Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဖတ်ကြားသည့် စာတမ်း

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်” “Public Participation for Democracy” နဲ့အညီ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများ အနေဖြင့် ဒီမိုကရေစီ၏ အခြေခံသဘောတရားကို လက်တွေ့အကောင်အထည်ဖော်သည့် အနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်သွားဖို့ ဦးစွာမဏာမ ပြောကြားလိုပါတယ်။

မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပါတီစုံဒီမိုကရေစီစနစ်သို့ သိမ်မွေ့ညင်သာစွာ ကူးပြောင်းလျက်ရှိနေပြီး မိဘပြည်သူများမှ ဆန္ဒမဲပေးရွေးချယ်သည့် ပြည်သူကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီ အလေ့အကျင့်များ ရင့်သန်ခိုင်မာအားကောင်းစေရေး ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါလည်း ဖြစ်ပါတယ်။

မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် မရှေးမနှောင်း ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့နှင့် အာဖရိကနိုင်ငံအချို့တို့တွင် ကျဉ်းမြောင်းလွန်းသည့် လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေး၊ ဂိုဏ်းဂဏစွဲများရှေ့တန်းတင်မှုကြောင့် ပဋိပက္ခများ ဖြစ်ပွားကာ ပြည်တွင်းစစ်မီးများ တောက်လောင်လျက်ရှိနေပြီး ၎င်းနိုင်ငံများနေ ပြည်သူများသည် အတိဒုက္ခရောက်လျက် ရှိနေသည်ကို ဝမ်းနည်းဖွယ်ရာ မြင်တွေ့ကြားသိနေရပါတယ်။ စနစ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍမှာ အလွန်ပင် အရေးကြီးလှပါတယ်။ ပြည်သူများ ပူးပေါင်းပါဝင်မှု အားကောင်းလျှင် အသွင်ကူးပြောင်းမှု အဆင်ပြေချောမွေ့မည်ဖြစ်ပြီး ပြည်သူများပူးပေါင်းပါဝင်မှု အားနည်းလျှင်တော့ ပြည်တွင်းစစ် ပဋိပက္ခများ၊ သွေးထွက်သံယိုမှုများနှင့်သာ ဝမ်းနည်းဖွယ် ရင်ဆိုင်ကြုံတွေ့ကြရမှာ မလွဲဘူးဆိုတာကိုတော့ အတိတ်ရဲ့ သင်ခန်းစာများ ယခုမျက်မှောက်ခေတ် နိုင်ငံတကာ အရေးအခင်းများ အခြေအနေများက သက်သေပြနေပါတယ်။

အများပြည်သူလူထု၏ သဘောဆန္ဒများကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရားဖြစ်သည့်အားလျော်စွာ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲ မိမိတို့နိုင်ငံသည်လည်း ယခုနှစ် ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်” ဆိုသည့်ဆောင်ပုဒ် နှင့်လိုက်လျောညီထွေဖြစ်စေမည့် လတ်တလောကိစ္စရပ်ကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံးက ဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေစီအတွက် ပြည်သူများက ပါဝင်ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရများကို ဖော်ဆောင်ဖို့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဆန္ဒမဲပေးခြင်းဖြင့် မိမိတို့ပြည်သူကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များမှတဆင့် သက်ဆိုင်ရာ လွှတ်တော်အရပ်ရပ်နှင့် အစိုးရအဖွဲ့များကို ရွေးကောက်တင်မြှောက်ပေးသွားမှာ ဖြစ်ပါ တယ်။ ပြည်သူများဆန္ဒမဲပေးခြင်းသည် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တာဝန်ပေးအပ် လိုက်ခြင်းသာမက အစိုးရတစ်ရပ်ဖွဲ့စည်းတာဝန်ပေးအပ်ရေးအထိ အကျိုးသက်ရောက်မှုရှိနေသဖြင့် ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ကြရမှာ ဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်အောင်မြင်မှသာ စစ်မှန်သည့် ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ပြည်သူတို့ ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်များကိုလည်း ဒီမိုကရေစီ၏ သဘောသဘာဝ နှင့်အညီ အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် နိုင်ငံတော်အကျိုး ဒေသအကျိုး ဆောင်ရွက်စေရေး စောင့်ကြည့်ထိန်းကျောင်း သွားဖို့ကိုလည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းကာစ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ သက်တမ်းနုနယ် သေးသည့်အားလျော်စွာ ရရှိထားသော ဒီမိုကရေစီလမ်းကြောင်းများ၊ ဒီမိုကရေစီအခွင့်အရေးများ ပိုမိုကြီးထွားရင့်သန် ခိုင်မာလာပြီး ဒီမိုကရေစီအမြစ်တွယ်လာစေရေးအတွက် ဒီမိုကရေစီကို ထိခိုက်ပျက်စီးစေမည့် အပြုအမူများ အပြောအဆိုများကို ရှောင်ရှားပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးက ဒီမိုကရေစီထွန်းကားရေး အသိတရား သတိတရားများဖြင့် ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း မိမိတို့ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ မှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။