Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ကရင်ပြည်သူ့ပါတီက ဖတ်ကြားသည့်စာတမ်း

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်သားညီအစ်ကို မောင်နှမ အားလုံးသည် မိမိတို့ရဲ့ဘဝရှင်သန်ရပ်တည်ရေးအတွက် အခြေခံဖြစ်သော စားဝတ်နေရေး အရေးသုံးပါး အဆင်ပြေချင်သကဲ့သို့ လွတ်လပ်၍ တရားမျှတပြီး တန်းတူညီမျှသော လူမှုပတ်ဝန်းကျင်တွင် ကိုယ်စိတ်(၂)ပါး ကျန်းမာချမ်းသာစွာ ကောင်းမြတ်သော ပတ်ဝန်ကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာတည်သ၍ ဆက်လက်ထိန်းသိမ်းကာကွယ် စောင့်ရှောက် သွားစေလိုကြပါသည်။

ကျွနု်ပ်တို့ မိဘဘိုးဘွားအစဉ်အဆက်မှသည် ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ကြသော မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် နိုင်ငံရေးဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုလျှင်-

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံးသည် သမိုင်းဦး ဘုံမြေခေတ်မှသည် မြေရှင်ပဒေသရာဇ်တို့၏ မင်းအဆက်ဆက် အုပ်ချုပ်မှုအောက်တွင် အတူတကွနေထိုင် လာခဲ့ကြရာမှ ကိုလိုနီနယ်ချဲ့တို့၏ အုပ်ချုပ်မှုတွင် နှစ်ပေါင်း (၁၀၀) ကျော် သူ့ကျွန်ဘဝက ကျရောက်ခဲ့ကြပါသည်။ နယ်ချဲ့နှင့်ဖက်ဆစ်တို့၏ ကိုလိုနီစနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး သူ့ကျွန်ဘဝက လွတ်မြောက်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ တိုင်းရင်းသား ပြည်သူများအားလုံး တခဲနက်ပူးပေါင်းပါဝင်ပြီး အသက်၊ သွေး၊ ချွေး မြောက်မြားစွာနှင့် ရင်းနှီးခဲ့ရပြီးသည့်နောက် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါသည်။ ဤအရာသည် တိုင်းရင်းသားပြည်သူများအားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်လိုသော ပြင်းပြသည့် စိတ်ဆန္ဒနှင့် လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် လွတ်လပ်ရေးအတွက် စည်းလုံးညီညွှတ်သောအားနှင့် အတူတကွ ပူးပေါင်းပါဝင်မှုကြောင့် ရလဒ်အဖြစ် “လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံ” အဖြစ် အမ္ဘာ့အလည်မှာ ပေါ်ထွန်းလာခဲ့ခြင်းကို သမိုင်းသာဓကအနေဖြင့် မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။

လွတ်လပ်ရေးရပြီးသောအခါမှာ “ပင်လုံညီလာခံ” မှ ချမှတ်သော တစ်နည်း “ပင်လုံစာချုပ်” ကို အခြေခံပြီး တိုင်းရင်းသားများအားလုံး စုပေါင်းပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ထူထောင်ရန်အတွက် ထိုခေတ်ထိုအခါက မြန်မာ့နိုင်ငံရေးကို ဦးဆောင်သူများ ဆက်လက်ကြိုးပမ်းကြပါသည်။ လွတ်လပ်ရေးရပြီးစ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရာတွင် တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံး၏ အကျိုးစီးပွားအတွက် ၎င်းတို့၏ သဘောဆန္ဒကို ရယူပြီးလွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူရည်တူရှိမှုအပေါ် အခြေခံပြီး စစ်မှန်သော ပြည်ထောင်စုအဖြစ် ပီပီပြင်ပြင် မတည်ဆောက်နိုင်ခဲ့ပေ။ တိုင်းရင်းသားအချင်းချင်း သံသယများနှင့် လွတ်လပ်ရေးရပြီးသော်လည်း နှစ်ပေါင်း (၆၀) ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ များကြောင့် တိုင်းပြည်ထူထောင်ရေးလုပ်ငန်းမှာ အနှောက်မယှက် အဟန့် အတားများ ဖြစ်ခဲ့ရပါသည်။ ခေတ်အဆက်ဆက် တိုင်းပြည်ကို အုပ်ချုပ်လာသော အစိုးရများအနေနှင့်လည်း တိုင်းပြည် ထူထောင်ရေး လုပ်ငန်းတိုင်းတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှု အားနည်းသည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားလာသည့်အတွက် နှစ်ပေါင်း (၆၀) ကျော် ကြာလာ သောအခါ အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လိုက်လျှင် တိုင်းပြည်ဖွ့ံ့ဖြိုးမှုများစွာ နောက်ကျကျန်ခဲ့ ရပါတော့သည်။

ယနေ့အချိန်အခါတွင် ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေးအခြေနေများနှင့်အတူ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာများ တိုးတက်လာသည်ကို တွေ့မြင်နေရပါသည်။ နိုင်ငံတကာနှင့်ယှဉ်၍ မိမိတို့နိုင်ငံကို ပြန်လည်ထူထောင်ရန်အတွက် တိုင်းပြည်တစ်ဝှမ်းလုံးမှာရှိကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၏ဘဝ အေးချမ်းသာယာပြီး တပြေးညီဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်သော ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကြိုးပမ်းခြင်းဖြင့် လက်နက်ကိုင် ပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားရန် ဦးစွာဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဦးတည်သော ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်သော၊ လူထုအခြေပြု ဒီမိုကရေစီစနစ်ကို အခြေခံသော ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တိုင်းပြည်ကို တည်ဆောက်မှသာလျှင် နောင်အနာဂတ် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လူမှုဘဝကို ကာကွယ်စောင့်ရှောက်ပြီး တိုင်းရင်းသားအားလုံးနှင့် ပြည်သူတစ်ရပ်လုံး၏ ဘဝလုံခြုံစိတ်ချရမှာ ဖြစ်ပါသည်။

          အကယ်စင်စစ် “ဒီမိုကရေစီကျင့်စဉ်” ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ဆန္ဒနှင့်အခွင့်အရေးကို အပြန်အလှန် အသိအမှတ်ပြုပြီး လူ့အဖွဲ့အစည်းအတွင်း မတူညီမှု၊ ကွဲပြားမှုများကို လက်ခံသဘောပေါက်ပြီး ငြိမ်းချမ်းသောနည်းနှင့် အချင်းချင်းအပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသော ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ကျင့်စဉ်တစ်ရပ်ပင် ဖြစ်ပါသည်။ အကြမ်းဖက်နည်းကို ရှောင်၍ လက်နက်ကိုင်ပဋိပက္ခ လုံးဝကင်းစင်သော လူ့ဘောင်လောကကို အများပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပြည်သူ့အကျိုးစီးပွားကို အလေးထားဆောင်ရွက်သည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် စီမံခန့်ခွဲသည့် စနစ်ဟုဆိုနိုင်ပါသည်။ ဤနေရာတွင် ဒီမိုကရေစီစနစ်ကျင့်သုံးရာ၌ ပြည်သူလူထု၏ အခန်းဏ္ဍနှင့် ပြည်သူတစ်ရပ်လုံး၏ ပူပေါင်းပါဝင်မှုသည် အလွန်အရေးပါလှပါသည်။ ဒီမိုကရေစီစနစ်၏ အောင်မြင်မှုကို အတိုင်းအတာအထိ ပူးပေါင်းပါဝင်စေနိုင်သည်၊ မည်သည့်အတိုင်းအတာအထိ ခွင့်ပြုထားသည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းထားမှုအောက်တွင်၊ ပြည်သူတစ်ရပ်လုံးက မည်မျှပူးပေါင်း ပါဝင်နိုင်ကြသည်ဆိုသည့် အပေါ်တွင် တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုရေချိန်ကို တိုင်းတာရမည် ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ ဒီမိုကရေစီစနစ်နှင့် ကျင့်စဉ်သည် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေသည့် စနစ်ဟု အမှန်တယ်ယုံကြည်သည် ဆိုပါက တိုင်းပြည်ကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ဆန္ဒနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲနှင့် မိမိတို့စိတ်ကြိုက်လွတ်လပ်စွာ ရွေးချယ်ပေးရပေမည်။ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ဖော်ဆောင်ပေးလိုသော ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သော ပြည်သူလူထုအား သတင်းမှန်ဖြန့်ချိပေးသည့် မီဒီယာများအပါအဝင် နိုင်ငံရေးပါတီ၊ လူထုလူတန်းစား လူမှုအဖွဲ့အစည်းများအားလုံးသည် ပြည်သူလူထု၏ ဆန္ဒကို အလေးထား၍ မှန်းကန်သော အသိပညာများပေးလျက် ပြည်သူ့အတွက် ဖြောင့်မတ်သော ဒီမိုကရေစီစိတ်ထား အသီးသီးရှိရန် အလွန်အရေးကြီးပါသည်။

ပြည်သူလူထုများအနေနှင့်လည်း မိမိတို့၏အကျိုးအပါအဝင် တိုင်းပြည်နှင့်လူမျိုး၏ အကျိုးကို အမှန်တကယ် သယ်ပိုးမည့်မိမိတို့၏ ကိုယ်စားလှယ်များကို ရွေးချယ်ရလျှင် ပုဂ္ဂလဓိဋ္ဌာန်နှင့်မရွေးဘဲ ဓမ္မဓိဋ္ဌာန်ကျကျ အသိဉာဏ်နှင့် စဉ်းစားဆုံးဖြတ်၍ ရွေးချယ်ရပေမည်။ မိမိနှင့်ဆွေမျိုးတော်စပ်သူ၊ မိမိနှင့်နီးစပ်သည့် အုပ်စုအဖွဲ့အကျိုးစီးပွားအတွက် သာမက ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးမည့် သီလနှင့်ပညာပြည့်ဝသူ၊ လူကောင်း၊ လူတော်၊ လူမှန်ကို ရွေးချယ်ရပေမည်။ ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်သူ၊ စိတ်ကောင်းစေတနာကောင်းရှိသူ ကိုယ်ကျင့်တရားကောင်းမွန်သူသည် သီလရှိသူဖြစ်ပြီး ရပ်ရွာတိုင်းပြည်နှင့် လူမျိုး၏အကျိုးအတွက် အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး နိုင်ငံတကာနှင့်ယှဉ်၍ တိုင်းကျိုးပြည်ကျိုးကို ဆောင်ရွက်နိုင်သူ ပညာပြည့်ဝသူကို လူမှန်နေရာမှန်ရွေးချယ်ပေးရပေမည်။

ထို့ပြင် ပြည်သူလူထုတစ်ရပ်လုံးမှလည်း မိမိတို့၏ ကျွမ်းကျင်သည့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ဘက်ပေါင်းစုံမှ တိုင်းပြည်၏ တည်ဆောက်ရေးလုပ်ငန်းတွင် နိုးကြားတက်ကြွစွာ ပါဝင်ရန်လိုအပ်ပါသည်။ ထိုနည်းတူ တိုင်းသူပြည်သားတို့၏ လိုက်နာကျင့်သုံးရမည် စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်များနှင့်အညီ ကျင့်ကြံနေထိုင်ကြမှသာလျှင် ဒီမိုကရေစီစနစ်အား အကောင်အထည်ဖော် ဆောင်နိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် အမိမြန်မာပြည်ကြီး တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်ရန် အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော်လည်း ပြည်သူများပူးပေါင်းပါဝင်မှု အားနည်း၍သော်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်း၍သော်လည်းကောင်း လွတ်လပ်ရေးရပြီးသော်လည်း နှစ်ပေါင်း (၆၀) ကျော်ကြာတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ  ကျန်ရစ်ခဲ့သော သာဓကကို သင်ခန်းစာယူလျက် ယနေ့အချိန်အခါတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် တက်ညီလက်ညီ လုပ်ဆောင်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။