Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖတ်ကြားသည့် စာတမ်း

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒီမိုကရေစီနေ့ အထိမ်းအမှတ်စာတမ်း အား ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်မှစပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရေစီကျင့်သုံးမှု အခြေအနေများကို အားပေးမြှင့်တင်နိုင် ရန်အတွက် နှစ်စဉ်စက်တင်ဘာလ (၁၅) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ သတ်မှတ်ပေးချက်ကို အခြေခံ၍ ပါလီမန်သမဂ္ဂ Inter Parliamentary Union (IPU) က ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၀၈ ခုနှစ်တွင် ဂျီနီဗာမြို့မှာ စတင်ကျင်းပခဲ့ပြီး ယခုနှစ်ဆိုလျှင် (၈) ကြိမ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ပြည်သူတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရ အဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့သည့် နှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှစပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ယခုဆိုလျှင် (၅) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်အဖြစ် ပါလီမန်သမဂ္ဂ (IPU) မှ သတ်မှတ်ပေးခဲ့သော ဆောင်ပုဒ်မှာ (Public Participation for Democary) (ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်) လို့ဖြစ်ပါတယ်။ ၎င်းသတ်မှတ်ထားသော ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီနိုင်ငံတော်များ ထူထောင်ရေးတွင် ပြည်သူများပါဝင် ဆောင်ရွက်လာမှု အခန်းကဏ္ဍသည် အရေးကြီးကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကတော့ ပြည်သူတွေက ပြည်သူတွေနဲ့ ပြည်သူတွေအတွက် ဆောင်ရွက်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဒီမိုကရေစီ အသိ၊ ဒီမိုကရေစီစိတ်ဓာတ်နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင်မြင်မှာ ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့သာတူ ညီမျှရရှိရေးအတွက် ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်သွားစေလိုသော ရည်ရွယ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို နှစ်စဉ် ကျင်းပနေခြင်းဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များပြည်သူများခင်ဗျား-

ဒီမိုကရေစီနိုင်ငံရေး ကျင့်စဉ်ဆိုတာကတော့ လူ့အဖွဲ့အစည်းထဲက လူအားလုံးရဲ့ဆန္ဒသဘောထားများကို အခြေခံပြီးလူအားလုံးရဲ့အကျိုးစီးပွားကို နည်းလမ်းတကျ လုပ်ဆောင်ခြင်းဘဲဖြစ်ပါတယ်။ ပြည်သူများရဲ့ အရေးကိစ္စများကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူများက လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များက ရွေးချယ်ပေးလိုက်သော အစိုးရက ပြည်သူများအတွက် ဖော်ဆောင်ပေးခြင်းဘဲဖြစ်ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်များဟာ ပြည်သူများရဲ့ အရှင်သခင်မဟုတ်ဘဲ ပြည်သူများအတွက် ပြည်သူ့အကျိုးစီးပွားဖော်ဆောင်ဖို့ တာဝန်ထမ်းဆောင်ကြခြင်းဘဲ ဖြစ်ပါ တယ်။

ဒီမိုကရေစီကျင့်စဉ်များကို လက်တွေ့ကျင့်သုံးဖေါ်ဆောင်ကြတဲ့အခါ ပြည်သူများအနေနဲ့ လွတ်လပ်မှုများ၊ အခွင့်အရေးများ ကျယ်ကျယ်ပြန့်ပြန့် ခံစားရသည့် နည်းတူ လူ့အဖွဲ့အစည်းဝင် တစ်ယောက်အနေဖြင့် ထိန်းသိမ်းရမယ့် တာဝန်ဝတ္တရားများလည်း ရှိတယ်ဆိုတာ အလွန်သဘာဝကျလှပါတယ်။ ပြည်သူများ ရဲ့ဆန္ဒသဘောထားနှင့် ပြဋ္ဌာန်းထားတဲ့ ဥပဒေများဟာ ပြည်သူများကိုယ်တိုင် မိမိတို့ဘဝကို ကြပ်မတ်ထိန်းကွပ် နေတာနှင့်တပြိုင်နက် ပြည်သူ့ ကိုယ်စားလှယ်များက လုပ်ဆောင်နေတဲ့ နိုင်ငံ့အရေးအရာကိစ္စများကိုလည်း ထိန်းကျောင်းထားကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာကိုယ်စားပြု ဒီမိုကရေစီ (Representataive Democracy) ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်ဘဲဖြစ်ပါတယ်။

စစ်မှန်သော ဒီမိုကရေစီစနစ်ဆိုတာကတော့ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒကိုပြည်သူလူထုက လွတ်လပ်စွာရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူလူထုလိုလားတဲ့ နိုင်ငံ့အရေးအရာများကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ ယင်းကဲ့သို့ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းစွာဖြင့်  နိုင်ငံသားများ၏လူမှုစီးပွားများ ဆထက်ထမ်းပိုးတိုးတက်စေရမယ့် နိုင်ငံရေး ရည်မှန်းချက်ဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံအရေးအရာ ကိစ္စများသည် အများပြည်သူအကျိုးအတွက်သာ ဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။ အီဗရာဟင်လင်ကွန်းက “ဒီမိုကရေစီဆိုတာ ပြည်သူတွေက ပြည်သူတွေနဲ့ ပြည်သူတွေအတွက် လုပ်တဲ့နိုင်ငံရေးဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ/ပြည်သူများခင်ဗျား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ဒီနေ့ကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီကျင့်စဉ်၊ အသွင်ကူးပြောင်းရေးကာလ နိုင်ငံတော်အစိုးရ၊ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားကြတဲ့ ပါတီအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ခဲ့ကြသလို၊ လက်ရှိကာလ မှာလည်း နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးအဖွဲ့၊ လုပ်ဖော်ကိုင်ဖက်ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်တဲ့ ပြည်သူတစ်ရပ်လုံးနှင့် သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျှက်ရှိပါတယ်။

လာမည့်နိုင်ဝင်ဘာလ (၈) ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ပြည်သူတွေအကျိုးအတွက် လက်တွေ့အမှန်တကယ်ဆာင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်ရာမှာ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေစည်းကမ်းများနှင့်အညီ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေရေးအတွက် ပြည်သူများနှင့်အတူ အတူတကွပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် သတင်းစကားကို နိဂုံးချုပ်လိုက်ပါတယ်။