Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဖတ်ကြားသည့် စာတမ်း

ဒီမိုကရေစီအတွက် ပြည်သူများဖော်ဆောင်ရွက်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

အများသိပြီးကြတဲ့အတိုင်း ဒီမိုကရေစီဆိုတာ တိုင်းသူပြည်သားတွေဖြစ်ကြတဲ့ ပြည်သူတွေက မိမိတို့ကို ကိုယ်စားပြုမဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး မိမိတို့ကို ပြန်လည်စီမံခန့်ခွဲ အုပ်ချုပ်စေတဲ့ နည်းစနစ်ဖြစ်ပါတယ်။ အဲ့ဒီလိုအုပ်ချုပ်တယ်ဆိုရာမှာလည်း ပြည်သူတွေနဲ့ အုပ်ချုပ်မဲ့ပြည်သူ့ကိုယ်စားလှယ်တွေအကြား တိတိကျကျသတ်မှတ်ထားတဲ့ စာချုပ်ဘဲခေါ်ခေါ်၊ အခြေခံဥပဒေဘဲခေါ်ခေါ် အဲဒီဥပဒေနဲ့အညီ စီမံခန့်ခွဲအုပ်ချုပ်ကြရတာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေမှာ မိမိတို့ကိုယ်စားလှယ်ကို မိမိတို့ ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ခွင့်တွေ ရှိကြရမှာဖြစ်ပါတယ်။ ဒါပြည်သူတွေရဲ့ အမှန်တကယ်ရရှိရမဲ့အခွင့်အရေး။ ငြင်းပယ်ခွင့်မရှိ ရကိုရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါနဲ့တင်မပြီးသေးပါဘူး။ ပြည်သူလူထုနဲ့ ပြည်သူလူထုက ရွေးချယ်ထားတဲ့ သူတို့ရဲ့ကိုယ်စားလှယ်၊ တစ်နည်းအားဖြင့် ပြောရရင်ပြည်သူကို ပြန်လည်စီမံအုပ်ချုပ်ရမဲ့ အစိုးရတို့ဟာ တိုင်းပြည်တစ်ဝှမ်းလုံး ဘယ်လိုဥပဒေတွေနဲ့ စီမံအုပ်ချုပ်ကြရမယ်ဆိုတဲ့ သဘောတူပ         ဋိဉာဉ် တစ်ရပ်ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ်ဆိုတာလဲ မလွဲမသွေရှိကို ရှိနေရမှာဖြစ်ပါတယ်။ အဲ့ဒီအခြေခံ ဥပဒေဆိုတာကလည်း ပြည်သူလူထုတစ်ရပ်လုံးက ကျေကျေနပ်နပ်လက်ခံ ထားတဲ့အခြေခံဥပဒေ ဖြစ်ရမှာဖြစ်ပါတယ်။

ပဋိဉာဉ်သဘောအရဆိုရင် ပြည်သူလူထုကြီးတစ်ရပ်လုံးက သဘောမတူ၊ ကြိုက်နှစ်သက်မှု မရှိဘူးဆိုရင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ အစိုးရအနေနဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးက သဘောတူ ကျေနပ်သည်အထိ ကျေနပ်လက်ခံတဲ့ အခြေခံဥပဒေနဲ့သာလျှင် ပြည်သူ့ကိုယ်စားလှယ် အစိုးရများက အုပ်ချုပ်စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။

(၁) ပြည်သူများဟာ မိမိတို့ရဲ့ကိုယ်စားလှယ်ကို မိမိတို့စိတ်ကြိုက်ရွေးချယ်ခွင့် ရှိနေရမှာဖြစ်ပါတယ်။

(၂) ပြည်သူ့ကိုယ်စားလှယ် အစိုးရဟာ ပြည်သူတွေက ကျေကျေနပ် လက်ခံထားတဲ့ အခြေခံဥပဒေနဲ့သာလျှင် ပြည်သူလူထုကို အုပ်ချုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာလျှင်ဒီမိုကရေစီ စနစ်ဖြစ်မှာဖြစ်ပါတယ်။

အဲ့ဒီ အချက်နှစ်ချက်ကို ဆန်းစစ်ကြည့်လိုက်မယ်ဆိုလျှင် ဒီမိုကရေစီစနစ်ဟာ အဓိကအားဖြင့် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့အညီ လိုက်ပါဆောင်ရွက်ရတဲ့ နိုင်ငံရေးစနစ် ဖြစ်တယ်ဆိုတာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ပြည်သူတွေမပါဝင်ဘဲ လုံးဝမဖြစ်နိုင်ကြောင်းတွေ့ကြရမှာလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ “ဒီမိုကရေစီအတွက် ပြည်သူများ ဖော်ဆောင်ရွက်” ဆိုတာ အင်မတန်မှမှန်ကန်တဲ့ အချက်ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးဖို့ရာ ပြည်သူများက ဖော်ဆောင်ရမယ်ဖြစ်သလို အဲဒီလိုဖော်ဆောင်ရမဲ့ ပြည်သူလူထုများ ကိုယ်တိုင်ကလည်း စဉ်းစားတွေးခေါ်မှု၊ လူပုဂ္ဂိုလ်ရွေးချယ်မှု အစိုးရနဲ့ပြည်သူအကြား ထားရှိရတဲ့ ပဋိဉာဉ်ဖြစ်တဲ့ အခြေခံဥပဒေရေးဆွဲသတ်မှတ်မှုတွေမှာ မိမိတို့ရဲ့နိုင်ငံ၊ မိမိတို့ရဲ့ပြည်သူပြည်သား တိုင်းရင်းသားများရဲ့ အကျိုးစီးပွားကို အစဉ်အလေးထား ကြရမှာဖြစ်ပါတယ်။ လူတစ်စုရဲ့အကျိုးမဖြစ်စေဘဲ ပြည်သူလူထုရဲ့အကျိုးသာလျှင် ဖြစ်စေရမှာဖြစ်ပါတယ်။

ပြည်သူများဟာ မိမိတို့ရဲ့ ကြမ္မာကိုကိုယ်တိုင် ဖန်တီးရမှာဖြစ်တဲ့အတွက် မိမိတို့ကိုယ်စားလှယ်ကို မိမိတို့စိတ်ကြိုက်ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ အရွေးမမှားဖို့ လိုပါတယ်။

ဒါ့အပြင် မိမိတို့ကို ပြန်လည်စီမံခန့်ခွဲ အုပ်ချုပ်ရမဲ့ ဥပဒေဖြစ်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း မိမိတို့တိုင်းပြည်အကျိုးစီးပွားနဲ့ ယှဉ်ပြီး မိမိတို့စိတ်ကြိုက်ရေးသားကြရမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။