Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြူးမြို့နယ် မြို့နယ်ခန်းမသစ်၊ ကညွတ်ကွင်း မြို့ အောင်တော်မူခန်းမသစ် မွမ်းမံထိန်းသိမ်းရေးကိစ္စနှင့် မြို့နယ်ပညာရေးမြှင်‌့တင်မှု လုပ်ငန်းများ တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

ဖြူးမြို့နယ်ခန်းမသစ်ကို အများပြည်သူ အကျိုးရှိစွာ အသုံးပြုရေးနှင်‌့ မွမ်းမံထိန်းသိမ်းရေး ကိစ္စနှင့် မြို့နယ်ပညာရေး မြှင်‌့တင်မှု လုပ်ငန်းများအတွက် ဒေသပညာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၉း၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ရှိ အဆိုပါခန်းမသစ်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်း အစည်းဝေးသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင်‌့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကော်မတီ (၃) ရပ်မှ တာဝန်ရှိသူများ နှင်‌့ မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က အမှာစကား ပြောကြားရာတွင် ဖြူးမြို့နယ် ခန်းမသစ်ကြီး တည်ဆောက်ရသည့် အဓိကရည်ရွယ်ချက်မှာ ဖြူးမြို့နယ်အတွင်းရှိ အများပြည်သူများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် ဖြစ်ကြောင်း၊ ခန်းမသစ်ကြီးကို ထိန်းသိမ်းမွမ်းမံရန် လိုအပ်ပြီး စနစ်တကျ အသုံးပြုနိုင်မှသာ ရေရှည် တည်တံ့နိုင်မည် ဖြစ်ပါကြောင်း၊ ခန်းမသစ်ကြီးကို ထိရောက်စွာ အသုံးပြုနိုင်ရေး အတွက် ကော်မတီဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကော်မတီအနေဖြင်‌့ တာဝန်နှင့် လုပ်ပိုင်ခွင်‌့အတွင်းက ခန်းမကို ထိန်းသိမ်းမွမ်းမံပြီး စည်းကမ်းနှင်‌့အညီ အသုံးပြုနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခန်းမသစ်ကြီး ဖြစ်မြောက်ရေးအတွက် အလှူရှင်များက စေတနာထက်သန်စွာဖြင်‌့ လှူဒါန်းခဲ့ခြင်းဖြစ်၍ လှူဒါန်းရကျိုးနပ်ရန် လိုကြောင်း၊ ပြည်သူများ စနစ်တကျ အသုံးပြုနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင်‌့ ပတ်သက်၍ မပြီးပြတ်သေးသည့် လုပ်ငန်းများရှိသည်ဟု သိရှိရပါကြောင်း၊ ရန်ပုံငွေချထားပေးပြီးဖြစ်၍ စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်သွားရန် လိုကြောင်း၊ မကြာမီ ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်၍ ကျန်ရှိနေသော လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၏ ဦးဆောင်မှုဖြင်‌့ စနစ်တကျ ဝိုင်းဝန်းလုပ်ဆောင်သွားရန် လိုကြောင်း၊ မကြာမီကာလတွင် ပြည်ထောင်စု၏ နောက်ထပ် ရန်ပုံငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ရေးဆွဲတင်ပြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အဆိုပါ နောက်ဆက်တွဲ ရန်ပုံငွေ ခွဲဝေသုံးစွဲမှုတွင် မိမိတို့ မြို့နယ်၏ လုပ်ငန်းများ ပါဝင်ရေးအတွက် အချိန်မီ ရေးဆွဲတင်ပြရန် လိုကြောင်း။

လာမည့် နိုဝင်ဘာလ (၈) ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ဆရာ/ဆရာမများ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဆရာ/ဆရာမများ အနေဖြင်‌့ ရွေးကောက်ပွဲကို အကြောင်းပြု၍ ပညာသင်ကြားရေးကို ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် မြို့နယ်၏ ပညာရေး အဆင့်အတန်း မြင်‌့မားရေးအတွက် အလေးထား ဆောင်ရွက်ရန် လိုကြောင်းဖြင်‌့ ပြောကြားသည်။

ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ခိုင်၊ မြို့နယ်ခန်းမ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးထွန်းအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးတင်စိုးနှင်‌့ မြို့မိမြို့ဖများက မြို့နယ်ခန်းမသစ်ကို အများပြည်သူ အကျိုးရှိစွာ အသုံးပြုရေးနှင်‌့ မွမ်းမံထိန်းသိမ်းရေး လုပ်ငန်းများနှင်‌့ စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အုန်းကျင် က မြို့နယ် ပညာရည်မြင်‌့မားရေး နှင်‌့ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင်‌့မားရေးတို့ အတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များ နှင်‌့အတူ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့သို့ ရောက်ရှိပြီး အောင်တော်မူ ခန်းမသစ်ကို အများပြည်သူ အကျိုးရှိစွာ အသုံးပြုရေးနှင်‌့ မွမ်းမံထိန်းသိမ်းရေးကိစ္စနှင့် မြို့နယ်ပညာရေး မြှင်‌့တင်မှုလုပ်ငန်းများ အတွက် ဒေသပညာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က အဖွင်‌့အမှာစကား ပြောကြားရာတွင် အောင်တော်မူ ခန်းမသစ်ကို အများပြည်သူ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အောင်တော်မူ ခန်းမသစ်ကို အများပြည်သူများ ထိထိရောက်ရောက် အသုံးပြုနိုင်အောင် စဉ်းစားကြရမည် ဖြစ်ကြောင်း၊ ခန်းမသစ်တွင် တရားပွဲများ၊ လူမှုရေး အခမ်းအနားများ၊ အားကစားပွဲများ ပြုလုပ်နိုင်အောင် စီစဉ်ဆောင်ရွက်ရန် လိုကြောင်း၊ ခန်းမသစ်အနီးရှိ စာကြည့်တိုက်ကိုလည်း ယခုထက်ပို၍  အဆင့်မြင့်အောင် ဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း၊ ခန်းမသစ်ကြီး ရေရှည်တည်တံ့အောင် မွမ်းမံထိန်းသိမ်းရေး လုပ်ငန်းများကို ကော်မတီဖွဲ့၍ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက်  အောင်တော်မူ ဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌ ဦးမြင့်မောင် က အောင်တော်မူ ခန်းမသစ်ကို အများပြည်သူ အကျိုးရှိစွာ  အသုံးပြုရေးနှင့် မွမ်းမံထိန်းသိမ်းရေး လုပ်ငန်းများနှင်‌့ စပ်လျဉ်း၍ လည်းကောင်း၊ အောင်တော်မူ ပညာရေးမြှင်‌့တင်ရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုလေးက ပညာရေးမြှင်‌့တင်မှု လုပ်ငန်းများနှင်‌့ လည်းကောင်း၊ လောကပြူတင်း စာကြည့်တိုက် ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းစံ က စာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင်‌့ စပ်လျဉ်း၍ လည်းကောင်း၊ မြို့မိမြို့ဖတစ်ဦးက မြို့နယ်ဆွမ်းလောင်းအသင်းနှင့် ပတ်သက်၍ လည်းကောင်း၊ တိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်သန်း က ကျန်းမာရေးစောင်‌့ရှောက်မှု လုပ်ငန်းများနှင်‌့ စပ်လျဉ်း၍ လည်းကောင်း၊ ညောင်ပင်သာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်း နှင့် ဘုရားလဟာ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီး ဦးကျော်နိုင် တို့က ပညာရေးမြှင်‌့တင်မှု လုပ်ငန်းများနှင်‌့ စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်