Skip to main content

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး

အကျဉ်းချုပ်

    ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုသည်မှာ ပညာသင်ယူမှုမပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှုရပ်တန့်ခဲ့ရသူများအတွက် သင့်လျော်သောပညာသင်ယူမှုတစ်ခု ပြန်လည်ရရှိစေရန် လိုအပ်သောအစီအမံများ သတ်မှတ်ထားရှိခြင်းဟူ၍ ၂၀၁၅ ခုနှစ်၊ အမျိုးသား ပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ လူငယ်အများစု အတွက် လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရန် ကျောင်းပြင်ပမူလတန်းပညာတတ်ရုံမျှဖြင့် လုံလောက်မှု မရှိခြင်းနှင့် ကျောင်းပြင်ပအလယ်တန်းပညာသင်ယူနိုင်သည့် လမ်းကြောင်းမရှိသေးခြင်းတို့သည် အသက်မွေး ဝမ်းကျောင်း ဖွံ့ဖြိုးမှုအတွက် အတားအဆီးဖြစ်စေပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက် မတက်နိုင်သော သူများသည်လည်း ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး လမ်းကြောင်းများဖြင့် အခြေခံပညာအထက်တန်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာစသည်တို့ကို လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ယူခွင့် ရရှိလျှင် များစွာအကျိုးဖြစ်ထွန်းလာပေမည်။

          ဤစာတမ်းတိုတွင် ရေးသားတင်ပြထားသော  ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး အောင်မြင်စေသည့်အကြောင်းရင်းများ၊ ဥပဒေရေးရာပြဋ္ဌာန်းသတ်မှတ်ချက်များ၊ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းအရ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအား အကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ကြုံတွေ့ရသည့်အားနည်းချက်များ၊ နိုင်ငံအချို့တွင် ဆောင်ရွက်နေမှုများစသည်တို့ကိုဖတ်ရှုလေ့လာ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော စွမ်းအားစုများဖြစ်ပေါ်လာစေရေးအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍကို မြှင့်တင်နိုင်စေရန် ရေးသားတင်ပြအပ်ပါသည်။

နိဒါန်း

၁။       ကျောင်းပညာရေးစနစ်မှာ ကောင်းစွာလေ့ကျင့်ထားသောဆရာများနှင့် စာသင်ခန်း အတွင်းသင်ကြားသောစနစ်ဖြစ်ပါသည်။ ကျောင်းပြင်ပပညာရေးစနစ်မှာ ကျောင်းပြင်ပတွင် သင်ကြားသည့်စနစ်ဖြစ်ပြီး အများအားဖြင့် သင်ကြားရေးဌာနများ၊ စုပေါင်းခန်းမ၊ စာကြည့် တိုက် သို့မဟုတ် နေအိမ်များတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး သင်ကြားပေးသူများ (ဥပမာအားဖြင့် ရွှေ့ပြောင်းဆရာများ၊ ခရိုင်အဆင့်တစ်သက်တာပညာရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သူများ၊ မန်နေဂျာများ) က သင်ကြားသူ၊ သင်ယူသူ နှစ်ဦးနှစ်ဖက်အဆင်ပြေသည့် နေရာနှင့်အချိန်တွင် သင်ကြားသည့်စနစ် ဖြစ်ပါသည်။ မျက်မှောက်ခေတ်လူ့ဘောင်အဖွဲ့အစည်း ၏စိန်ခေါ်မှုများကို ကျောင်းပညာရေးစနစ်တစ်ခုတည်းဖြင့်မဖြေရှင်းနိုင်ဘဲ ကလေးတိုင်းပညာ သင်ယူခွင့်ရရှိရန်နှင့် လူကြီးတိုင်းဘဝတစ်သက်တာသင်ယူခွင့်ရရှိရန် အလွန်အရေးကြီးပါသည်။  ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးလမ်းကြောင်းများဖြင့် အခြေခံပညာအထက်တန်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာများကို လုပ်ငန်းခွင် ဝင်ရောက်နိုင်သည်အထိ သင်ယူခွင့်ရရှိလျှင် များစွာအကျိုးကျေးဇူးဖြစ်ထွန်းလာနိုင်ပါသည်။

၂။       လက်ရှိမြန်မာ့ပညာရေးစနစ်သည် သင်ယူသူအားလုံး၏လိုအပ်ချက်နှင့် ကိုက်ညီမှု အားနည်းနေပါသည်။  ကျောင်းပြင်ပရောက်လူငယ်များအား ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများဖန်တီးပေးခြင်းသည် နိုင်ငံအတွင်းလိုအပ်နေသော ကျွမ်းကျင်လုပ်သားရှားပါး မှုနှင့် အလုပ်လက်မဲ့ပြဿနာများကိုဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပညာရေးဝန်ကြီးဌာန သည် ကျောင်းပြင်ပရောက်လူငယ်များအား တတ်ကျွမ်းမှုနှင့်ယုံကြည်စိတ်ချမှုကို ပေးစွမ်းနိုင်မည့် လက်လှမ်းမီနိုင်သော ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးလမ်းကြောင်းများကို ဖန်တီးပေး ရပါမည်။

၃။       ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဟုဆိုရာတွင် ကျောင်းပြင်ပနှင့်တစ်သက်တာ သင်ယူမှုအစီအစဉ်ပေါင်းများစွာပါဝင်ပြီး အစီအစဉ်အလိုက် ရည်ရွယ်ချက်များစွာရှိပါသည်။ ၎င်းတို့တွင်တန်းညှိအစီအစဉ်ပေါင်းများစွာပါဝင်ပြီး ကျောင်းပညာရေးမှသင်ယူမှုများကိုကျစ်လစ် သိပ်သည်းသော ပုံစံများဖြင့် ဖော်ထုတ်ပံ့ပိုးပေးခြင်း၊ ကလေးများနှင့် အရွယ်ရောက်ပြီးသူများ အတွက်ရည်ရွယ်သည့် အခြေခံနှင့်လုပ်ငန်းအကျိုးပြု  စာတတ်မြောက်မှုအစီအစဉ်၊ သင်ယူ သူများ၏ ဝင်ငွေရှာနိုင်မှုစွမ်းရည် မြင့်မားလာစေရန်အတွက် သက်မွေးပညာအခြေခံ ကျွမ်းကျင်မှုများ၊ ဘဝတစ်သက်တာ သင်ယူရေးနှင့်အခွင့်အလမ်းများဖန်တီးပေးထားသော စဉ်ဆက်ပညာရေး အစီအစဉ်များပါဝင်ပါသည်။

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး၏နောက်ခံသမိုင်း

၎။       မြန်မာနိုင်ငံ၌ ကျောင်းပြင်ပပညာရေးအား ရှေးမြန်မာဘုရင်များလက်ထက်ကပင် စတင် ခဲ့ပါသည်။ လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘုန်းတော်ကြီးကျောင်းများတွင် သင်ကြားခြင်းသည် မြန်မာ့ရိုးရာကျောင်းပြင်ပပညာရေး ဆောင်ရွက်ချက်တစ်ခုပင် ဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီခေတ် မတိုင်မီကာလတွင် ဘုန်းတော်ကြီးသင်ပညာရေးစနစ်ဖြင့် သင်ကြား တတ်မြောက်ခဲ့သူများစွာ ရှိခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက် (၁၉၅၂ ခုနှစ်မှ ၁၉၅၆ ခုနှစ်ထိ) စာမတတ်သူပပျောက်ရေးအစီအစဉ်များကို ကျေးလက်ဒေသများတွင်ပါ စီမံချက်ချဆောင်ရွက်ခဲ့ ပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးအစီအစဉ် များကို ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့နှင့် လုပ်အားပေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ ပါသည်။  မြန်မာနိုင်ငံ၏ ကျောင်းပြင်ပပညာရေး အစီအစဉ်များမှာ စာတတ်မြောက်ရေးလှုပ်ရှားမှုများ၊ လက်မှုပညာသင်တန်းများ၊ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများ၊ အိမ်တွင်း သိပ္ပံသင်တန်းများ၊ ရေလုပ်ငန်းသင်တန်းကျောင်းများနှင့် စက်ပြင်သင်တန်းများ စသည်တို့ ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ပူးပေါင်းအကောင်အထည်ဖော်ခဲ့ပါသည်။ ထိုအချိန်က ကြုံတွေ့ရသော အခက်အခဲများမှာ ဖတ်စာအုပ်များမလုံလောက်ခြင်း၊ စာမတတ်မှု သံသရာလည်နေခြင်း၊ အဖွဲ့အစည်းများ၏အထောက်အပံ့နှင့် အစီအစဉ်များ အားနည်းခြင်း၊ အခြားလိုအပ်ချက်များရှိခြင်း၊ အရည်အသွေးပြည့်သောဆရာများ ရှားပါးခြင်း၊ ဘဏ္ဍာငွေထောက်ပံ့မှု နည်းပါးခြင်းနှင့် ဆက်လက်ဆောင်ရွက်မှုအားနည်းခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ရပါသည်။ 

ကျောင်းပညာရေးစနစ်နှင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးစနစ်ကွာခြားချက်နှင့် တူညီချက်

၅။       ကျောင်းပညာရေးစနစ်နှင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးစနစ်ကွာခြားချက်မှာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးစနစ်သည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာ သင်ယူရန် အခက်အခဲရှိသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ခေတ်စနစ် နှင့်လျော်ညီစွာ ဆောင်ရွက်ပေးနိုင်မှုပင်ဖြစ်သည်။ သို့ရာတွင် ကျောင်းပညာရေးစနစ်နှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးစနစ်တို့အကြားတွင် အဓိကတူညီသောအချက် လည်းရှိပါသည်။ ၎င်းမှာ စနစ်နှစ်ခုအကြားသင်ယူမှုများကို လွယ်ကူစွာကူးပြောင်းနိုင်စေရန် မရှိမဖြစ်လိုအပ်သော အရည်အသွေးစံနှုန်းများ တူညီမှုရှိခြင်းပင်ဖြစ်သည်။ 

ဥပဒေရေးရာပြဋ္ဌာန်းသတ်မှတ်ချက်များ

၆။       ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အမျိုးသားပညာရေးဥပဒေတွင် အခန်းပေါင်း (၁၄) ခန်းပါရှိပါသည်။ အဆိုပါဥပဒေတွင် ကျောင်းပြင်ပပညာရေးနှင့်စပ်လျဉ်း၍ ပထမဆုံးအကြိမ် အဖြစ် ထည့်သွင်းပြဋ္ဌာန်းထားသော်လည်း အခန်းတစ်ခန်းအနေဖြင့် သီးသန့်ပြဋ္ဌာန်းထားခြင်း မရှိပါ။ ထိုဥပဒေသည် ကျောင်းပညာရေးနှင့်တန်းတူသောအရည်အသွေးအဖြစ် တန်းညှိအစီအစဉ် များကိုလည်း အသိအမှတ်ပြုထားပါသည်။ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးနှင့် စပ်လျဉ်း ၍ ယင်းဥပဒေတွင် ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အခန်း (၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဌ) တွင် တန်းညှိပညာရေးအစီအစဉ်ဆိုသည်မှာ ကျောင်းပြင်ပပညာရေး အစီအစဉ်အရ သင်ယူရရှိသည့် ပညာအဆင့်အတန်းကို ကျောင်းပညာရေး အဆင့်အတန်းများနှင့် အရည်အချင်းညှိနှိုင်းသတ်မှတ်ပေးသော အစီအစဉ်ကိုဆိုသည်။

(ခ)     အခန်း (၅)၊ ပုဒ်မ ၁၁ တွင် နိုင်ငံတော်သည် အမျိုးသားပညာရေးစနစ် အကောင် အထည်ဖော်ရာတွင် အောက်ပါပညာရယူနည်းများကျင့်သုံး၍ ယင်းတို့ကိုတစ်ခုနှင့် တစ်ခုဆက်စပ် ဆောင်ရွက်ရမည်-

(၁)     ကျောင်းပညာရေး၊

(၂) ကျောင်းပြင်ပပညာရေး၊

(၃)     ကိုယ်တိုင်သင်ယူပညာရေး။

(ဂ)     အခန်း (၅)၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) တွင် ကျောင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေး တို့အတွက် ဆရာအတတ်ပညာဖွံ့ဖြိုးစေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ဃ)    အခန်း (၅)၊ ပုဒ်မ ၃၁ တွင် ဝန်ကြီးဌာနသည် ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အားပေးရမည်။

(င)     အခန်း (၅)၊ ပုဒ်မ ၃၂တွင်ဝန်ကြီးဌာနသည် ကျောင်းပြင်ပပညာရေးနှင့် စပ်လျဉ်း၍-

(၁)     အခြေခံစာတတ်မြောက်ရေးနှင့် ယင်း၏နောက်ဆက်တွဲ လုပ်ငန်းများကို

          အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(၂)     အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာရေးအဆင့် အသီးသီးကိုဆုံးခန်းတိုင် မသင်ကြား ခဲ့ရသူများအား ထိုပညာရေးအဆင့်ပြီးမြောက်စေရန်နှင့် ကျောင်းပြင်ပမှပညာ သင်ကြားလိုသူများ ဆက်လက်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။

(၃)     ကျောင်းပြင်ပပညာရေးမှ ကျောင်းပညာရေး သို့မဟုတ် နည်းပညာနှင့်သက်မွေးပညာရေးသို့ ကူးပြောင်းနိုင်သည့် တန်းညှိပညာရေးအစီအစဉ်ကို         ဆောင်ရွက်ရမည်။ 

၇။       ထို့ပြင် ၂၀၁၅ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ ၂၉ (ခ) တွင် ပညာသင်ယူမှုမပြီးဆုံးမီ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူမှုရပ်တန့်ခဲ့ရသော ကျောင်းသားများအတွက် သင့်လျော်သောပညာသင်ယူခွင့်ပြန်လည်ရရှိစေရန် လိုအပ်သောအစီ အမံများ သတ်မှတ်ထားရှိခြင်းဟူ၍ ပြဋ္ဌာန်းထားပါသည်။ 

အစိုးရ၏အကောင်အထည်ဖော်မှု

၈။       ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျောင်းပြင်ပမူလတန်းပညာရေးတန်းညှိအစီအစဉ်နှင့် လူငယ်များနှင့် သက်ကြီးများအတွက် အခြေခံ စာတတ်မြောက်ရေးနှင့် လုပ်ငန်းအကျိုးပြုစာတတ်မြောက်ရေး အစီအစဉ်ဟူ၍ အဓိက အစီအစဉ်နှစ်ခုကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး ဦးစီးဌာနဖွဲ့စည်းခြင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံချက်တွင် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကို ထည့်သွင်းအကောင်အထည် ဖော်ခြင်းနှင့် ပြည်တွင်း/ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

ဦးစီးဌာနဖွဲ့စည်းဆောင်ရွက်မှု          

၉။       ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနအသစ်ကို ပညာရေးဝန်ကြီးဌာနအောက်၌ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက ယင်းပညာရေးအတွက်ပံ့ပိုးမှုကို အဓိကစီမံခန့်ခွဲပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာနက ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုကို ပံ့ပိုးပေးပါသည်။  

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရအကောင်အထည်ဖော်ဆောင်ရွက်နေမှု

၁၀။     ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ရည်မှန်းချက်ပန်းတိုင်ကို ပေါက်မြောက်အောင်မြင်စေနိုင်မည့် မဟာဗျူဟာမြောက်အပြောင်းအလဲ (၉) ရပ်ကို သတ်မှတ် ဆောင်ရွက် လျက်ရှိရာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်-

၁၁။     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆ ခုနှစ်မှ ၂၀၂၁ ထိ) (၅) နှစ်စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်  ပူးပေါင်း ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများကိုမြှင့်တင်ခြင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဆိုင်ရာနည်းလမ်းပေါင်းစုံဖြင့်သင်ယူခွင့်တိုးချဲ့ပေးခြင်း၊ ကျောင်းပြင်ပနှင့်တစ်သက် တာ ပညာရေးလုပ်ငန်းများ၏အရည်အသွေးကို အားကောင်းအောင်မြှင့်တင်ခြင်း စသည့် မဟာဗျူဟာ (၃) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-

(က)    မဟာဗျူဟာ (၁) - ပူးပေါင်းဆောင်ရွက်မှုနှင့်စီမံခန့်ခွဲမှုလုပ်ငန်းများကိုမြှင့်တင်ခြင်း။ ဤအဆင့်တွင် အမျိုးသားအဆင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးမူဝါဒရေးဆွဲခြင်း၊ ဦးစီးဌာနဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် အမျိုးသားအဆင့် အခြေခံအချက်အလက်ထိန်းသိမ်းထားရေး စနစ်တစ်ခု ထူထောင်ခြင်းစသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။

(ခ)     မဟာဗျူဟာ (၂) - ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုင်ရာ နည်းလမ်း ပေါင်းစုံဖြင့် သင်ယူခွင့်တိုးချဲ့ပေးခြင်း။               ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကျောင်းပြင်ပရောက်နေသော လူငယ်များအတွက် ပညာသင်ယူနိုင်သောနည်းလမ်းများထဲတွင် ကျောင်းပြင်ပ မူလတန်းပညာရေးတန်းညှိအစီအစဉ်သည်အဓိကနည်းလမ်းဖြစ်ပါသည်။ ကျောင်း ပြင်ပ မူလတန်းတန်းညှိအစီအစဉ်မှလေးပုံတစ်ပုံအောက်သာ ပုံမှန်အလယ်တန်း ကျောင်းသို့ကူးပြောင်းတက်ရောက်နိုင်သည်ကိုကြည့်ခြင်းအားဖြင့် လိုအပ်ချက်များ ရှိနေသည်ကိုသိရှိနိုင်ပါသည်။ ထို့ကြောင့်ပညာရေးဝန်ကြီးဌာနသည် ကျောင်းပြင်ပ မူလတန်းပညာရေးတန်းညှိအစီအစဉ်၊ အခြေခံနှင့်လုပ်ငန်းအကျိုးပြု စာတတ် မြောက်ရေးလုပ်ငန်းများနှင့် အခြားကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး လုပ်ငန်းအစီအစဉ်များကိုတိုးချဲ့ခြင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးအစီ အစဉ်ရှေ့ပြေးစမ်းသပ်ခြင်းနှင့်တိုးချဲ့ခြင်း၊ အမျိုးသားအဆင့် လူငယ်ပညာရေး အောင်လက်မှတ်အစီအစဉ်ဆောင်ရွက်ခြင်း စသည်တို့ကိုဆောင်ရွက်မည်ဖြစ်ပါသည်။

(ဂ)     မဟာဗျူဟာ (၃)-ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးလုပ်ငန်းများ၏ အရည်အသွေးကို အားကောင်းအောင်မြှင့်တင်ခြင်း။ မဟာဗျူဟာအဆင့် (၃) တွင်နိုင်ငံတော်အဆင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးအရည်အသွေး အကဲဖြတ်အညွှန်းဘောင်ရေးဆွဲပြုစုခြင်း၊ အမျိုးသားအဆင့် အောင်လက်မှတ် စနစ်ကိုရေးဆွဲပြုစုခြင်း၊ ဆရာအတတ်ပညာကျွမ်းကျင်မှုနှင့် ဆရာအတတ်ပညာ သင်တန်းအစီအစဉ်ရေးဆွဲပြုစုခြင်းတို့ကို ဆောင်ရွက်မည်ဟုသိရှိရပါသည်။ 

လက်တွေ့ဆောင်ရွက်ချက်များ

၁၂။     ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာတွင် ဇုန်အဆင့်နည်းပြသင်တန်း၊ ဗဟိုအဆင့်နည်းပြသင်တန်း၊ မူလတန်းနှင့် အလယ်တန်းပညာရေးလုပ်ငန်းဖွင့်ပွဲ၊ ကျောင်းပြင်ပပညာရေးနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများ၊ ဗဟိုအဆင့်ညှိနှိုင်းဆွေးနွေးခြင်း၊ မူဝါဒ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း စသည်တို့ဆောင်ရွက်လျက်ရှိပါသည်။  

၁၃။     ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနသည် ကျောင်းပြင်ပမူလတန်း ပညာရေးသင်ရိုးညွှန်းတမ်းကို ကျွမ်းကျင်မှုအခြေပြုအဖြစ် ပြုပြင်မွမ်းမံခဲ့ ပါသည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စံပြုစစ်ဆေးလွှာဖြင့်စစ်ဆေးခြင်းကို ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်များတွင် စတင်ကျင့်သုံးခဲ့ပါသည်။

၁၄။     နွေရာသီအခြေခံစာတတ်မြောက်ရေး အစီအစဉ်ကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ပြီး သင်ယူသူ (၂၂,၀၀၀) ကျော်ကို သင်ကြားပေးနိုင်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် သင်ယူသူ (၄၆,၀၀၀) ကျော်ကိုသင်ကြားပေးနိုင်ခဲ့သောကြောင့် ၂၀၁၃ခုနှစ်နှင့်နှိုင်းယှဉ်ပါက သင်ယူသူနှစ်ဆကျော် တိုးမြှင့်သင်ကြားပေးနိုင်ခဲ့ပါသည်။ ထို့ပြင် ကျောင်းပြင်ပရောက်ကလေးများအတွက် ကျောင်းပြင်ပမူလတန်းပညာရေးတန်းညှိအစီအစဉ်နှင့် အရွယ်ရောက်သူများအတွက် နွေရာသီ အခြေခံစာတတ်မြောက်ရေးအစီအစဉ်တို့ကို ကျောင်းပြင်ပပညာရေးသင်ယူမှုအခွင့်အလမ်းအဖြစ် စီစဉ်ဖန်တီးပေးလျက်ရှိရာ ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်များ (Non-formal Primary Education Programmes – NFPEP) ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် သင်ယူသူ (၁၁,၀၀၀) ကျော်အတွက် မြို့နယ်ပေါင်း (၈၉) မြို့နယ်တွင် အကောင်အထည်ဖော် လျက်ရှိပါသည်။ အခြေခံစာတတ်မြောက်ရေး အစီအစဉ်များကို ၂၀၁၅ ခုနှစ်တွင် မြို့နယ် (၆၈) မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ သက်ကြီးစာတတ်မြောက်ရေးနယ်ပယ် တွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝန်းစာတတ်မြောက်နှုန်း တိုးတက်မြင့်မားစေရန် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင်ကျောင်းပြင်ပအလယ်တန်းပညာရေး တန်းညှိအစီအစဉ် အတွက်လည်း သင်ရိုးညွှန်းတမ်းကို ရေးဆွဲထားပြီးဖြစ်သည်ဟုသိရှိရပါသည်။   

လက်ရှိကြုံတွေ့ရသည့်စိန်ခေါ်မှုများ

၁၅။     မည်သည့်လုပ်ငန်းမဆို စတင်အကောင်အထည်ဖော်ကာစအချိန်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရလေ့ရှိသကဲ့သို့ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်လည်း စိန်ခေါ်မှုများကိုကြုံတွေ့ရပါသည်။ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးနယ်ပယ်တွင် ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှု (၄) ရပ်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)    သင်ယူမှုအခွင့်အလမ်း။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ယေဘုယျအညွှန်းဘောင်အဖြစ် ချမှတ်ပေးနိုင်မည့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးမူဝါဒတစ်ရပ်ကို သုတေသနပြုရေးဆွဲပြီး အများပြည်သူတို့အား ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန်လိုအပ်လျက်ရှိခြင်း၊

(ခ)     အရည်အသွေး။ ပညာရေးဝန်ကြီးဌာနသည် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လမ်းသွယ်များ၏ အဆင့်အမျိုးမျိုးတွင်ရောက်ရှိနေသော ကျောင်းပြင်ပရောက် သင်ယူသူများ၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးအစီအစဉ်အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ပံ့ပိုးရန် လိုအပ်ပါသည်။ အဆိုပါအစီအစဉ်များသည် အရည်အသွေးရှိပြီး လက်လှမ်းမီနိုင်၍ ပြင်ဆင်ပြောင်းလဲနိုင်သော အသိအမှတ်ပြုအစီအစဉ်များဖြစ်ရန်လိုအပ်ခြင်း၊

(ဂ)     စာတတ်မြောက်ရေး အစီအစဉ်များနှင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး လမ်းသွယ်များကို တိုးချဲ့ခြင်း။                 အရည်အသွေးရှိပြီး သင်ယူသူဗဟိုပြုကာ လိုအပ်ချက်ကို တုံ့ပြန်ဖြည့်ဆည်းပေးနိုင်သော ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးရရှိနိုင်မှုအခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရေး၊ အစိုးရနှင့်အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဝန်ဆောင်မှု ပေးသူများအားလုံးအတွက် အမျိုးသားအဆင့်အရည်အသွေး စံသတ်မှတ်ချက်များ ရေးဆွဲပြီး စနစ်တကျ ပုံမှန်တိုင်းတာမှုပြုလုပ်ရန် လိုအပ်နေခြင်း၊

(ဃ)    ပူးပေါင်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်။    အစိုးရနှင့်အစိုးရမဟုတ်သော ဝန်ဆောင်မှု ပေးသူများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက် ကောင်းမွန်စေရန် ပညာရေးဝန်ကြီးဌာနသည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍအတွင်း ပေါင်းစပ်ညှိနှိုင်းမှုကို တိုးချဲ့ပြီးအားကောင်းအောင် ဆောင်ရွက်ရန်လိုအပ်ခြင်း။ 

၁၆။     ယခုအခါတွင် အစိုးရ၏ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အစီအစဉ်များကို နယ်မြေ၊ အသက်စသည်ဖြင့် ကန့်သတ်အကောင်အထည်ဖော်ဆဲ ကာလသာဖြစ်သောကြောင့် မြို့နယ်အနည်းငယ်တွင် သာသင်ယူခွင့်ရရှိပြီး လူတိုင်းလက်လှမ်းမှီမှု အားနည်းလျက်ရှိပါသည်။  သို့ဖြစ်ပါ၍ ကျောင်းပြင်ပရောက်နေသူများအားလုံး နေရာဒေသမရွေး၊ အရွယ်မရွေးလက်လှမ်း မီသော သင်ယူမှုလမ်းကြောင်းများကိုတိုးချဲ့ပေးရန် ထိရောက်သည့်အကောင်အထည် ဖော်မှုများကသာ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ 

၁၇။     လူငယ်အများစုအတွက် လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရန် ကျောင်းပြင်ပမူလတန်းပညာ တတ်ရုံမျှဖြင့်လုံလောက်မှု မရှိခြင်း၊ ကျောင်းပြင်ပအလယ်တန်း ပညာသင်ယူနိုင်သည့် လမ်းကြောင်း မရှိသေးခြင်းသည် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုအတွက် အတားအဆီးဖြစ်စေပါသည်။ ကျောင်းပြင်ပ မူလတန်းပညာရေးတန်းညှိအစီအစဉ်မှ လေးပုံတစ်ပုံထက်နည်းသော သင်ယူသူ များသည်သာ ပုံမှန်အလယ်တန်းကျောင်းသို့ ကူးပြောင်းရောက်ရှိခြင်းက အခြားသော လမ်းကြောင်းများ လိုအပ်နေသည်ကို ညွှန်ပြနေပါသည်။ ကျောင်းပြင်ပမူလတန်းပညာရေး တန်းညှိအစီအစဉ်နှင့် ဆောင်ရွက်ရန်စီစဉ်လျက်ရှိသော ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်များအတွက် တရားဝင်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးမှာ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်နေပါသည်။ သင်ယူပြီးမြောက်မှုလက်မှတ်များသည် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးသင်ယူသူများအတွက် ဆက်လက်ပညာသင်ယူရန်လည်းကောင်း၊ အလုပ် အကိုင်လမ်းကြောင်း ရွေးချယ်နိုင်ရန်လည်းကောင်း အရေးကြီးပါသည်။ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များအတွက် ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည့် သင်ယူပြီးမြောက်မှု လက်မှတ်များမရရှိလျှင် သင်ယူသူများအနေဖြင့် ရှေ့ဆက်ပညာသင်ယူရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့အတွက် ခက်ခဲမည်ဖြစ်ပါသည်။ 

ဘဏ္ဍာငွေသုံးစွဲမှု

၁၈။     ပညာရေးကဏ္ဍတွင် ဘဏ္ဍာငွေသုံးစွဲမှုအတွက်အဓိကအရင်းအမြစ်မှာ နိုင်ငံတော်ဘဏ္ဍာငွေ ဖြစ်ပြီးဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ဘဏ္ဍာငွေထောက်ပံ့မှုသည်လည်း အထိုက်အလျောက် အရေးကြီးပါသည်။ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း အသက် ၁၆ နှစ်အောက် ကျောင်းထွက်သွားသူလူငယ်များအတွက် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ခွင့်ပြုငွေကျပ် (၁) ဘီလီယံနှင့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ရန် ငွေကျပ် (၂) ဘီလီယံကို သုံးစွဲခဲ့ပါသည်။  

ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများ

၁၉။     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို နိုင်ငံတော်အစိုးရ၏အစီအစဉ်များအပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Non Government Organizations - NGOs) နှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်း (Community Based Organizations - CBOs) များက ဆောင်ရွက်လျက်ရှိသော ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအစီအစဉ်များစွာလည်းရှိပါ သည်။ ဤအစီအစဉ်များတွင် အခြေခံနှင့်လုပ်ငန်းအကျိုးပြု စာတတ်မြောက်ရေးအစီအစဉ်၊ သက်မွေးမှုသင်တန်း၊ ဘဝတစ်သက်တာကျွမ်းကျင်မှု၊ ကျောင်းပြင်ပမူလတန်း ပညာရေးတန်းညှိ အစီအစဉ်များပါဝင်သော်လည်း အဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှုအားနည်းပါသည်။ ပညာရေးဝန်ကြီးဌာနနှင့်အတူ အခြားသောဝန်ကြီးဌာန များလည်း ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအစီအစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းတို့သည် အဓိကအားဖြင့် ကျောင်းပြင်ပကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကို ပို့ချပေးကြပါသည်။ 

၂၀။     UNDPမှကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍတွင်ပံ့ပိုးမှုများကို ၂၀၀၀ ပြည့်နှစ် တွင်လည်းကောင်း၊ UNICEF သည် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင်လည်းကောင်း စတင်ခဲ့ ပါသည်။ ထိုသို့ကူညီရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒရေးဆွဲ သူများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များ၊ စေတနာရှင်များ၊ လူမှုကူညီသူများ၊ လူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်များကပူးပေါင်းပါဝင်ခဲ့ကြပြီး သင်ကြားပေးသူဆရာများအဖြစ် လူမှုရေးအသင်း အဖွဲ့ခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသော ဗဟိုစီမံခန့်ခွဲရေးကော်မတီက ဆောင်ရွက်ခဲ့ပါသည်။ ကော်မတီမှအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ကြုံတွေ့ခဲ့ရသော အခြေအနေများမှာ မိဘများ က ၎င်းတို့၏ကလေးများအား ပညာသင်ကြားစေရန် စိတ်အားထက်သန်မှုမရှိခြင်း၊ ဆင်းရဲ နွမ်းပါးခြင်း၊ ဘဏ္ဍာရေးခွင့်ပြုငွေနည်းပါးခြင်း၊ ကူညီထောက်ပံ့သည့် သက်ဆိုင်ရာဌာန အသီးသီးမှ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်မပြည့်စုံခြင်း စသည့်အခက်အခဲများ ကြုံတွေ့ ခဲ့ရ ပါသည်။ 

၂၁။ တန်းတူညီသော မူလတန်းပညာရေးအစီအစဉ်များ အရည်အသွေးမြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းကို အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများပူးပေါင်း၍ မြို့နယ် ၇ မြို့နယ်တွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ UNESCO သည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အဆိုပါအစီအစဉ်များကို မြို့နယ် ၁၂ မြို့နယ်တွင် ဆက်လက် တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မမျှော်မှန်းနိုင်သောစိန်ခေါ်မှုများကို ဖော်ထုတ်၍ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရန်အတွက် ရှောင်တခင်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။

နိုင်ငံတကာတွင်ဆောင်ရွက်လျက်ရှိသောကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ

၂၂။     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာတွင် ဆောင်ရွက်ရာ၌ အောင်မြင်စေသည့်အကြောင်းရင်းများနှင့် ကြုံတွေ့ရလေ့ရှိသည့်အခက်အခဲများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးအောင်မြင်စေသည့်အကြောင်းရင်းများ

၂၃။     နိုင်ငံတကာတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို အကောင်အထည်ဖော်ရာ၌ ယေဘုယျအားဖြင့် အောင်မြင်စေသည့်အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    သင်ကြားပေးသူများနှင့် ကျောင်းသားများအကြား ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်နိုင်ခြင်း၊

(ခ)     သင်ရိုးညွှန်းတမ်းသည်ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့်ကိုက်ညီခြင်း၊

(ဂ)     ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဆိုင်ရာဝန်ထမ်းများက အခြေအနေ၊ အချိန်အခါနှင့်ကိုက်ညီသော ချဉ်းကပ်သင်ကြားမှုများ ဖန်တီးနိုင်ခြင်း၊

(ဃ)    ကျောင်းသားများသည် ကောင်းမွန်သောအနာဂတ်များဖန်တီးရန် ရည်ရွယ်ချက် ပြင်းပြစွာရှိလာစေနိုင်သည့် အရည်အသွေးပြည့်ဝသော ဆရာဆရာမများရှိခြင်း၊

(င)     လူမှုဆက်ဆံရေးနှင့် ကျောင်းသားများ၏ပညာရေးလိုအပ်ချက်များကို ထုတ်ဖော် နိုင်သည့်စွမ်းရည်ရှိခြင်း၊

(စ)     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးဆောင်အကောင်အထည်ဖော်သူများ၏ ဦးဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်ခြင်း၊

(ဆ)    ကျောင်းများအချင်းချင်းဆက်သွယ်၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊

(ဇ)     ကျောင်းသားမိဘများနှင့်ဆရာများ ဆက်ဆံရေးကောင်းမွန်ခြင်းစသည်တို့ဖြစ်ပါ သည်။

စိန်ခေါ်မှုများ

၂၄။     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်မှု၊ ကောင်းကျိုးများရှိသကဲ့သို့ အခက်အခဲများ၊ အားနည်းချက်များကိုလည်း ကြုံတွေ့ ရလေ့ရှိရာ အများဆုံးကြုံတွေ့ရလေ့ရှိသည့်အခက်အခဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    သင်ကြားပေးသူများကြုံတွေ့ရလေ့ရှိသည့် သင်ကြားရေးဆိုင်ရာအခက်အခဲများ။

ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးသင်ကြား ပေးသူများအနေဖြင့် ကောင်းစွာ လေ့ကျင့်ထား သော်လည်းသင်ကြားရေး၊ သင်ရိုးညွှန်းတမ်းနှင့် တတ်မြောက်မှု စစ်ဆေးခြင်းဆိုင်ရာ အခက်အခဲ အချို့ရှိပါသည်။ အတွေ့အကြုံရှိ၍ လုပ်ငန်းကျွမ်းကျင်မှုရှိသော ဆရာများသည် ဉာဏ်ပူဇော်ကြေး မြင့်မားသောကြောင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍတွင် ခန့်ထားရေးအတွက်  ခွင့်ပြု ရန်ပုံငွေဖြင့် မတတ်နိုင်ပါ။ ဤကဏ္ဍတွင်သင်ကြားပေးနေသောဆရာ အများစုသည် သင်ကြားရေး အတွေ့အကြုံနည်းပါးကြပါသည်။ သင်ကြားရေးအတွေ့အကြုံ ရှိသောဆရာများမရှိဘဲ ကျောင်းသားနှင့် ဆရာကြား ခိုင်မာသောဆက်ဆံရေး တည်ဆောက်ရန်ခက်ခဲပါသည်။ 

(ခ)     ဦးဆောင်သူများအနေဖြင့်ကြုံတွေ့ရလေ့ရှိသော အခက်အခဲ၊ အတားအဆီးများ။

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဉ်များတွင် ကျောင်းသားများ အနေဖြင့် ရလဒ်ကောင်းများထွက်ရှိလာစေရန် ဦးဆောင်အကောင်အထည်ဖော်သူ များတွင်ကြုံတွေ့ရသော အဓိကအခက်အခဲ၊ အတားအဆီးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(၁)     ပုဂ္ဂလိကအခြေအနေများ၊ ကျောင်းသားများ၏စရိုက်အမူအကျင့်များ (ဥပမာ- မိသားစုအသိုင်းအဝိုင်းနောက်ခံအခြေအနေ၊ မူးယစ်ဆေး၊ အရက်၊ လောင်းကစားစွဲလမ်းမှုများ) နှင့် အခြားမသင့်လျော်သော အမူအကျင့်များ၊

(၂)     မိသားစုအချို့နှင့်ဆွေးနွေးခြင်း (ကျောင်းပညာရေးနှင့်အလှမ်းဝေးသည့် မိသားစုများနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်းများ)

(၃)     ကျောင်းထွက်ခြင်း (ကျောင်းထွက်ခြင်းသည် ကျောင်းအားလပ်ရက်များ ပြီးဆုံးလျင် သော်လည်းကောင်း၊ တစ်ခါတစ်ရံတွင် စနေ၊ တနင်္ဂနွေ အားလပ်ရက်များ ပြီးဆုံးလျှင် သော်လည်းကောင်း ဖြစ်ပေါ်တတ်ပါသည်)

(၄)     ရန်ပုံငွေ (ရန်ပုံငွေကန့်သတ်ချက်သည်ဝန်ထမ်းများခန့်ထားရေးနှင့် လိုအပ်သည်များ ထောက်ပံ့ရေးတွင် ကန့်သတ်ချက်များဖြစ်ပေါ်စေပါသည်။)

(၅)     အရည်အသွေးရှိသောဝန်ထမ်းများ (ရန်ပုံငွေနည်းပါးခြင်းသည် ဆရာများ ခန့်ထားရေးအတွက် အဓိကအခက်အခဲဖြစ်ပြီး လက်ရှိဆရာများလစ်လပ်ပါက ၎င်းနေရာများတွင် အလားတူ အရည်အသွေး ရှိသောဆရာများ ခန့်ထားပေးနိုင်ရေးအတွက် အခက်အခဲများဖြစ်ပေါ်စေပါသည်) 

ထိုင်းနိုင်ငံတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးနှင့်စပ်လျဉ်း၍ဆောင်ရွက်နေမှု

၂၅။     ထိုင်းနိုင်ငံ၏ကျောင်းပြင်ပပညာရေးကဏ္ဍဖွဲ့စည်းပုံ၊ ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးစာသင်နှစ်ကွာခြားချက်များနှင့် ကျောင်းပြင်ပပညာရေးကဏ္ဍတွင် ဆောင်ရွက်လျက် ရှိသောလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ဖွဲ့စည်းပုံ။              ထိုင်းနိုင်ငံ၏ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံး

ဖွဲ့စည်းပုံအောက်တွင် ကျောင်းပြင်ပပညာရေးရုံးကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ သည်။ အဆိုပါဌာန၏အခွင့်အရေးနှင့်တာဝန်များမှာ  အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးကို သင်ယူခွင့်မရရှိသူများ၊ ကျောင်းပြင်ပရောက်ရှိသွားသူများ နှင့် ပညာသင်ကြားရန်စိတ်ဝင်စားသူများအတွက် ကျောင်းပြင်ပပညာရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် မသန်စွမ်းသူများ၊ အသက်အရွယ်ကြီးသူများနှင့် လူနည်းစု များအတွက် အခြားသောပညာရေးဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရပါသည်။  အဆိုပါဌာနအောက်တွင် မြို့နယ်ရုံးများ၊ ခရိုင်ရုံများ၊ ခရိုင်ရုံးခွဲများ၊ တောင်ပေါ်ဒေသသင်ကြားရေးဌာနများ၊ သက်မွေးသင်တန်းများ နှင့် ဖွံ့ဖြိုးရေးဌာနများ၊ သိပ္ပံစမ်းသပ်ခန်းများ၊ စာကြည့်တိုက်များကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ 

(ခ)    ထိုင်းနိုင်ငံ၏ကျောင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေး စာသင်နှစ်ကွာခြား ချက်။           ထိုင်းနိုင်ငံ၏ပညာရေးစနစ်တွင် အခြေခံပညာအဆင့်၌ စာသင်နှစ် စုစုပေါင်း (၁၂) နှစ်ရှိသည့်အနက် မသင်မနေရပညာရေးစနစ် (၉) နှစ်သတ်မှတ် ထားပါသည်။ ကျောင်းပြင်ပပညာရေးတွင်မူ အခြေခံပညာအဆင့်၌ စာသင်နှစ် စုစုပေါင်း (၆) နှစ်သာရှိသည့်အတွက် ကျောင်းပညာရေး၏ တစ်ဝက်သာရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ စာသင်နှစ်ကွာခြားချက်အား တစ်ဖက်ပါပုံတွင် လေ့လာနိုင်ပါသည်-

 

(ဂ)    ကျောင်းပြင်ပပညာရေးမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းအစီအစဉ်များ။     ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းပြင်ပပညာရေးဌာနမှ လက်ရှိဆောင်ရွက် လျက်ရှိသောလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)     စာတတ်မြောက်ရေးအစီအစဉ်များ၊

(၂)     ဘဝတွက်တာကျွမ်းကျင်မှုသင်တန်းအစီအစဉ်များ၊

(၃)     ဝင်ငွေလည်ပတ်စီးဆင်းမှုအစီအစဉ်များ/ ကျောင်းပြင်ပသက်မွေးသင်တန်း အစီအစဉ်များ၊

(၄)     ကျောင်းပြင်ပပညာရေးဝန်ဆောင်မှုမှ အဓိကသင်ကြားပေးသူများ၊

(၅)     အသက် ၁၅ နှစ်အထက်ရှိသူများ၊ ကျောင်းပညာသင်ယူမှုအခွင့်အလမ်း မရရှိသူများ (lacking opportunity learners)၊

(၆)     အသက် ၁၅ နှစ်အထက်ရှိ၍ ကျောင်းပညာသင်ယူမှုမရှိတော့သူများ (missing opportunity learners)၊

(၇)     အသက် ၁၅ နှစ်အထက်ရှိ၍ ကျောင်းပညာသင်ယူရန်အခွင့်အလမ်းနည်းပါး သူများ (disadvantaged learners)။

ဖိလစ်ပိုင်နိုင်ငံ၏ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်နှင့် ဆောင်ရွက်နေမှု

၂၆။     ဖိလစ်ပိုင်နိုင်ငံ၏ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်နှင့် ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်။        ဖိလစ်ပိုင်နိုင်ငံ၏ ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ပြဋ္ဌာန်းခဲ့ပါသည်။ ကျောင်းပြင်ပပညာရေးနှင့် စပ်လျဉ်း၍ အစိုးရအက်ဥပဒေအမှတ် ၉၁၅၅ တွင် ကျောင်းထွက်သွားသော ကလေး၊ လူငယ်၊ အရွယ်ရောက်သူများအားလုံး အခြေခံပညာ သင်ယူပြီးမြောက်စေရန် တစ်သက်တာပညာရေး အစီအစဉ်များကို ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားပါသည်။

(ခ)    ဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များ။ ဖိလစ်ပိုင်နိုင်ငံတွင် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကို ပညာရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပါသည်။  ဖိလစ်ပိုင်နိုင်ငံ၏ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဆိုသည်မှာ ကျောင်းပညာရေး မသင်ကြားနိုင်သူများအား လက်တွေ့ကျကျ လေ့လာသင်ကြားနိုင်ရန် တရားဝင်ဖွဲ့စည်းဆောင်ရွက်နေသည့် စနစ်တစ်ခု ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် အခြေခံပညာမူလတန်းအဆင့်ကို ဆုံးခန်းတိုင်မသင်ယူခဲ့ရသူများစွာ ရှိပါသည်။ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍတွင် ဖိလစ်ပိုင်နိုင်ငံသားအားလုံး (ဝေးလံခေါင်ပါးသော ဒေသတွင်နေထိုင်သူများအပါအဝင်) အခြေခံပညာသင်ယူမှု ပြီးမြောက်စေရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ကျောင်းပညာရေးစနစ်မှာ ကောင်းစွာလေ့ကျင့်ထားသော ဆရာများနှင့် စာသင်ခန်းအတွင်း သင်ကြားသောစနစ်ဖြစ်ပါသည်။ ကျောင်းပြင်ပပညာရေးစနစ်မှာ ကျောင်းပြင်ပတွင် အဖွဲ့အစည်းအခြေပြုသင်ကြားရေး စနစ်ဖြစ်ပါသည်။ အများအားဖြင့် သင်ကြားရေးဌာနများ၊ စုပေါင်းခန်းမ၊ စာကြည့်တိုက် သို့မဟုတ် နေအိမ်များတွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး သင်ကြားပေးသူများ (ဥပမာအားဖြင့် ရွှေ့ပြောင်းဆရာများ၊ ခရိုင်အဆင့်တစ်သက်တာ ပညာရေးညှိနှိုင်းပူးပေါင်း ဆောင်ရွက်သူများ၊ မန်နေဂျာများ) က သင်ကြားသူ၊ သင်ယူသူနှစ်ဦးနှစ်ဖက် အဆင်ပြေသည့်နေရာနှင့် အချိန်တွင်သင်ကြားသည့် စနစ်ဖြစ်ပါသည်။

ပညာရေးဌာနအောက်ရှိ တစ်သက်တာပညာရေးစနစ်ဗျူရိုမှ ဆောင်ရွက်နေသည့် အဓိကအစီအစဉ် (၂) ခုရှိပါသည်။ အခြေခံစာတတ်မြောက်ရေး အစီအစဉ်နှင့် အသိအမှတ်ပြုလက်မှတ်များ၊ တန်းညှိ အစီအစဉ်များဖြင့် ပုံမှန်ပညာရေးသို့ အတန်းကူးပြောင်းရေး အစီအစဉ်များ ဖြစ်ကြပါသည်။ အခြားအစီအစဉ်များမှာ ဒေသခံတိုင်းရင်းသားများ၊ မူဆလင်ရွှေ့ပြောင်းသွားလာသူများ၊ အကြားအာရုံ ချို့တဲ့သူများ၊ ဆယ်ကျော်သက်များ၊ မိဘများ၊ ဆင်းရဲနွမ်းပါးသော မိသားစုများကို လေလှိုင်းမှ သင်ခန်းစာထုတ်လွှင့်ပို့ချခြင်းနှင့် မသန်စွမ်းသူများအတွက် အစီအစဉ်များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ 

နိဂုံး

၂၇။     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို အကောင်အထည်ဖော်ရာတွင် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်၊ လူငယ်များနှင့်သက်ကြီးများအတွက် အခြေခံစာ တတ်မြောက်ရေးနှင့် လုပ်ငန်းအကျိုးပြုစာတတ်မြောက်ရေးအစီအစဉ်တို့ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အလေး ပေးခြင်းအားဖြင့် ပိုမိုထိရောက်မည်ဖြစ်ပါသည်။ အတန်းပညာပြီးမြောက်မှု လက်မှတ်များသည် ပညာဆက်လက်သင်ယူရန်နှင့် အလုပ်အကိုင်လမ်းကြောင်းရွေးချယ်နိုင်ရေးတို့အတွက် အဓိက ကျပါသည်။ ထို့ကြောင့် ကျောင်းပြင်ပမူလတန်းပညာရေး တန်းညှိအစီအစဉ်နှင့် ဆက်လက် ဆောင်ရွက်မည့် အလယ်တန်းပညာရေး အစီအစဉ်များအတွက် တရားဝင်အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးသည် အရေးကြီးပါသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး လက်လှမ်းမီသော ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးတန်းညှိအစီအစဉ်များကို နိုင်ငံအနှံ့ အပြားတွင် တိုးချဲ့ရန်ကျွမ်းကျင်မှုရှိသော မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ခိုင်မာအား ကောင်းသည့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ ဘဏ္ဍာရေးနှင့်နည်းပညာ အထောက်အပံ့များ၊ စွမ်းအားရှိသော အရင်းအမြစ်များ ပေါ်ထွက်လာစေရန် ဗဟိုချုပ်ကိုင်မှုလျှော့ချ၍ ဒေသဆိုင်ရာ အဖွဲ့အစည်းများအား ခိုင်မာအားကောင်းစေခြင်း၊ လူထုစိတ်ဝင်စားမှုကို မြှင့်တင်ရန်အတွက် မီဒီယာကိုအသုံးပြုခြင်းအားဖြင့် ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါသည်။ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး အစီအစဉ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးအစီအစဉ်များကို အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်ရန်လိုအပ်ခြင်းအပြင် နိုင်ငံအချို့၏ အတွေ့အကြုံအရ ထိရောက်သောဥပဒေပြဋ္ဌာန်း ကျင့်သုံးမှုသည်လည်း အောင်မြင် စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင်သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၁၃.၂.၂၀၁၈