Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ရခိုင်အမျိုးသားပါတီမှ ဖတ်ကြားသည့် စာတမ်း

  • ကျွန်မတို့နိုင်ငံဟာ အလွန်တရာရှည်လျားတဲ့ ဒီမိုကရေစီမဲ့နှစ်ကာလများကို ခါးသီးနာကျည်းဖွယ်ရာ ပြင်းထန်တဲ့ဖိအားများတွေနဲ့ အကျဉ်းတန်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ယခုအခါမှာ၂၀၀၈ ဖွဲ့စည်းပုံကိုအခြေခံတဲ့ ၂၀၁၀ရွေးကောက်ပွဲအပြီး ပြည်ထောင်စုမြန်မာနိုင်ငံသို့ ခေါ်ဆိုနိုင်တဲ့ ဒီမိုကရေစီအာရုံဦးဆီသို့ ဖြတ်သန်းချီတက်ရွေ့လျား လာခဲ့သည်မှာ ငါးနှစ်နီးပါးရှိခဲ့ပြီး ဖြစ်ပါတယ်။
  • ဒီမိုကရေစီရဲ့ အနှစ်သာရကို ကမ္ဘာ့လူသားအများစုက အခြေခံကျကျနားလည်လက်ခံထားကြပြီးလဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျော်အမေရိကန် သမ္မတကြီး အီဘရာဟင်လင်ကွန်းက “ဒီမိုကရေစီဆိုတာ ပြည်သူတွေက ပြည်သူတွေအတွက် ရွေးချယ်တဲ့အစိုးရ အုပ်ချုပ်တဲ့စနစ်” လို့အဆိုအမိန့် ရှိခဲ့ကြပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ကြမယ်ဆိုရင် ဒီမိုကရေစီ ထွန်းကား ရေးအတွက် လူတိုင်းမှာဆုံးဖြတ်ရွေးချယ်ခွင့်ရှိသလို ကျရာတာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ကိုယ်စီ ရှိကြပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်ခံယူနိုင်ဘို့ ကိစ္စက အလွန်အရေးကြီးတဲ့ ဒီမိုကရေစီရဲ့ ပင်မကျောရိုးမဏ္ဍိုင် ဖြစ်တယ်လို့ လေးနက်စွာခံယူကြရပါမယ်။
  • လူတိုင်းဟာ လွတ်လပ်လိုကြပါတယ်။ အနှောင်အဖွဲ့ စိုးရိမ်သောက ကင်းဝေးလိုကြပါတယ်။ ဒါကြောင့်လည်း ဖိနှိပ်ချုပ်ချယ်တဲ့ ကျွန်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်၊ အမျိုးုသားရေးအစွန်းရောက်ဖက်ဆစ်စနစ်၊ လူမျိုးတုန်း အန္တရာယ်ပြုသတ်ဖြတ်တဲ့ စနစ်တွေကို ကမ္ဘာ့သမိုင်းစဉ်တလျှောက်မှာ အားမာန်အပြည့်နဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရုန်းကန်ရင်း ဖြတ်သန်းကျော်လွှား ခဲ့ကြရပါတယ်။ ဒီလိုဖြတ်သန်းကျော်လွှားရင်းဖြင့် လူသားများနေထိုင်ကြတဲ့ လူ့လောကကြီးအတွက် ငြိမ်းချမ်းရေးတည်ငြိမ်မှုကို ပေးစွမ်းနိုင်တဲ့စနစ်တစ်ခုအဖြစ် ဒီမိုကရေစီလူ့ဘောင်တစ်ခုကို ကမ္ဘာ့လူသားများက လိုလားနှစ်ခြိုက်စွာ တည်ဆောက်ခဲ့ကြပါတယ်။ သို့ရာတွင် ဒီမိုကရေစီကို လူအများစုက နားလည်သဘောပေါက်ကြတယ်လို့ ယေဘုယျယူဆနေကြပေမဲ့ လက်တွေ့ကျင့်သုံးမှု နယ်ပယ်မှာ မှန်ကန်တဲ့ အဖြေရလာဒ်ကောင်းတွေ မရနိုင်သေးတာတွေ့ရှိ နေရဆဲဖြစ်ပါတယ်။ လူထုကို အတင်းအကြပ် ပါဝင်ကျင့်သုံးစေမှုမှာ နည်းလမ်းမကျဘဲ အဖျက်အင်အားစုများကို ဖန်တီးအသုံးချပြီး မှန်ကန်စွာတောင်းဆိုနေကြတဲ့ ပြည်သူများအပေါ် အင်အားသုံးဖြိုခွဲမှုများ၊ လူတစ်ခုအတွက် လူအများစုရဲ့အကျိုးကို လစ်လျူရှု့ဆန့်ကျင်မှုများ၊ မိမိကိုယ်ကျိုးစီးပွားအတွက် လိုသလိုဖိနှိပ်ကျင့်သုံးမှုများကို ကမ္ဘာနဲ့တဝှမ်းတွေ့ကြုံခံစားနေရဆဲ ဆိုတာကို ကျွန်မတို့ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်။
  • ဒီမိုကရေစီစနစ်ဟာ နိုင်ငံရေးအတွက် ကျင့်သုံးတဲ့စနစ်ဖြစ်ပါတယ်။ နိုင်ငံရေးနယ်ပယ်တစ်ခုမှာ ပါဝင်လှုပ်ရှားကြရတဲ့ ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးရှိတဲ့ အနှစ်သာရကို နားလည်လက်ခံနိုင်နေပြီလို့ ယူဆလို့ရမှာ မဟုတ်ပါဘူး။ အမှန်တကယ်အရေးကြီးတာက ဒီမိုကရေစီအသွင်သဏ္ဍာန်နဲ့ အများအတွက် အများနဲ့ အတူမှန်ကန်စွာ ဆောင်ရွက်တယ်ဆိုတဲ့ ဒီမိုကရေစီစိတ်ဓါတ်ကို နားလည်သဘောပေါက်ကြဘို့ ကိစ္စကသာ အရေးပါသော ကဏ္ဍကြီးဖြစ်ပါတယ်။ အများအတွက် အများနဲ့အတူ မှန်ကန်စွာဆောင်ရွက်မယ်ဆိုတဲ့ အတွေးအခေါ်က လူသားများလိုအပ်တဲ့ စိတ်ဓါတ်ရေးရာအမူအကျင့် ဖြစ်တဲ့အတွက် ဒီအခြေခံအတွေးအခေါ်ကို မှန်ကန်စွာကျင့်သုံးခြင်းဖြင့် လူသားထုအချင်းချင်း အပြန်အလှန်လေးစားမှု၊ အချင်းချင်းတန်ဖိုးထားမှု၊ ငြိမ်းချမ်းမှုများကို တိုးတက်လက်ခံရရှိလာကြမှာ ဖြစ်ပါတယ်။ လူအများအပြားတူညီသည့် နားလည်မှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံမှုများ ကောင်းမွန်ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် မုန်းတီးမှု၊ ရန်လိုမှုများကင်းဝေးပြီးစစ်ပွဲများ၊ ပဋိပက္ခများ၊ ချုပ်ငြိမ်းကင်းစင်တဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့ဘုံလောကကြီးတစ်ခုကို ဝိုင်းဝန်းတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
  • ဒီလိုရည်မှန်းချက်များကို ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုကရေစီစံနှုန်းများကို ဆွေးနွေးခြင်း၊ ပယ်ဖျက်ခြင်း၊ ဝေမျှခြင်းများအပြင် မှန်ကန်စွာသုံးသပ် ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့်ရရှိလို့ အားလုံးပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီ အကောင်အထည်ဖော်နိုင်ကြပါမယ်။ သို့မှသာ အတွေးအခေါ်မှန်ကန်စွာ ဆောင်ရွက်လုပ်ကိုင်မှု လက်တွေ့ကျစွာဖြင့် ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်မှု” အရှိန်အဟုန်မြင့်မားပြီး အမှန်တရားများ အတွက်ဇွဲ၊ လုံ့လများဖြင့် ပြည်သူတွေက ရှေ့ဆက်ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် ကျင့်သုံးတဲ့စနစ် ဖြစ်တဲ့အတွက် အာဏာရှင်စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာဆိုတာ နိုင်ငံအတွက် အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာဆိုတာ နိုင်ငံအတွက် ပြည်သူလူထုအတွက် ဖြစ်ပါတယ်။ နိုင်ငံအာဏာကိုရယူပြီး တိုင်းပြည်၏ ကောင်းကျိုးများကို အမှန်တကယ်ဆောင်ရွက်လိုပါလျှင် မိမိနိုင်ငံရှိ ပြည်သူလူထုက တိုင်းပြည်ခေါင်းဆောင်များကို အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခြင်းအား လက်ခံယုံကြည်ကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်၏ ကောင်းကျိုးအတွက် ဦးဆောင်လိုသူများအနေဖြင့်လည်း ပြည်သူလူထုရဲ့ စိတ်ဆန္ဒနှင့်အညီ ရွေးချယ်မှုကို ကြည်ဖြူစွာ လက်ခံဖို့ အထူးလိုအပ်လှတယ်ရှင့်။
  • ကျွန်မအနေနဲ့ အကျဉ်းသင့်လို့ အနည်းငယ် ဆွေးနွေးလိုပါတယ်။

ကျွန်မတို့နိုင်ငံကဲ့သို့ တိုင်းရင်းသားပေါင်းစုံနေတဲ့ မြန်မာနိုင်ငံတစ်ခုတွင် ဒီမိုကရေစီစနစ်ကို

ကျင့်သုံးသည်ဆိုရာ၌ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူညီမျှခွင့်ကို အခြေခံသည့်ဖက်ဒရယ်စနစ်ကို ယှဉ်တွဲအသုံးမပြုနိုင်ပါက ဆားမပါသော ဟင်းတစ်ခွက်ကဲ့သို့ အရသာ ပြည့်စုံနိုင်မည်မဟုတ်ပါ။ ယခုအခါ ဒီမိုကရေစီ မြတ်နိုးသူများ၏ ပါးစပ်ဖျားတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်၊ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရအသီးအပွင့်များ ဝေဝေဆာဆာပွင့်လန်းလာခဲ့ပြီး ဖြစ်ပါသည်။ ဖက်ဒရယ်စနစ်သည် နိုင်ငံ၏ ငြိမ်းချမ်းရေးကို ရယူပေးနိုင်သော မရှိမဖြစ်လိုအပ်သည့် ကုထုံးဖြစ်ကြောင်း နားလည်လက်ခံလာကြပြီး ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါမှ အေးချမ်းသာယာ တည်ငြိမ်ဖွံ့ဖြိုးသော စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဆိုရာ၌ တရားမျှတခြင်း၊ တန်းတူုခြင်း၊ ငြိမ်းချမ်းခြင်းစတဲ့ လက္ခဏာများ မရှိမဖြစ်ပါရှိရန် လိုအပ်သကဲ့သို့ ကျွန်မတို့နိုင်ငံအဖို့မှာမူ ငြိမ်းချမ်းရေးကို အာမခံနိုင်သည့် ဖက်ဒရယ်စနစ်ကိုပါ ဒွန်တွဲဖော်ဆောင်နိုင်ပါမှ အလှတွင် အယဉ်ဆင့်အသွင်တင့်မည့် နိုင်ငံတော်တစ်ခု ဖြစ်လာမှဖြစ်ပါတယ်။

  • မှန်ကန်သောရွေးချယ်မှု၊ မှန်ကန်သော အရည်အချင်းပြည့်ဝစွာ ဦးဆောင်မှုဖြင့် ဒီမိုကရေစီအတွက် ပြည်သူတစ်ရပ်လုံး တက်ကြွစွာပါဝင်ဆောင်ရွက်မှုများဖြင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားပြည်သူများအားလုံး အမှန်တကယ် လိုလားတောင့်တဆန္ဒရှိ နေကြသော ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ အရပ်ရပ်ချုပ်ငြိမ်းရေးတို့ကို လက်ဝယ်ပိုင်ဆိုင်ရရှိနိုင်ပြီး အေးချမ်းသာယာဝပြောတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင် ကြပါစေလို့ ရင်တွင်းခံစားချက်ဖြင့် လှိုက်လှဲစွာ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။