Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဖတ်ကြားသည့် စာတမ်း

“ဒီမိုကရေစီအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်”

ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် တစ်ဦးတစ်ယောက်တည်း နေထိုင်ရှာဖွေ စားသောက်ရာမှ အစုအဖွဲ့ ဖြင့် စုပေါင်းရှာဖွေ စားသောက်ခြင်း၊ ဘေးရန်အန္တရာယ်များကို စုပေါင်းကာကွယ်ခြင်း၊ မျိုးဆက်ပြန့်ပွား ရေး၊ တိုးတက်ကြီးပွားရေးအတွက် နယ်မြေချဲ့ထွင်ခြင်း စသည်တို့လုပ်ဆောင် လာကြရင်းနှင့် လူ့အဖွဲ့အစည်း စီမံခန့်ခွဲမှုပုံစံများ၊ စနစ်များ အမျိုးမျိုး ပြောင်းလဲလာခဲ့ကြသည်။ ထိုမှ ဦးဆောင်မှု အခန်းကဏ္ဍ၊ အခိုင်းအစေခံဘဝ၊ စသည်စသည်ဖြင့် လူမှုအဖွဲ့အစည်း အလွှာများ၊ လူမှုအဖွဲ့အစည်း အား စီမံခန့်ခွဲ ထိန်းကျောင်းမည့် စည်းစံနစ် ပုံစံများ-များစွာ ဖြစ်ပေါ်လာကြသည်။ ယနေ့ခေတ် ကာလတိုင် ကိုးကွယ်ယုံကြည်မှုကို အခြေပြု၍ လည်းကောင်း၊ လူတန်းစားအလွှာကို အခြေခံ၍ လည်းကောင်း၊ မျိုးနွယ်စုများကို ရှေ့တန်းတင်၍လည်းကောင်း၊ လူ့အဖွဲ့အစည်းအား ထိန်းကျောင်းရေး အတွက် မဆုံးနိုင်သော စံနစ်ပုံစံကောင်း ရှာဖွေထုတ်ဖော်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြသည်။ ထိုအခါတွင် လူအများကို ကိုယ်စားပြုသည့် ဒီမိုကရေစီ စကားလုံးကို တွင်တွင်သုံးစွဲ လာကြလေသည်။

ဆိုရှယ်လစ်စနစ်တွင်လည်း ဆိုရှယ်လစ်ဒီမိုကရေစီ၊ ကွန်မြူနစ်စနစ်မှာလည်း လူထုဒီမိုကရေစီ၊ အရင်းရှင်စနစ်မှာဖြင့် လစ်ပရယ်ဒီမိုကရေစီ ဟိုဒီမို ဒီဒီမို စသည်ဖြင့် --- အားလုံးအားလုံးက ဒီမိုကရေစီ စကားလုံးကို ရေလဲဖြင့် သုံးနေကြသည်ကို တွေ့မြင်နေကြရသည်မှာ တစ်ကမ္ဘာလုံး ဒီမိုကရေစီနှင့် ကင်းကွာ၍ မရေသယောင် တွေ့မြင်နေကြရပါသော်လည်း အချို့အချို့သော နေရာများတွင် လူအများ အားနှင့် အနိုင်ကျင့်သည်ကိုလည်း ဒီမိုကရေစီ၊ လူစုလူဝေးနှင့် မတရားမှု ပြုကျင့်သည်ကိုလည်း ဒီမိုကရေစီ၊ သူတစ်ပါးအား နစ်နာထိခိုက်စေမည့် အပြုအမူ ဖြစ်သော်လည်း မိမိအတွက် အကျိုး ဖြစ်ထွန်းမည်ဆိုလျှင် ဤအရာသည် ပုဂ္ဂလိက လွတ်လပ်မှု ဒီမိုကရေစီ စသည်စသည်ဖြင့် ဒီမိုကရေစီ စကားလုံးအား အလွှဲသုံးစားလုပ်သည်များ တွေ့မြင်လာကြရသည်မှာ လူ့ဘောင်အဖွဲ့အစည်း အတွက် စိတ်မချမ်းမြေ့ဖွယ်ရာများ ဖြစ်ပေသည်။

အမှန်ဖြစ်သင့်သည်မှာ ကျွန်ုပ်တို့လူသားတိုင်း၊ နိုင်ငံသားတိုင်းတို့သည် ဒီမိုကရေစီ၏ အခြေခံ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်များ၊ ကျင့်ဝတ်များကို ကျင့်သုံးခြင်း၊ လေးစားလိုက်နာခြင်းဖြင့်သာ မိမိတို့၏ လူ့ဘောင်အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး စည်ပင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။ ဒီမိုကရေစီ၏ ကျင့်စဉ် ကျင့်ဝတ်များဖြစ်သော အများစု၏ တရားနည်းလမ်းကျသော သဘောထားကို လေးစားလိုက်နာခြင်း၊ အနည်းစု၏ သဘောထားကိုလည်း အလေးထားခြင်း၊ အများစု၏ တရားနည်း လမ်းကျသော လွတ်လပ်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ အလေးထားရမည် ဖြစ်သကဲ့သို့ အနည်းစု၏ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးများကိုလည်း ထိပါးမှုမပြုခြင်း စသည်တို့ကို အားလုံးက ကျင့်သုံးလိုက်နာမှသာလျှင် ပီပြင်သော ဒီမိုကရေစီ၏ အနှစ်သာရကို နိုင်ငံသားတိုင်းက ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

ဒီမိုကရေစီသည် ပြည်သူထံက ပြည်သူ့ပါဝင်မှုဖြင့် ပြည်သူအတွက် အလုပ်လုပ်သည့် နိုင်ငံ့အရေး ဖြစ်စဉ်ဟု ဆိုကြပါသည်။ ပြည်သူဟုဆိုရာတွင် တိုင်းရင်းသား လူမျိုးစုများစွာ စုစည်း နေထိုင်နေသော ကျွန်ုပ်တို့နိုင်ငံတွင် တိုင်းရင်းသားအားလုံးတို့ကို ကိုယ်စားပြုသော၊ ကိုယ်စားပြုနိုင် သော ပြည်သူ ဖြစ်ရပါမည်။ ထိုသို့ ကိုယ်စားပြုနိုင်ရေး တိုင်းရင်းသား နိုင်ငံသားအားလုံးက ဒီမိုကရေစီ စိတ်ဓါတ်အရင်းခံ အပြည့်အဝဖြင့် ပါဝင်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှသာလျှင် စည်းလုံးညီညွတ်မှု ခိုင်မာ၍ တိုးတက်ဖွံ့ဖြိုးစည်ပင်သည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကို ရေရှည်တည်တံ့ခိုင်မာအောင် တည်ဆောက်သွားနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်၍ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား အားလုံးတို့သည် မိမိတို့နိုင်ငံသား အားလုံးကို ကိုယ်စားပြုသော ပြည်သူများတွင် ပူးပေါင်းပါဝင်ကြပါစို့။ အများစု၏ သဘောထားသည် အနည်းစုတို့၏ ရပိုင်ခွင့် လုပ်ပိုင်ခွင့် အခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ စသည်တို့ကို မထိပါးစေဘဲ ထိခိုက်နစ်နာမှု မဖြစ်စေဘဲနှင့် ပြည်သူအားလုံးက တရားနည်းလမ်းကျစွာဖြင့် ဒီမိုကရေစီ အနှစ်သာရ ရယူခံစားနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြပါစို့… ဒီမိုကရေစီလူ့ဘောင်သည် ပြည်သူ ကောင်းကျိုးအတွက် ပြည်သူများအားလုံးက ပါဝင်ဆောင်ရွက်သည့် လူ့ဘောင်ဖြစ်အောင်  ကြိုးစား ကြပါစို့ ဟု တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။