Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဖတ်ကြားသည့် စာတမ်း

လူအများ စုပေါင်းနေထိုင်ကြရန် စည်းရုံးစုစည်းသည့် လုပ်ငန်းစဉ်များကို နိုင်ငံရေးဟု ဆိုကြသည်။ လူအများဟု ဆိုလိုက်သည်နှင့် မတူကွဲပြားမှု၊ အတ္တနှင့် တွေးခေါ်မြော်မြင်မှု စသည့် ကွဲပြားမှု အမျိုးမျိုးအဖုံဖုံကို တွေ့ရမည် ဖြစ်သည်။ မတူကွဲပြားမှု၊ အတ္တနှင့် တွေးခေါ်မြော်မြင်မှု မတူ ကွဲပြားသည်နှင့်အမျှ တစ်ခုတည်းသော အစုအဖွဲ့ဖြစ်ရန် အနေအထား နည်းပါးလာပြီး ဆန့်ကျင်ဘက် ဝိရောဓိများ ရှိလာနိုင်သည့်နည်းတူ ပဋိပက္ခ ရန်သူများလည်း ဖြစ်သွားနိုင်ကြသည်။ ဆန့်ကျင်ဘက် ရန်သူများ ဖြစ်သွားသည့်အခါ လူ့အဖွဲ့အစည်းသည် ဝါးအစည်းပြေသကဲ့သို့ ဖြစ်ပြီး တိုက်ခိုက်ကြသည့် အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ ဆန့်ကျင်ဘက်၊ ရန်သူ၊ တိုက်ခိုက်မှုများ လျော့နည်းမှသာ၊ ကင်းဝေးမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြမည်ဖြစ်ပြီး စည်းရုံးစည်းလုံး စုစည်းသည့် အစုအဖွဲ့တစ်ခု၊ လူအဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်မည်။

မတူကွဲပြားသည့် အဖွဲ့များ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးသည် အဖွဲ့များအားလုံး ရရှိသည့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းစသည့် လောကပါလ တရားတန်းတူမှုပေါ်တွင် မူတည်သည်။ လောကပါလတရား ချိန်ခွင်လျှာ တည်ငြိမ်နေသရွေ့၊ တည်မြဲနေသရွေ့ ကာလပတ်လုံး လောကပါလတရား ထွန်းကားနေမည်သာ ဖြစ်သည်။ လောကပါလတရား ထွန်းကားနေသည်နှင့်အမျှ ပဋိပက္ခ၊ ဝိရောဓိများ ကင်းဝေးနေမည် ဖြစ်သည်။

ဤတွင် ပဋိပက္ခ၊ ဝိရောဓိများ ကင်းဝေးနေနိုင်ရေး အတွက် နည်းလမ်း၊ တစ်နည်းအားဖြင့် ကျင့်စဉ်၊ စောင့်ထိန်းမှုနှင့် စနစ်လိုအပ်ပါသည်။ ယနေ့ ကမ္ဘာကြီးသည် ဝိရောဓိ၊ ပဋိပက္ခ၊ ရန်ပြု တိုက်ခိုက်မှုများနှင့် ပြည့်နှက်နေသည်ကို တွေ့ရမည်။ စာနာမှု၊ နားလည်မှု ခေါင်းပါးခြင်း နည်းပါးခြင်း နှင့် ဆန္ဒလွန်ကဲမှု၊ အတ္တတို့ကြောင့် ဖြစ်သည်။ နားလည်စာနာမှု ထွန်းကားလာစေရန်နှင့် ဆန္ဒလွန်ကဲမှု၊ အတ္တများ လျော့ပါးသွားစေရန် သည်ဆန္ဒ၊ သဘောတူညီချက်တစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက် နိုင်မှု အပေါ်တွင် မူတည်သည်။ ထို ဘုံသဘောတူညီချက်သည် CONSENSUS ဆိုသည့် အများသဘော၊ အများဆန္ဒပင် ဖြစ်သည်။ အများသဘော၊ အများဆန္ဒ ဆိုလိုက်သည်နှင့် အများ သဘော၊ အများဆန္ဒကို ရယူသည့်နည်းသည် အဓိက ကျလာပါသည်။ ရာနှုန်းပြည့် အများသဘော၊ အများဆန္ဒ ရယူနိုင်ရေးသည် အခရာ ကျလာပါသည်။ အများညီ ဤကျွဲဖတ်သည် ဆိုသည့် စကားကို သတိချပ်ရန် လိုအပ်ပါသည်။ အများညီ၍ ဤကျွဲဖတ်ခြင်းသည် ယနေ့ ဒီမိုကရေစီ ကျင့်သုံးရာတွင် အသုံးပြုသည့် FPTP နှင့် သဘောသဘာဝချင်း အတိုင်းအတာ တစ်ခုအထိ တူညီသည်ကို တွေ့ရပါ သည်။ ဤသည်ကားဤ၊ ကျွဲသည်ကား ကျွဲပင်ဖြစ်သည်။ FPTP ကို ကျင့်သုံးတိုင်း အများဆန္ဒ၊ အများ သဘောကို ရယူသည် ဆိုသော်လည်း အားလုံး၏သဘော၊ အားလုံး၏ဆန္ဒ မဟုတ်သည်ကို သတိ ချပ်ရပါမည်။ လူထုမဲကို ရယူသည့် အထွေထွေ ရွေးကောက်ပွဲမှ ကိုယ်စားလှယ်ရွေးချယ်ရာတွင် လွတ်လပ်ပြီး တရားမျှတရန် လိုအပ်ပါသည်။ ဖွံ့ဖြိုးစနိုင်ငံများ၊ အာဏာရှင်စနစ်မှ စတင်အသွင် ပြောင်းလာသည့် နိုင်ငံများတွင် အာဏာရပါတီ အစိုးရက ကျင်းပပေးသော ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု အားနည်းနေလေ့ ရှိကြောင်း တွေ့ရသည်။ ထိုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အစိုးရကို အများဆန္ဒနှင့်အညီ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟုဆိုရန် ခက်ပါမည်။ ပြည်သူက အုပ်ချုပ်သော၊ ပြည်သူ့ကိုယ်စားလှယ်မှတဆင့် အုပ်ချုပ်သောစနစ်ဟု ဆိုနေလင့်ကစား ကိုယ်စားပြုမှု နည်းပါးလာမည်။ ဒီမိုကရေစီ အစိုးရစစ်စစ်ဟု ဆိုနိုင်မည် မဟုတ်ချေ။

အဆိုပါ အခြေအနေမှ ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းထားသော လွှတ်တော်၊ ဖွဲ့စည်းထားသော အစိုးရများသည် ဒီမိုကရေစီနည်းအရ ဖွဲ့စည်း ထားသော အဖွဲ့အစည်းများဟု ဆိုနိုင်ရန် ခက်ပါမည်။ လွှတ်တော်သည်လည်း တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲမှ ရွေးချယ်ပေးလိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် လွှတ်တော် ဖြစ်ရပါမည်။ သို့မဟုတ်ပါက အများညီဤကျွဲဖတ် လွှတ်တော်ပင် ဖြစ်နေ ပါဦးမည်။ အလားတူပင် အဆိုပါလွှတ်တော်မှ ဖွဲ့စည်းပေးလိုက်သည့် အစိုးရသည်လည်း ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားသည့် အစိုးရဟု ဆိုနိုင်ရန် အလွန်ပင်ခက်ခဲပါမည်။ ပြည်သူ လူထုကို အခြေပြုသည်ဟု ဆိုနိုင်ရန် ခက်ပါမည်။ အဟောင်း၏ အငွေ့အသက်များ ရစ်နှောင်ပြီး ဖွဲ့စည်းထားသည် အစိုးရပင် ဖြစ်ပါမည်။ ပြည်သူတို့၏ ဆန္ဒဟုဆို၍ မရတော့ပါ။

ထိုသို့ဖွဲ့စည်းလိုက်သော လွှတ်တော်မှ ချမှတ်အတည်ပြုချက်များသည် ပြည်သူ့ဆန္ဒဟု ဆိုနိုင်ရန် အလွန်ပင် ခက်ပါမည်။ အစိုးရအဖွဲ့၏ ချမှတ်သည့် ဆုံးဖြတ်ချက်သည်လည်း အလားတူပင် ဖြစ်ပါမည်။ ပြည်သူလူထုကို အခြေပြုသော လွှတ်တော်၊ ပြည်သူလူထုကို အခြေပြုသော အစိုးရဟု ဆို၍ ရမည်မဟုတ်ချေ။

ဒီမိုကရေစီဆိုသည့် ဝေါဟာရ၏ မူလအဓိပ္ပါယ် ဆင်းသက်ရာအတိုင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်း ရှိပါမှ ပြည်သူ့အခြေပြု ဒီမိုကရေစီဟု ခေါ်ဆိုနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။