Skip to main content

၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပေးပို့သော ဖတ်ကြားသောစာတမ်း

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့ရှင့်

၁။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်တွင် ကျရောက်သည့် ၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဆောင်ပုဒ်ဖြစ်သော “Public Participation For Drmocracy” (ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်)ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပပြုလုပ်နေပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်လည်း ကမ္ဘာ့ဒီမိုကရေစီနိုင်ငံ အဖွဲ့ဝင် ဖြစ်တဲ့ အတွက် ပြည်ထောင်စုလွှတ်တော်ရုံးမှဦးဆောင်ကြီးမှူးကျင်းပသော ဒီမိုကရေစီနေ့ အထိမ်းအမှတ်တွင် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စာတမ်းပေးပို့ခွင့်ရရှိသည့်အတွက်လည်း အထူးဝမ်းသာကျေးဇူးတင်ရှိပါသည်။

၂။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံမှုဖြင့် (၅)နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ (၅)နေရာ၌ အနိုင်ရရှိခဲ့ပါသည်။ ဤသည်မှာ ဒီမိုကရေစီအတွက် ပြည်သူများပါဝင် ဆောင်ရွက်နိုင်သည်ဆိုသော ဒီမိုကရေစီ၏ သက်သေပြချက်ဖြစ်ပါသည်။

၃။ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ဒေသခံပြည်သူများ၊ အဖွဲ့အစည်းပေါင်းစုံများ ပါဝင်လာခြင်း၊ နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်မှုတို့ကြောင့် UNESCO မှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော ရလဒ်ဖြင့် လူသားနှင့် ဇီဝအဝန်းအသိုင်းနယ်မြေ (Man and The Biospher Reserve)အဖြစ် သတ်မှတ်ခံခဲ့ရခြင်းသည် နိုင်ငံတော်အစိုးရနှင့် အင်းသူ အင်းသားများ၏ အောင်ပွဲ၊ တစ်နည်းဆိုရသော် ပြည်သူများပူးပေါင်းပါဝင်လာမှု၏ ရလဒ်ဖြစ်ပါသည်။

၄။ ထို့အတူ ရှေးနှစ်ပေါင်းတစ်ရာကျော်ကတည်းက တူးဖေါ်ခဲ့သည့် ကန်ချောင်း၊ ဆည်မြောင်း များစွာကို နိုင်ငံတော်မှ အသစ်တစ်ဖန်ပြန်လည်တူးဖော်ဆောင်ရွက်ပေးလာနိုင်ခြင်း၊ ဤမြို့နယ်တွင် ကျေးရွာပေါင်း (၄၄၅)ရွာရှိခဲ့ရာ (၅)နှစ်တာကာလအတွင်း ကျေးရွာပေါင်း (၂၄၀)နီးပါးရရှိခဲ့သည်မှာ ပြည်သူများပါဝင်ခဲ့၍ “ပြည်သူ့အောင်ပွဲ” သို့မဟုတ် “ဒီမိုကရေစီ၏ ရလဒ်”ပင်ဖြစ်ပါသည်။

၅။ ယနေ့ကမ္ဘာပေါ်တွင်လည်း ဒီမိုကရေစီကို ပြည်သူများပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူအများအေးချမ်းတည်ငြိမ်စွာနေနိုင်ခြင်းမှာ မည်သူမျှ မငြင်းနိုင်သော ရလဒ်ဖြစ်ပါသည်။

၆။ ပြည်သူအများလိုလားတောင့်တနေသည့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ နိုင်ငံတော်သမ္မတအမှူးပြုသော အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများနှင့်အတူ ၂၀၁၅ ခု၊ မတ်လတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် ပြည်သူလူထုဆန္ဒကို ဖော်ထုတ်ပေး နိုင်ခဲ့ပါသည်။

၇။ သို့ဖြစ်ပါ၍ ၂၀၁၅ ခုနှစ်၊ ဒီမိုကရေစီအထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော “Public Participation For Democracy”(ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်)ဟူသောဆောင်ပုဒ်ကို လက်တွေ့ ဘဝဖြင့်ထင်ဟတ်ပြသရင်း ဒီမိုကရေစီနိုင်ငံတော်ကြီးကို စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြ ပါစို့ဟု ဆန္ဒပြုရင်း အလေးအနက်ဂုဏ်ပြုကြိုဆိုအပ်ပါသည်။