Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ဖတ်ကြားသည့် စာတမ်း

ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်သည် “လူ့အခွင့်အရေး” ဖြစ်သည်။ လူတစ်ဦးချင်းစီ မွေးဖွား လာကတည်းက ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်း (Declaration of Human Rights) တွင် ပါရှိသော လူ့အခွင့်အရေး (Human Rights) များကို ရရှိရမည် ဖြစ်သည်။ ထိုလူ့အခွင့် အရေးများသည် လူတိုင်းအတွက် မွေးရာပါ အခွင့်အရေးဖြစ်ရာ ထိုလူ့အခွင့်အရေးများကို လူတိုင်း ကိုယ်စီ အသီးသီး ခံစားရရှိနိုင်ကြရန် ကမ္ဘာပေါ်ရှိ အစိုးရအသီးသီးက ကာကွယ်စောင့်ရှောက်ရခြင်း ဖြစ်သည်။

အစိုးရဟူသည် ပြည်သူ့အကျိုး၊ ပြည်သူများအားလုံး စုပေါင်းနေထိုင် ပိုင်ဆိုင်တဲ့ နိုင်ငံရဲ့ နယ်နိမိတ်နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် ပြည်သူအများက ပြည်သူ ထဲက ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ်သည်။ ကမ္ဘာသူ ကမ္ဘာသားများက ယနေ့ ကမ္ဘာ့အခြေအနေ အရ လူထု အသိနိုးကြားလာမှုအရ ဒီမိုကရေစီကို လိုလားသည်။ ယနေ့ကမ္ဘာကြီးလည်း ဒီမိုကရေစီ ကမ္ဘာကြီး ဖြစ်လုပြီ ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများ၏ အစိုးရအသီးသီးကလည်း မိမိတို့ နိုင်ငံအသီးသီး ၏ ဒီမိုကရေစီ စံနှုန်း အဆင့်အတန်းအလိုက် မိမိတို့ ပြည်သူ့တို့၏ လူ့အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးလျက်ရှိသည်။ လူ့အခွင့်အရေးသည် “သာတူညီမျှမှု” နှင့် “လွတ်လပ်မှု” ကို အခြေ ခံသည့် အားလျော်စွာ ဒီမိုကရေစီသည်လည်း ကမ္ဘာသူ ကမ္ဘာသား တစ်ဦးချင်းစီ၏ သက်ဆိုင်ရာ နိုင်ငံ အလိုက် စည်းဘောင်စနစ်ရှိသော လွတ်လပ်မှု အခွင့်အရေး ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများ အတွက် နိုင်ငံတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံ” ဖြစ်လာသည်။ ၂၀၁၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီးစီး၍ ၂၀၁၁ ခုနှစ် ပထမအကြိမ် လွှတ်တော် သက်တမ်းက စတင်ရေတွက်လျှင် ဒီမိုကရေစီသည် ၄ နှစ် သက်တမ်းရှိပြီ ဖြစ်ပါသည်။ ဒီမိုကရေစီ သက်တမ်းအရ နုနယ်ပါသေးသည်။ သို့ရာတွင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြောင်း ကမ္ဘာက မြင်အောင် ပြသနိုင်သည့် အဓိကအကျဆုံး ပြယုဂ်ဖြစ်ပါသည်။

ဒီမိုကရေစီတွင် “တာဝန်သိမှု” နှင့် “စည်းကမ်းရှိမှု” အရေးကြီးပါသည်။ တစ်ဦးချင်းစီ တာဝန် သိမှုနှင့် တစ်ဦးချင်း စည်းကမ်းရှိမှသာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဖြစ်တည် ရှင်သန်နိုင်ပါမည်။ နိုင်ငံတော်အစိုးရတွင် နိုင်ငံသားတို့ရဲ့လူ့အခွင့်အရေး ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန် ရှိသကဲ့သို့ နိုင်ငံသားတိုင်းတွင်လည်း ဒီမိုကရေစီ၏ အနှစ်သာရကို ရယူပိုင်ဆိုင် ခံစားနိုင်ဖို့ တာဝန် သိမှုနဲ့ စည်းကမ်းရှိမှုတို့ ရှိရမည် ဖြစ်သည်။ နိုင်ငံသား တစ်ဦးချင်းစီရဲ့ အသိစိတ်ဓာတ်ဖြင့်သာ ဒီမိုကရေစီကို သက်ဝင်လှုပ်ရှားစေမည် ဖြစ်ပါသည်။

အဂတိတရား ၄ ပါးဖြစ်တဲ့ “ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ” တို့ တစ်စုံတစ်ရာ ပူးကပ်နေပါက ဒီမိုကရေစီသည် ညစ်နွမ်းသော ဒီမိုကရေစီသာ ဖြစ်ပါမည်။ မြန်မာနိုင်ငံအတွက်မူ ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် ဖြစ်နေသဖြင့် သတိကြီးစွာ ပိုမိုထားရှိကြ၍ ပြည်ထောင်စု၏ ညီညွတ်စည်းလုံးခြင်း အားဖြင့်သာ အခက်အခဲဟူသမျှကို ကျော်ဖြတ်ကြရမည် ဖြစ်ပါသည်။ ပြည်ထောင်စု အမျိုးအစား နိုင်ငံတိုင်းအတွက် ညီညွတ်စည်းလုံးခြင်းသည် ပိုမိုအလေးအနက်ထားရမည့် အချက်ဖြစ်ပါသည်။ ပြည်ထောင်စုဖွား လူမျိုးများ စုပေါင်းနေထိုင်သော နိုင်ငံတိုင်းအတွက် ပြည်ထောင်စုဖွား လူမျိုးများ အားလုံး တစ်စိတ်တစ်ဝမ်းဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ခြေလှမ်းညီညီ လျှောက်လှမ်းရန် လိုပါသည်။ အသီးအပွင့်ကို စားသုံးလိုလျှင် အပင်ကိုလည်း ရှင်သန်အောင် ပြုစုစောင့်ရှောက်ရပေမည်။ အသီးအပွင့် စားသုံးမည့် သူတိုင်းမှာ အသီးသီး တာဝန်ယူစိတ်ဖြင့် အပင်ကို ရှင်သန်အောင် ပြုစု စောင့်ရှောက် ကာကွယ်ပေးရန် တာဝန်ရှိပေသည်။

အထူးအားဖြင့် ကျွန်ုပ်တို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် “ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ” တည်ဆောက်ရန် လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကို လွှတ်တော်များက ဆောင်ရွက်ပြီး လွှတ်တော်များက ရွေးချယ်တင်မြှောက် လိုက်သော အစိုးရအဖွဲ့များက အကောင်အထည် ဖော်ပေးလျက်ရှိသည်။ နိုင်ငံ၏ အရေးကိစ္စတွင် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရန် လွှတ်တော်များက ဒီမိုကရေစီ ကျင့်စဉ်အရ ဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံသားများ လျှောက်လှမ်းမည့် စီးပွားရေးဘဝ၊ လူမှုရေးဘ၀ တို့အတွက် ပြင်ဆင် ပြောင်းလဲရန်၊ အသစ်ရေးဆွဲ ပြဋ္ဌာန်းရန် လိုအပ်သော ဥပဒေများကိုလည်း လွှတ်တော်များတွင် ဒီမိုကရေစီ ကျင့်စဉ်အရ ဆောင်ရွက်လျက် ရှိပါသည်။ အရေးအကြီးဆုံးမှာ လွှတ်တော်များအတွင်း ဒီမိုကရေစီသည် စစ်မှန်သော ဒီမိုကရေစီဖြစ်ရန် လိုသည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီနှင့် မိနစ် ၂၀ အချိန်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာစဉ်က “အချုပ်အခြာ အာဏာပိုင်၊ လွတ်လပ်သော ပြည်ထောင်စုသမ္မတ ဒီမိုကရေစီ နိုင်ငံတော်” အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံသားများ မညီညွတ်ခဲ့ကြ၊ မထိန်းသိမ်းနိုင်ခဲ့ကြ၍ ဒီမိုကရေစီ ဆုံးရှုံးခဲ့ရဘူးသည်ကို အလေးအနက် သင်ခန်းစာယူကြရန် ဖြစ်သည်။

“ဒီမိုကရေစီအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်” ဟူသော ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်သည် ဒီမိုကရေစီ၏ အနှစ်ဖြစ်သည်။ ဒီမိုကရေစီ၏ အကျိုးကျေးဇူးကို ခံစားမည့် သူများမှာ ပြည်သူများဖြစ်၍ မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရေး မိမိတို့ ပါဝင် ဆောင်ရွက်မည်သာ ဖြစ်သည်။ လွှတ်တော်အတွင်း ပြည်သူများ၏ အကျိုးစီးပွားကို ဒီမိုကရေစီကျကျ ဆောင်ရွက်ပေးနိုင်ရန် ပြည်သူတို့က လူတော်လူကောင်းများ၊ နိုင်ငံရေး နောက်ခံသမိုင်း အစဉ်အလာ ကောင်းသူများကို ရွေးချယ်ပေးဖို့ လိုသည်။ ထို့ကြောင့် ပြည်သူတို့၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးပါသည်။ မှန်ကန်သော ရွေးချယ်မှုအတွက် ပြည်သူများတွင် အခွင့်အရေး ရှိသကဲ့သို့ တာဝန် လည်း ရှိပေသည်။

ယနေ့ခေတ်စားနေသော စကားတစ်ရပ်ဖြစ်သည့် “ဒီမိုကရေစီ အနိုင်ကျင့်မှု” အားဖြင့် မလျော်ကန်သော အတည်ပြု ဆုံးဖြတ်ချက်များ၊ မလျော်ကန်သော ဥပဒေပြဋ္ဌာန်းချက်များ၊ ပြင်ဆင် အတည်ပြုချက်များ မဖြစ်ပေါ်စေရန် အလေးမခိုးသော စည်းမခိုးသော စစ်မှန်သော ဒီမိုကရေစီကို ပြည်သူများ ကြိုဆိုရမည် ဖြစ်ပါကြောင်း ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ပြည်သူ များကို တပ်လှန့် နှိုးဆော်အပ်ပါသည်။