Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဖတ်ကြားသည့် စာတမ်း

ယနေ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့သည် ထူးခြားသော နိုင်ငံရေးအဓိပ္ပာယ် သက်ရောက်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် ၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာလ (၈) ရက်နေ့တွင် မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ပါသည်။

ဒီမိုကရေစီသို့သွားရာလမ်းတွင် ရွေးကောက်ပွဲလမ်းကို ဖြတ်သန်းရမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲ လမ်းကြောင်းကို ငြင်းပယ်သူသည် နိုင်ငံရေးအရ မည်သူဖြစ်သနည်း။ မြန်မာနိုင်ငံသမိုင်းကို လေ့လာကြည့်လျှင် ၁၉၄၇ ခုနှစ်က ကျင်းပခဲ့သော တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် လက်ဝဲစွန်းအလံနီ ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးနှင့် လက်ယာခေါင်းဆောင်များဖြစ်သော ဂဠုန်ဦးစော စသည်တို့က သပိတ်မှောက်ခဲ့ကြပါသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကျင်းပခဲ့သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သူများသည် ပြည်သူလူထုအား မဲမပေးရန် ဟစ်အော်ခဲ့ကြပါသည်။ လှုံ့ဆော်ခဲ့ကြသည်။ သို့ကလို လုပ်ရပ်များသည် ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်ဖြစ်သော Public Participation For Democracy (ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်) နှင့် ဆန့်ကျင်ကွဲလွဲနေပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မဲဆန္ဒပေးခြင်းဖြင့် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဒီမိုကရေစီအရေးအတွက် ပြည်သူများပါဝင်ဆောင်ရွက်မှသာ ပြည်သူတို့ထံသို့ အာဏာသက်ဆင်းရမည်ဆိုသော ဒီမိုကရေစီ၏ အခြေခံမူသည် ရှင်သန်မည်ဖြစ်ပါသည်။

ယနေ့မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု အဆင့်သာရှိသေးသဖြင့် ရွေးကောက်ပွဲသည် ပုဂ္ဂိုလ်တစ်ဦးအာဏာရရှိရေး အစိုးရဖြစ်ရေးအတွက် အဟုတ်ပဲ မြန်မာနိုင်ငံသမိုင်းတွင် ဥဒါန်းတွင် ရစ်လောက်အောင် စနစ်သစ်ပြောင်းလဲရေးအတွက် အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

လူ့အခွင့်အရေးကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ပြည်သူများအင်တိုက် အားတိုက်မဲရုံများသို့ ချီတက်ကြပြီး မိမိတို့အကျိုးစီးပွားနှင့် နိုင်ငံအရေးအရာကို စေတနာမှန်လုပ်ဟန်မှန်ဖြင့် ဆောင်ရွက်ပေးကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒပြုမဲပေးကြရန် လိုအပ်ပါသည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇဝင်များကို မဲပေးမည့်ပြည်များ အနေဖြင့်လည်း သေချာစွာလေ့လာရန် လိုအပ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ နောက်ကြောင်းရာဇဝင်နှင့် မျက်မှောက်ကာလ စွမ်းဆောင်မှုကို သိရှိမှသာ မိမိတို့မြို့နယ်၏ အကျိုးစီးပွားနှင့် နိုင်ငံ၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြောင်းလဲနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို လူမှန်နေရာမှန် နေရာချထားနိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်နိုင်ရန် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှတဆင့် ပြသရမည်ဖြစ်ပါသည်။ ယနေ့အမျိုးသားရေး လိုအပ်ချက်ကိုလည်း ရွေးကောက်ပွဲမှတဆင့် ပြသရမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲကျင်းပခြင်းသည် မိမိနှင့် မိမိပါတီအာဏာရရှိရေးအတွက် ပါဝင်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ဦးတည်လှုပ်ရှားရေးကိုလည်း မျက်ခြေမပြတ်သင့်ကြောင်း တင်ပြရင်း အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ၏ စာတမ်းကို တင်သွင်းအပ်ပါသည်။