Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအင်အားးစုပါတီမှ ဖတ်ကြားသည့် စာတမ်း

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် နှစ်စဉ်စက်တင်ဘာလ (၁၅)ရက်နေ့၌ ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ပဉ္စမအကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရာစုနှစ် ထက်ဝက်မျှမက ဒီမိုကရေစီဆိတ်သုဉ်းခဲ့သော ဤနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို စဉ်ဆက်မပြတ်ကျင်းပခွင့်ရခြင်းသည် လွန်စွာအားတက်ဖွယ်ဖြစ်စေပြီး လွန်ခဲ့သော ဆယ်စုနှစ်များကဆိုလျှင် မယုံနိုင်စရာကိစ္စအဖြစ် မှတ်ယူကြပေလိမ့်မည်။ ယခုကဲ့သို့သော ဒီမိုကရေစီ ရေအလျဉ်တို့ တိုးဝှေ့စီးဆင်းမှုသည် တိုင်းရင်းသားပြည်သူအားလုံး၏ ဒီမိုကရေစီလိုလားမှု ကြီးကြောင့်ဖြစ်ပြီး ယင်းလိုလားမှုကြီးကို မည်သို့မျှ ဟန့်တားပိတ်ပင်၍ မရနိုင်သည့်လက္ခဏာဖြစ်သည် ဟု ကျွန်ုပ်တို့မှတ်ယူပါသည်။

ဒီမိုကရေစီစနစ်ကို တစ်ဦးတစ်ယောက်ကောင်းဖြင့် တည်တောက်၍ မရပါ။ လူတစ်ဦးချင်းစီ၏ အသိစိတ်ဓာတ်နှင့်အတူ ပြည်သူအပေါင်းပါဝင်ကြမှသာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာတည်ဆောက် နိုင်ပါလိမ့်မည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများ၏ ရပိုင်ခွင့်ရှိသည့်နည်းတူ ပြည်သူများလိုက်နာရမည့် တာဝန်များလည်း ပူးတွဲပါရှိပါသည်။ ထိုနှစ်ရပ်ကို တက်ညီအောင်ဆောင်ရွက်မှသာလျှင် ဒီမိုကရေစီ စနစ်သည် မြန်မာပြည်တွင် အခြေခိုင်မာပါလိမ့်မည် ဖြစ်သည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများပါဝင်သော ပြည်သူ့အုပ်ချုပ်ရေးကို ထူထောင်ခြင်းပင် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံးသောအချက်မှာ ရွေးကောက်ပွဲများမှတဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပေးခြင်းပင်ဖြစ်သည်။ ထို့အတွက် ပြည်သူများ အနေဖြင့် မိမိတို့ပိုင်ဆိုင်သော ဆန္ဒမဲပြားတစ်ချပ်ဖြင့် မိမိတို့ကိုကိုယ်စားပြုမည့် ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးခြင်းအားဖြင့် ပြည်သူအများကို ကိုယ်စားပြုသော အစိုးရတစ်ရပ်ကို ဖန်တီးနိုင်စွမ်း ရှိပါသည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူ့ဆန္ဒသည် အခြေခံအကျဆုံးဖြစ်ပြီး ပြည်သူများအနေဖြင့် မိမိတို့၏ ဒီမိုကရေစီ ရပိုင်ခွင့်များကို ကျင့်သုံး၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် အစိုးရအဖွဲ့ ကို ထိန်းကျောင်းနိုင်ပါသည်။ ဒီမိုကရေစီလူ့ဘောင်သို့ ရောက်ရှိရေးမှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ ပုဂ္ဂိုလ်တစ်စု၊ တစ်ဖွဲ့တစ်သင်းတို့၏ နိုင်ငံရေးစွမ်းအားဖြင့် ရနိုင်ကောင်းသည့် အရာမဟုတ်ပါ။ ပြည်သူတို့၏ ထက်သန်သော ဒီမိုကရေစီဆန္ဒတို့ကို အခြေပြု၍ ထိုပြည်သူတို့အကြား ဒီမိုကရေစီဓလေ့စရိုက်သဘာဝနှင့် နှုန်းစံတို့ကို ဖြန့်ကျက်ကျရောက်နိုင်ရေးကို ကြိုးပမ်းရဦးမည်သာ ဖြစ်သည်။ ဒီမိုကရေစီအလေ့အကျင့်တို့သည် တစ်ဖက်တွင် ပြုစုပျိုးထောင်လိုက်နာကျင့်သုံးစေပြီး အခြားတစ်ဖက်၌ တရားဥပဒေစိုးမိုးမှု၊ မျှတသောတရားစီရင်မှုရှိမှသာ ပြန့်ပွားစည်ပင်နိုင်မည် ဖြစ်သည်။ ထို့အတူ ဒီမိုကရေစီ အခွင့်အရေးများရသည်နှင့် လူ့အခွင့်အရေးများပါ တစ်ပါတည်း လိုက်ပါလာနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရတို့နှင့် ပြည့်ဝနိုင်မည်ဖြစ်ပါကြောင်း ဤအပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့ အခါသမယတွင် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကောင်းမြတ်သော နိုင်ငံရေးဆန္ဒတို့ဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်။