Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ တို့ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ မီနိုရူ ကီယုချီ နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယိုဟဲ ဆာဆာကာဝါ ဦးဆောင်သော ဂျပန် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အကူ အညီပေးရေးဆိုင်ရာ ကိစ္စရပ် များ၊ နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်ကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင်‌့တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ နေလင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း နှင့် ဒေါ်အေးအေးမူ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်