင် ကြီးပြင်းလာစေရန်ဖြစ်ပါ သည်။ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုအားလုံးကို ယင်းဥပဒေအရဖွဲ့စည်းထား သောကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(Child Welfare Services)သို့ မည်သူမဆိုအကြောင်းကြားနိုင်ပါသည်။ ကလေးသူငယ်တစ်ဦးညှင်းပန်းနှိပ်စက် ခံရသည်ဟုသံသယရှိပါက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သည် ကလေးသူငယ်အားစစ်ဆေးရန် ဆေးရုံ သို့မဟုတ် အခြားသင့်လျော်ရာနေရာသို့ ခေါ်ဆောင်သွားရန်ညွှန်ကြားနိုင်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးဦးသည် ကလေးသူငယ် တစ်ဦးဘေးအန္တရာယ်တစ်ခုတွင်ကျရောက်နေကြောင်း တွေ့ရှိလျှင်လည်း ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သို့ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကလေးသူငယ်များသည် ၎င်းတို့၏နေ့စဉ်လူမှုဘဝ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ကိုအသက်အရွယ်အလိုက်မရရှိခြင်း၊ မိဘများမှ၎င်းတို့၏ကျန်းမာရေးမကောင်း သော၊ မသန်စွမ်းသောသားသမီးများကို စောင့်ရှောက်နိုင်စွမ်းမရှိခြင်းတို့ကို တွေ့ရှိ ပါကလည်း စောင့်ရှောက်မှုခံယူရန် အကြောင်းကြားနိုင်ပါသည်။  နော်ဝေနိုင်ငံ သည် ကလေးသူငယ်အခွင့်အရေးနှင့်ဆက်စပ်သည့် အခြားဥပဒေများကိုလည်း ပြဋ္ဌာန်းထားပါသည်။ အဆိုပါဥပဒေများအနက် ကလေးသူငယ်များ၏လိုအပ်ချက် များကို အဓိကဖြည့်ဆည်းပေးရန် (The Social Services Act of 2010) လူမှုဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းထားပါသည်။ ယင်းဥပဒေအရ ကလေးသူငယ်များ သည် ၎င်းတို့၏မိဘများငွေကြေးအခက်အခဲများရှိသော်လည်း စာသင်ကျောင်းများ တွင်ပညာသင်ယူခွင့်၊ လူမှုရေးလှုပ်ရှားမှုများနှင့် ပျော်ပွဲရွှင်ပွဲများတွင်ပါဝင်ဆင်နွှဲခွင့် စသည့် လုံခြုံ၍ပျော်ရွှင်ပြည့်စုံသောကလေးဘဝကို ခံစားခွင့်ရှိပါသည်။ ထို့ပြင် မသန်စွမ်းကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံခြင်းကို တားမြစ်ထားသော       (The Anti-Discrimination and Accessbility Act) ကို ပြဋ္ဌာန်းထားပါသည်။ မသန်စွမ်းကလေးသူငယ်များသည် အခြားကလေးများနည်းတူ စာသင်ကျောင်း များတွင် ပညာသင်ယူခွင့်နှင့် လူမှုရေး၊ ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိခံစား ခွင့်ရှိပါသည်။   
(ခ)    တရုတ်နိုင်ငံ။        တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သည် ကလေးသူငယ် များအားအတင်းအဓမ္မခိုင်းစေမှုမှကာကွယ်ရန် ရာဇဝတ်မှုဆိုင်ရာဥပဒေတစ်ရပ်ကို ၁၉၉၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ထပ်မံပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေတွင်ကလေးသူငယ်များကို အတင်းအဓမ္မခိုင်းစေခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများ အားပြင်းထန်စွာ အရေးယူရန်ပြဋ္ဌာန်းထားပါသည်။ ကလေးသူငယ်နှင့် အမျိုးသမီးများအား လူကုန်ကူးရောင်းချသူများကို ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အထိ ချမှတ်နိုင်ပါသည်။ ထို့ပြင် ကျူးလွန်သည့်ပြစ်မှု အဆင့်ပေါ် မူတည်၍ တရားခံများ၏ပိုင်ဆိုင်မှုကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူပြီး သေဒဏ်အထိလည်းချမှတ်နိုင်ပါသည်။  
(ဂ)    ဂျပန်နိုင်ငံ။    ဂျပန်နိုင်ငံသည် ဒေသဆိုင်ရာအစိုးရက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးရုံးများ သို့မဟုတ် ကလေးသူငယ်စောင့်ရှောက်ရေးဌာနများ တည်ထောင်ဖွင့်လှစ်၍ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် (The Child Welfare Law, 1947) အားပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုများအားကာကွယ်သော (The Child Abuse Prevention Law, 2000) အားလည်း ပြဋ္ဌာန်းထားပါသည်။ ယင်းဥပဒေအရ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးရုံးသည် ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုများကို စုံစမ်းစစ်ဆေး ရန်တာဝန်ရှိပါသည်။ အစိုးရသည် ညှင်းပန်းနှိပ်စက်ခံရသောကလေးသူငယ်များ အားလိုအပ်ပါက ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုသမှုနှင့် အခြားစုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာသို့အပ်နှင်းနိုင်ပြီး လိုအပ်သောစောင့်ရှောက်မှုများပေးအပ်ရန် ညွှန်ကြားနိုင်ပါသည်။ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကလေးသူငယ်များ ပညာသင်ယူခွင့်နှင့် စပ်လျဉ်း၍ အပြည့်အဝ အာမခံချက်ပေးထားပါသည်။ နိုင်ငံသားတိုင်းသည် ဥပဒေအရပြဋ္ဌာန်းထားသော ပညာရေးအခွင့်ရေးများအား တန်းတူညီမျှခံစားခွင့်ရှိပါသည်။ အသက် ၆ နှစ်မှ အသက် ၁၅ နှစ်အထိ အခမဲ့မသင်မနေရပညာရေးစနစ်ကို ဖန်တီးပေးထားပါသည်။ ထို့ပြင် မသန်စွမ်းကလေးသူငယ်များ ပညာသင်ယူမှုနှင့်စပ်လျဉ်း၍ ၎င်းတို့၏ မသန်စွမ်းမှုအမျိုးအစားပေါ် မူတည်၍ လုံလောက်သောပညာသင်ယူမှုအခွင့်အရေး များရရှိအောင် ဖော်ဆောင်ပေးထားပါသည်။ မသန်မစွမ်း ကလေးသူငယ်များဖြစ် သည့် မျက်မမြင်၊ နားမကြား၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေး ချို့တဲ့သည့်ကလေးသူငယ်များအတွက် ၎င်းတို့၏မသန်စွမ်းမှုအမျိုးအစားအလိုက် ပညာသင်ယူနိုင်စေရန် စာသင်ကျောင်းများ သီးခြားဖွင့်လှစ်ပေးထားပါသည်။ ထို့ပြင် အစိုးရသည် ကလေးသူငယ်များအားကျောင်းထားရန် ငွေကြေးအခက်အခဲ ရှိသောမိဘများအား ငွေကြေးထောက်ပံ့ပေးမှုများလည်း ရှိပါသည်။ ဂျပန်နိုင်ငံ၏ အလုပ်သမားဥပဒေသည် ကလေးသူငယ်များ ပညာသင်ယူရမည့် အသက်အပိုင်းအခြားဖြစ်သောအသက် ၁၅ နှစ်အောက်ကလေးသူငယ်များအား ကလေးလုပ်သား အဖြစ်ခိုင်းစေခြင်းအား တားမြစ်ထားပါသည်။ သို့သော် အသက် ၁၃ နှစ် သို့မဟုတ် ၁၃ နှစ်ထက်ကြီးသောသူများအား ပေါ့ပါး၍ ကျန်းမာရေး၊ လုံခြုံရေးမထိခိုက်သော အလုပ်မျိုးကို အလုပ်သမားကြီးကြပ်ရေးရုံး၏ခွင့်ပြုချက်ဖြင့် ခန့်ထားနိုင်ပါသည်။ ထို့ပြင် အသက် ၁၈ နှစ်အောက်ကလေးသူငယ်များအား အန္တရာယ်ရှိသော အလုပ်များတွင်ခိုင်းစေခြင်း၊ အချိန်ပိုခိုင်းစေခြင်းနှင့် ညအချိန်ခိုင်းစေခြင်းတို့ကိုလည်းတားမြစ် ထားပါသည်။
(ဃ)    အိန္ဒိယနိုင်ငံ၏ကလေးလုပ်သားအခြေအနေ။    အိန္ဒိယနိုင်ငံတွင် ကလေး အလုပ်သမားခန့်ထားမှုနှင့်စပ်လျဉ်းသော စက်ရုံ/အလုပ်ရုံဥပဒေ (Factory Act of 1881)ကို ၁၈၈၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် အန္တရာယ်ရှိသော နေရာများ၊ လုပ်ငန်းခွင်များတွင် ကလေးသူငယ်များအားအလုပ်ခိုင်းစေခြင်းကို တားမြစ် သောဥပဒေ (Child Labor Prohibition and Regulation Act) ကို ထပ်မံပြဋ္ဌာန်းခဲ့ပါသည်။ ယင်းနောက်တွင် အသက် ၁၄ နှစ် အောက် ကလေး သူငယ်များကို အလုပ်ခန့်ထားမှုအားတားမြစ်ထားသော (Child Labor Act ) ကလေးအလုပ်သမားအက်ဥပဒေကို ၁၉၃၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေတွင်  ကလေးသူငယ်များအားမတရားခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးမှုများအား ပြင်းထန်စွာအရေးယူရန်ပြဋ္ဌာန်းထားပါသည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေများ ကိုပြဋ္ဌာန်းထားသော်လည်း ကလေးအလုပ်သမားများသည် နေရာအနှံ့အပြားတွင် လုပ်ကိုင်နေကြရဆဲဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် တစ်နိုင်ငံလုံး၏ကလေးအလုပ်သမား ၈၀ ရာခိုင်နှုန်းအထိ လုပ်ကိုင်နေကြ ရပြီးတစ်ကမ္ဘာလုံးနှင့်နှိုင်းယှဉ်ပါက ၇၀ ရာခိုင်နှုန်းအထိရှိပါသည်။ ယင်းကလေး အလုပ်သမားများသည် သန့်ရှင်းသည့်သောက်သုံးရေ၊ လုံလောက်သည့်ကျန်းမာရေး စောင့်ရှောက်မှု၊ အနားယူခွင့်နှင့် အခြားပညာရေးအခွင့်အလမ်းများမရရှိဘဲ လုပ်ကိုင် နေရပါသည်။ အထူးသဖြင့် အမျိုးသမီးကလေးသူငယ်အလုပ်သမားများသည် ၎င်းတို့ ၏အလုပ်သမားခေါင်းဆောင်၊ ကြီးကြပ်ရေးမှူးများ၏ လိင်ပိုင်းဆိုင်ရာနှောင့်ယှက် စော်ကားမှုများကိုလည်း ကြုံတွေ့နေရပါသည်။  
နိဂုံး
၂၇။    ကလေးသူငယ်အခွင့်အရေးများကိုမြှင့်တင်ရန်အတွက် ရေတို၊ ရေရှည်စီမံကိန်းများချမှတ်၍ အစိုးရ၊ ပြည်သူလူထုနှင့် ပြည်တွင်း၊ ပြည်ပ  အဖွဲ့အစည်းများသည် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများကိုသိရှိနားလည်ပြီး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထူးချွန်ထက်မြက်သည့်မျိုးဆက်သစ်လူသားအရင်းအမြစ်များပေါ်ထွန်းလာစေရန် ကလေးသူငယ် အခွင့်အရေးများနှင့်ကလေးသူငယ်များ၏အကျိုးကိုအကောင်းဆုံးဖော်ဆောင်ပေးရာတွင် ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများဖြင့်ဆောင်ရွက်ပေးခြင်းသည် ပိုမိုအကျိုးသက်ရောက်မှုများ ရရှိနိုင်မည် ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များလေ့လာသိရှိနိုင်ရန်အတွက် ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၁၃.၂.၂၀၁၈