Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်မှ ဖတ်ကြားသည့် စာတမ်း

 လေးစားရပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ဒီမိုကရေစီရဲ့ မိတ်ဆွေရှင်

ပြည်ထောင်စုလွှတ်တော်ကြီးမှာ ပဉ္စမအကြိမ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား၊ တက်ရောက်ပြောဆိုခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ် ယူပါတယ်။

 နိုင်ငံတကာပါလီမန်များဆိုင်ရာသမဂ္ဂ (Inter-Parliamentary Union) က၊ ကမကထပြုပြီး၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွေ ကျင်းပခြင်းဟာ၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာ၌ လွှတ်တော်များရဲ့ အခန်းကဏ္ဍအရေးပါပုံကို အသိအမှတ်ပြုခြင်း ပဲဖြစ်ပါတယ်။

ယခုနှစ်အတွက် ဒီမိုကရေစီနေ့ ဆောင်ပုဒ်ကတော့ ‘ ဒီမိုကရေစီအတွက် ပြည်သူများ ပါဝင် ဆောင်ရွက်’ ‘Public Participation for Democracy ’ ဖြစ်ပါတယ်။ ယခုနှစ်မှာပဲ ကျွန်မတို့နိုင်ငံ ဒီမိုကရေစီ အုတ်မြစ်ချနိုင်ရေးအတွက် အဓိကသက်ရောက်မှုရှိမယ့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမှာ ဖြစ်တဲ့အတွက်၊ အင်တန်မှ သင့်တော်ပါတယ်။ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်မှုနဲ့သာ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်နိုင်မှာပါ။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ချိန်ကစပြီး ကျွန်မတို့နိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊ အမျိုးသားရင်ကြားစေ့ရေးမူတို့ကို စွဲကိုင်ခါ၊ ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးတို့ ရနိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်၊ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ၊ ပြည်သူ လူထုရဲ့ တခဲနက်ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဤသည်မှာ ကျွန်မတို့ တိုင်းသူပြည်သားများရဲ့ ဒီမိုကရေစီအတွက် ပါဝင်ဆောင်ရွက်လိုတဲ့ ဆန္ဒပြင်းပြကြောင်း ပြသလိုက်တာပဲဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ဒီမိုကရေစီဖြစ်စဉ်ရဲ့ အဓိက အကျဆုံး လုပ်ငန်းတစ်ရပ်ဖြစ်တဲ့ ဥပဒေပြုရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ပူးပေါင်း ဆောင်ရွက်ခွင့် ရခဲ့တာကို ဂုဏ်ယူတန်ဖိုးထားပါတယ်။

ကျွန်မတို့နိုင်ငံကို အမှန်တကယ် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ဖို့ရာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးအပါအဝင်၊ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန် အများအပြား ရှိပါသေးတယ်။ ဒီလုပ်ငန်းတွေ အနက်၊ လောလောတဆယ် အထူးအလေးထား ဆောင်ရွက်ရမှာကတော့ နိုင်ဝင်ဘာလ (၈) ရက်နေ့မှာကျရောက်မဲ့ အထွေထွေ ရွေးကောက်ပွဲကြီး လွတ်လပ်တရားမျှတပြီး၊ တည်ငြိမ်အေးချမ်းစွာ ဖြစ်မြောက်ရေးနဲ့ ရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို လေးစားအကောင်အထည်ဖော်နိုင်ရေးတို့ ဖြစ်ပါတယ်။

(၂၀၁၅) ခုနှစ် ရွေးကောက်ပွဲရဲ့စစ်မှန်တဲ့ အောင်မြင်မှုအတိုင်းအတာဟာ၊ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မည်မျှခရီးရောက်ပြီး၊ မည်မျှအနှစ်သာရရှိတယ်ဆိုတာကို ထင်ရှားစွာ ပြသမှဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ စိတ်အားထက်သန်တဲ့ ပါဝင်ဆောင်ရွက်မှုနဲ့စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး မြန်ဆန်အေးချမ်းစွာ ပေါ်ထွန်းလာစေကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အတွက် ဆုတောင်းဖြစ်ပါတယ်။