Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဖတ်ကြားသည့် စာတမ်း

ဒီနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ခေါင်းစီးသည် “ဒီမိုကရေစီအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်” ဖြစ်သည့်အားလျော်စွာ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်၊ မကြာမီကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲ စသည့်အရေးကြီးသည့် နိုင်ငံတော်အစီအစဉ်များတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပြည်သူများပါဝင်ဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးတို့ကို မိမိတို့ CNDP အနေဖြင့် အထူးတင်ပြဆွေးနွေးလိုပါသည်။

၁။ ယနေ့တိုင်းပြည်တွင် အရေးတကြီး ဆုံးဖြတ်ရန် လိုအပ်လာပြီးဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုဖြစ်စဉ်တွင် ပြည်သူများပါဝင်မှု အခန်းကဏ္ဍ ပိုမိုမြှင့်တင်နိုင်ပါက ယခုထက်ပိုမို ချောမွေ့လိမ့်မည်ဟု ယူဆပါသည်။ ငြိမ်းချမ်းရေးဆွေးနွေး ဆုံးဖြတ်ခြင်းဖြစ်စဉ်တွင် လူပုဂ္ဂိုလ်တစ်ဦးနှင့် ခေါင်းဆောင်တစ်ဦး၊ အုပ်စုတစ်ခုတည်း၏ စိတ်စေတနာနှင့် ဆုံးဖြတ်ချက်အပေါ်တွင် လုံးလုံးလျားလျား မူတည်နေလျှင် တိုင်းပြည်၏အနာဂတ်အတွက် အန္တရာယ်ကြီးမားနိုင်ပါသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုအားလုံးသည် ပြည်သူများ သိရှိနိုင်ရေးနှင့် ပြည်သူများပါဝင် ဆုံးဖြတ်နိုင်မည့် အခင်းအကျင်းနှင့် ယန္တရား (Mechanism) ရှိသင့်ပါသည်။ ဤနေရာမှာ အလျဉ်းသင့်လို့ ကာချုပ်ပြောစကားဖြစ်သော “ ဒီမိုကရေစီ လမ်းကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင်” ဆိုသည့်အပေါ် တစ်ချက်ဆွေးနွေး လိုပါသည်။ တိုင်းရင်းသားများ တော်လှန်ရေးလုပ်နေသည်မှာ “ဒီမိုကရေစီ” သက်သက်မဟုတ်ဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် “ဖက်ဒရယ်ဒီမိုကရေစီစနစ် (Federal Democracy System)” ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဖက်ဒရယ်မပါသော  “ တစ်ပြည်ထောင် ဒီမိုကရေစီစနစ်         (Unitary Democracy System) ” သာရရှိရုံဖြင့် လက်နက်ကိုင် ပြည်တွင်းစစ် မီးငြိမ်းနိုင်မည် မဟုတ်ကြောင်း သတိချက်သင့်ပါသည်။

၂။ ဒီမိုကရေစီအတွက် ပြည်သူများ ပါဝင်နိုင်ရေး အကောင်းဆုံးနည်းလမ်းသည် ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်၏ ကြမ္မာကို ဆုံးဖြတ်ပေးသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ မှန်မှန်ကန်ကန် ကျင်းပပေးမှသာ လူထုဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နိုင်မည်။ တစ်နည်းအားဖြင့် လွှတ်တော်တွင် ပြည်သူများ ၇၅% သာပါဝင်ခွင့်ပေးခြင်းသည်လည်း ပြည်သူများ ဒီမိုကရေစီအတွက် ပိုမိုပါဝင်နိုင်ရေး ဟန့်တားရာရောက်သည်။

၃။ “ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ” ဟုဆိုရာတွင်လည်း သတိထား ဆင်ခြင်သင့် သည်များရှိပါသည်။ အမှန်တကယ် ပြည်သူများသည် (၄-၅)နှစ် တစ်ကြိမ် ရွေးကောက်ပွဲများတွင် မဲပေးခြင်းက လွဲ၍သာမန်အားဖြင့် ဆန္ဒခံယူခြင်း၊ ဆုံးဖြတ်ပိုင်ခွင့်ရရှိခြင်း မရှိပေ။ ထို့ကြောင့် ရွေးကောက်ပွဲတစ်ခုနှင့် တစ်ခုကြားကာလတွင် ပြည်သူ့ဆန္ဒများကို ကိုယ်စားပြုနိုင်သူများသည် လွှတ်တော်အမတ်များ၊ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း(Civil Society) များဖြစ်ကြသည်။

ဤနေရာတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အလေးပေးဆွေးနွေး တင်ပြလိုပါသည်။ အကြောင်းမှာတကယ်တမ်း မူလစီစဉ်သူများ Inter-Parliamentary Union (IPU)၏ ယခုနှစ်ဒီမိုကရေစီနေ့အတွက် ရွေးချယ်ထားသည့် ခေါင်းစီးမှာ “Space for Civil Society” ဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

ထို့ကြောင့်လက်ရှိလွှတ်တော်နှင့် အစိုးရအနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများကို ကြောက်ရွံ့ရှောင်လွဲ ခြင်းမပြုဘဲ ရဲရဲဝံ့ဝံ့ လက်တွဲဆောင်ရွက်သင့်ပါသည်။ ထို့ကြောင့် ပြည်သူကို တစ်စုံတရာ ကိုယ်စားပြုသော အရပ်ဘက်လူ့အဖွဲ့အစည်းများက တင်ပြထားသည်- ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ တောင်းဆိုချက်များ ၊ မျိုးစောင့်ဥပဒေနှင့် ဘာသာရေးဆိုင်ရာ ကန့်ကွက်အကြံပြုတောင်းခံချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ တောင်းဆိုချက်များ၊ ပြည်သူလူထုကို ထိခိုက်နစ်နာစေသည့် အစိုးရစီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ရန် တောင်းဆိုချက်များ၊ ပညာရေး ဥပဒေ ပြင်ဆင်ရေးတောင်းဆိုချက်များ စသည်များကို လွှတ်တော်၊ အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အလေးထား လက်ခံဆောင်ရွက် ပေးသင့်ပါသည်။