Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ မှ ဖတ်ကြားသည့်စာတမ်း

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အထိမ်းအမှတ်အတွက် စာတမ်းပေးပို့ရန်ဖိတ်ကြားမှုအား မိမိတို့ ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီမှ အထူးပင်ကျေးဇူးတင်ပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အတွက်ဆောင်ပုဒ်မှာ “ဒီမိုကရေစီအတွက် ပြည်သူများပါဝင် ဆောင်ရွက်”(Public Participation for Democracy) ဟူ၍ဖြစ်သည့်အတွက် မြန်မာ့ဒီမိုကရေစီ ရှင်သန်ထွန်းကားနိုင်စေရေးအတွက် နိုင်ငံတော်အနေဖြင့် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်နေမှုနှင့် ကိုက်ညီမှုရှိသည်မှာ မြျားစွာမှ သဘာဝကျ လှပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ကျင့်သုံးနေပြီး အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စတဲ့ မဏ္ဍိုင် သုံးရပ် တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကျောင်းပြီး ချီတက်လုပ်နေသကဲ့သို့ မီဒီယာကဏ္ဏကိုလည်း လွတ်လပ်ခွင့်တွေ ပေးလာပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတာကိုတွေ့မြင်ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးမှာလည်း ပြည်သူများ ပါဝင်ဆောင်ရွက်နေတာကို တွေ့မြင်ရတဲ့အတွက် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေရှည်တည့်တံ့မယ့် ပြည်တွင်းငြိမ်းချမ်း ရေး တည်ဆောက်နိုင်ဖို့အတွက် ဝမ်းမြောက်ဖွယ်အဖြစ်တွေ့မြင်နေရပြီဖြစ်ပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် မဏ္ဍိုင်သုံးရပ်က အပြန်အလှန်ထိန်းကြောင်း သွားနေစဉ်မှာ တရားဥပဒေစိုးမိုရေးသည်လည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဏမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် တရားမျှတမှုဆိုတဲ့ အခွင့် အရေးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ခံစားကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ခံစားကြရမယ့် အကျိုးတရားတွေဖြစ်တဲ့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဒီမိုကရေစီအတွက် ရှေ့ရှုကာပါဝင်လုပ်ဆောင်ရန်လိုအပ်ပါတယ်။ ဒါအပြင် တည်ဆဲဥပဒေ၊ နည်း ဥပဒေများကိုလည်း လေးစားလိုနာတတ်ကြဖို့၊ ကျယ်ပြန့်နှံ့စပ်စွာ သိရှိထားနိုင်ရန်အတွက် လေ့လာ ထားမှုများလည်း အထုးလိုအပ်ပါတယ်။

အဂတိလိုက်စားမှု၊ ခြစားမှု၊လာဘ်ပေးလာဘ်ယူများကိုလည်း အစွမ်းကုန်လျှော့ချပြီး တိုင်းရင်းသားပြည်သူများအား အမှန်တကယ်အလုပ်အကျွေးပြုသော ဝန်ထမ်းကောင်းကျင့်ဝတ်နှင့် အညီ တိုင်းပြည်နှင့် လူမျိုးအပေါ်သစ္စာရှိစွာဖြင့် တာဝန်ခံဆောင်ရွက်ဖို့ဆိုတာ အထူးပင် အရေး ပါကြောင်း ပြောလိုပါတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေစိုးမိုးနိုင်မှုမရှိခြင်း၊ အဂတိလိုက် စားမှုများ များပြားခြင်း၊ လာဘ်ပေးလာဘ်ယူများခြင်းစတဲ့ အကြောင်းတရားတွေ ရှင်သန်ကြီးထွား နေခြင်းသည် အနာဂတ်အထိ အမြစ်တွယ်ရှင်သန်နေမည်ဆိုပါက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အတွက် များစွာနစ်နာနေမှာဖြစ်ပါတယ်။ ဒါအပြင် အခြားတစ်ဖက်မှာလည်း ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အတွက် တစ်စုံတစ်ခုသောအတိုင်းအတာအထိ ဟန့်တားမှုများဖြစ်စေနိုင်တဲ့ ကိစ္စရပ် တွေဖြစ်ပါတယ်။ ဒါတွေကို သိရှိပြီး ပြုပြင်ပြောင်းလဲရေးကို ရဲဝံ့ပြတ်သားစွာစီမံဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းကလည်း နိုင်ငံတော်အား အခွန်ပေးဆောင်ကြရမှာဖြစ်ပါတယ်။ အခွန်တိမ်း ရှောင်မှု၊ အခွန်တိမ်းရှောင်နိုင်တဲ့ လမ်ကြောင်တွေကိုလည်း ထိရောက်စွာ ဟန့်တားနိုင်တဲ့ စီမံမှုတွေကို လုပ်ဆောင်ထားပြီး တိကျစွာဆောင်ရွက်လုပ်ကိုင်သွားရန် လိုအပ်တယ်။အဲဒီလို ကိစ္စရပ် တွေကို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ  တိုင်းပြည်ရဲ့ ဒီမိုကရေစီဖြစ်ထွန်းရှင်သန်းရေးအတွက်ကို  ရှေ့ရှုပြီး တိုင်းရင်းသားပြည်သူများပါဝင်ဆောင်ရွက်ဖို့ဆိုတာ အထူးလိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။

ရေရှည်တည်တံ့မယ့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ယနေ့ကြိုးပမ်း လုပ်ဆောင်နေတာကိုတွေ့မြင်ရပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ လုပ်ငန်းစဉ်များကို သဘောတူစာချုပ်ဆိုတဲ့အတိုင်း ပြီးပြည့်စုံသော အပစ်အခတ်၊ အတိုက်အခိုက် ရပ်စဲရေးဖြစ်ရန်မှာ အထူးလိုအပ်ပါတယ်။ Nationwide ဆိုတဲ့အတိုင်း Nationwide ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်၌ ပြည်သူများ ပါဝင်ဆောင်ရွက်နေမှုတွေသည်လည်း ဒီမိုကရေစီအတွက် ပါဝင်ဆောင်ရွက်နေကြခြင်းများ ဖြစ်ပါတယ်။

နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ပိုမိုပီပြင်စွာ ချီတက်နိုင်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒီမိုကရေစီဖြစ်ထွန်းရှင်သန်ရေး ကျင့်စဉ်များ၊ အလေ့အထများ၊ အမူအကျင့်များ၊ အတွေးအခေါ်များတွေကို ပိုမိုတိုးတက်ဖြစ်ထွန်းလာစေရန်အတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့အပြင် အားလုံးပါဝင်နိုင်ရေးအတွက် အခွင့်အလမ်းများကိုလည်း ခွင့်ပြု၍ ဆောင်ရွက်လုပ်ကိုင်နေကြောင်းတွေ့ရပါတယ်။

ထိုသို့လုပ်ဆောင်မှုတွေသည် ဒီမိုကရေစီဖော်ဆောင်ရေး၊ ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး အတွက် အခြေခံကောင်းများဖြစ်သည့်အလျောက် စဉ်ဆက်မပြတ်ဖြစ် ထွန်းနေဖို့၊ ရှင်သန်ဖွံ့ဖြိုး တိုးတက်နေဖို့ဆိုတာအရေးပါကြောင်း တွေ့မြင်ရပါတယ်။ ဒီမိုကရေစီဖြစ်ထွန်းရှင်သန်ဖို့ဆိုရာမှာ အစိုးရရဲ့ ကြိုးပမ်းမှု၊ လွှတ်တော်ရဲ့ ကြိုးပမ်းမှုတွေသာမက ပြည်သူအများ ပါဝင်ဆောင်ရွက် ကြိုးပမ်းမှသာလျှင် ပိုမိုအောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် “ဒီမိုကရေစီအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်” ဟူသောဆောင်ပုဒ်နှင့်အညီ ပြည်သူတစ်ဦးချင်းစီမှာလည်း တာဝန်ရှိပါတယ်။ ပြည်သူတစ်ဦးချင်းစီက တာဝန်ရှိကြောင်းသိပါမှ တာဝန်သိတတ်မှာဖြစ်ပါတယ်။ တာဝန် သိတတ်မှ သာလျှင် တာဝန်ယူနိုင်မှာဖြစ်ပြီး တာဝန်ယူနိုင်မှာသာ တာဝန်ခံတတ်မှာဖြစ်လို့ ဒီမိုကရေစီ အတွက် ရှေ့ရှုကာ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး၊ နိုင်ငံချစ်စိတ်ရှိသော နိုင်ငံတော်အတွက် အားကိုး အားထားရမဲ့ ပြည်သူများအဖြစ် ပါဝင်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်ခြင်းဖြင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ဂုဏ်ပြုကြိုဆိုပါကြောင်းမိမိတို့ ဓနုတိုင်းရင်းသား၊ လူမျိုးများဒီမိုကရေစီပါတီမှ ကောင်းမြတ်သော၊ မှန်ကန်သောနိုင်ငံရေးဆန္ဒတို့ဖြင့် ဤစာတမ်းအားပေးပို့အပ်ပါသည်။