Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် တအောင်း(ပလောင်)အမျိုးသားပါတီက ဖတ်ကြားသည့်စာတမ်း

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ အခုလိုစာတမ်းဖတ်ကြားခွင့်ရတဲ့အတွက် တအာင်း(ပလောင်)အမျိုးသားပါတီအနေနဲပ များစွာမှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

၂၀၁၅ ခုနှစ် နိုင်ငံတကာ ဒီမိုကရေစီနေ့အထိမ်းအမှတ်စာတမ်းဖတ်ဖို့အတွက် ပေးထားတဲ့ “ဒီမိုကရေစီ အတွက် ပြည်သူများပါဝင်ဆောင်ရွက်”ဆိုတဲ့ ခေါင်းစဉ်နဲ့အညီဘဲ ကျွန်တော်နိဒါန်းပိုင်းမှ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အတူ ပြည်သူရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံများအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို စတင်ဖတ်ကြားဆွေးနွေးလိုပါတယ်။

လူကြီးမင်းများသိပြီးဖြစ်တဲ့အတိုင်း ပညာရှင်များရဲ့ ဒီမိုကရေစီအပေါ်အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ဂရိ ဘာသာစကား “Demo” ဆိုတဲ့ “ပြည်သူလူထု”နှင့် “Kratos”ဆိုတဲ့ “အုပ်ချုပ်ခြင်း” စကားလုံးနှစ်ခု ပေါင်းစပ်ထားပြီး “ပြည်သူ့အုပ်ချုပ်သည့်စနစ်”လို့အဓိပ္ပာယ်ရတဲ့ “ဒီမိုကရေစီ”ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားတာဖြစ်လို့ ဒီစနစ်မှာ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု(Participation)ဟာ အလွန်ကိုအရေးကြီးပါတယ်။

ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလို့ပြောမယ်ဆိုရင် ယခင်ဒီမိုကရေစီကို ကျင့်သုံးတဲ့အချိန်တုန်းက ပြည်သူတွေတိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်တဲ့ ပုံစံမျိုးဖြစ်တဲ့ ဒီမိုကရေစီစနစ်ကိုကျင့်သုံးကြပေးမယ့် အခုလက်ရှိအချိန်ကာလမှာ နိုင်ငံတွေကြီးမားကျယ်ပြန့်လာသည့်နှင့်အမျှ နိုင်ငံအတွင်းမှာရှိတဲ့ လူတန်းစားအလွှာစုံ လူမျိုးစုံနဲ့ နေရာဒေသ အသီးသီးကနေပြီး လူတွေအားလုံးလာရောက်ပြီး အစိုးရရဲ့အုပ်ချုပ်မှုစနစ်ထဲမှာ တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်ဖို့ခက်ခဲလာတဲ့အတွက် အားလုံးတွင်တွင်ကျယ်ကျယ်နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာ ကျင့်သုံးလာကြတာဖြစ်ပါတယ်။ ဆိုရင် “ကိုယ် စားပြု ဒီမိုကရေစီ စနစ်”မှာ ပြည်သူလူထုရဲ့ပါဝင်မှုနဲ့ ဆောင်ရွက်မှုအခန်းကဏ္ဏတွေကလည်း ဘယ်လိုလည်း၊ ဘယ်လောက်ထိအရေးပါလဲဆိုတဲ့ စကားလုံးတွေဟာ နိုင်ငံအလိုက် နိုင်ငံတကာက သတ်မှတ်ကြတဲ့ ဒီမိုကရေစီစံနှုန်းအပေါ် လိုက်နာကျင့်သုံးနိုင်မှုနဲ့ နိုင်ငံအလိုက် ဥပဒေအရအဓိပ္ပာယ် ဖွင့်ဆိုပြီး လိုက်နာကျင့်သုံးမှုမှာ မူတည်နေတယ် အကျိုးသက်ရောက်မှုရှိနေတယ်လို့ တင်ပြလိုပါတယ်။

ဆိုရင် “ကိုယ် စားပြု ဒီမိုကရေစီ” လို့ပြောတဲ့ လက်ရှိကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ “ဒီမိုကရေစီ” စနစ်မှာ မဖြစ်မနေ ပြည်သူလူထုတွေ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြစ်မယ့် လုပ်ငန်းစဉ်တွေကော ဘာတွေဖြစ်နိုင်မလဲ-

(၁) မိမိသဘောကျနှစ်သက်သည့် အုပ်ချုပ်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်(အစိုးရ)အား လွတ်လပ်စွာ ရွေးချယ်နိုင်မှု

(၂) မိမိကိုယ်တိုင် နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တရားအဖြစ်သတ်မှတ်ထားတဲ့ အစိုးရအဖွဲ့ဝင်အဖြစ် လွတ်လပ်စွာ အရွေးချယ်ခံပါဝင်လုပ်ဆောင်မှု

(၃) မိမိတို့ရသင့်ရထိုက်တဲ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးအတွက် တောင်းဆိုတင်ပြနိုင်မှု၊ ဆန္ဒဖော်ထုတ်နိုင်မှု

(၄) နိုင်ငံ့အကျိုးစီးပွားအတွက် အစိုးရရဲ့ လုပ်ငန်းစဉ်တွေအဆင်ပြေချောမွေ့မှုဖို့နဲ့ လူထုအကြား ကဏ္ဏအလိုက်အသိအမြင်နိုးကြားလာပြီး စနစ်တကျပူးပေါင်းပါဝင်လာနိုင်စေဖို့အတွက် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်မှုနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်မှု

(၅) နိုင်ငံသားတိုင်း နိုင်ငံအကျိုးစီးပွားအတွက် တာဝန်ခံနိုင်မှုနှင့် တာဝန်ယူမှု

စတဲ့အချက်တွေဟာ အခြေခံအားဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ပြည်သူလူထုတွေ ပူးပေါင်းဆောင်ရွက် ရမဲ့အချက်တွေဖြစ်ပါတယ်လို့ ယူဆပါတယ်။ အဲဒီအပေါ်မှာ ပြည်သူလူထုတွေ စနစ်တကျ ဘယ်လို ပူးပေါင်း ပါဝင်ကြမလဲ ဆိုတာကလည်း အင်မတန်မှ အရေးကြီးတယ်လို့ ထင်ပါတယ်။

မိမိသဘောကျနှစ်သက်သည့် အုပ်ချုပ်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်(အစိုးရ)အား လွတ်လပ်စွာ ရွေးချယ်နိုင်ရေးအတွက် ဒီမိုကရေစီနိုင်ငံတွေမှာ မဖြစ်မနေလုပ်ဆောင်ကြတာကတော့ နိုင်ငံအလိုက် တစ်နိုင်ငံလုံး တစ်ချိန်တည်းပြုလုပ်ကျင်းပတဲ့ ရွေးကောက်ပွဲ(Election)ပါ။ အဲဒီမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ပါတီ၊ ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ နိုင်ငံအပေါ်မှာ ထားရှိတဲ့ မူပေါ်လစီနဲ့ အမြင်တွေကို ကြည့်ပြီးတော့ ကိုယ်ကြိုက်နှစ်တာကို လွတ်လွတ်လပ်လပ်မဲပေးရွေးချယ်ပြီး ပူးပေါင်းပါဝင်ကြတာပါ။ ကိုယ်ကိုယ်တိုင်လည်း ဝင်ရောက်အရွေးချယ်ခံလိုတဲ့ ဆန္ဒရှိမယ်ဆိုရင် ပါဝင်ရွေးချယ်ခံပိုင်ခွင့်တွေလည်း ရှိနေရမယ်။ ဒါဟာ လူထုလိုလားတဲ့ အစိုးရတစ်ရပ်ဖြစ်လာဖို့အတွက် ပြည်သူလူထုအားလုံးရဲ့ အဓိကအရေးကြီးတဲ့ ပူးပေါင်းပါဝင်မှု တစ်ခုပါ။ ဒါကြောင့်ဒီအပေါ်မှာ စီမံခန့်ခွဲတဲ့ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ အစိုးရအဖွဲ့တွေအတွက် လွတ်လပ်မျှတပြီး အများ လက်ခံနိုင်တဲ့ရွေးကောက်ပွဲ ဖြစ်အောင်လုပ်ဆောင်နိုင်ဖို့ဆိုတာလည်း အင်မတန်မှ အရေးပါပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ခုလုံးနှင့် ချီပြီး ပြုပြင်ရမယ့်ကိစ္စတွေ၊ ပြည်သူလူထုဆန္ဒဖြင့် သဘောတူညီ မှုဖြင့် မဖြစ်မနေ ရယူပြီးမှသာလျှင်ဆုံးဖြတ်ရမယ့် ကိစ္စ(ဥပမာ - ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဥပဒေအရ လုပ်ဆောင်ရမည်ဟု သတ်မှတ်ထားခြင်း)တို့တွင် လူထုဆန္ဒခံယူပွဲ တွေပြုလုပ်တဲ့ အချိန်တွေမှာဆိုရင်လည်း နိုင်ငံအကျိုးအတွက် အမှန်တစ်ကယ်ဖြစ်သင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ထုတ်ပြီး သဘောထားပေးနိုင်ဖို့ဆိုတာလည်း နိုင်ငံသားတိုင်း၊ လူထုတိုင်းရဲ့ အရေးကြီးတဲ့ပူးပေါင်းပါဝင်မှုတွေပါ။

နိုင်ငံတစ်နိုင်ငံမှာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိဖို့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းပြီး လုပ်ဆောင်စေတာဖြစ်တဲ့အတွက်အဲဒီအစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေမှာလူထုရဲ့ အကျိုးစီးပွားတွေ၊ လူမှုရေးရာကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အရေးအရာကိစ္စတွေနဲ့ မတူကွဲ ပြားတဲ့ လူမျိုးနွယ်စုတွေ အချင်းချင်းကြား သင့်မြတ်စည်းလုံးစွာနဲ့ နေနိုင်ရေးအတွက် လိုအပ်တဲ့ တန်းတူညီမျှမှုတွေကို ထားရှိ လုပ်ဆောင်နိုင်ဖို့ လူထုတွေက စနစ်တကျတောင်းဆိုတင်ပြတာ၊ ဆွေးနွေးဟောပြောကြတာ၊အဆုံးစွန်လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတာတွေကအစ ဒါတွေဟာ ဒီမိုကရေစီ နိုင်ငံတစ်ခုမှ အစိုးရရဲ့လုပ်ငန်းတွေကို စနစ်တကျ မှန်မှန်ကန်ကန်နဲ့ အကောင်အထည်ဖော်လုပ်ဆောင်ပေးနိုင်ဖို့အတွက် ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ စနစ်ကျဖို့နဲ့ မှန်ကန်သော လုပ်ဆောင်မှုတွေဖြစ်ဖို့ကတော့ ပြည်သူရော အစိုးရမှာပါ တာဝန်ရှိကြပါတယ်။

ဒါတွေအားလုံးကို စနစ်တကျလုပ်ဆောင်နိုင်ဖို့၊ မှန်မှန်ကန်ကန်ဖြစ်ဖို့၊ အချိန်နဲ့ ဘဏ္ဍာငွေ ချွေတာနိုင်အောင်နဲ့ အစိုးရရဲ့ ယန္တရားတွေကို အထောက်အကူဖြစ်လာနိုင်စေဖို့ ကူညီပံ့ပိုးပေးမည့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (Civil Society Organization(CSO)), Community Base Organization(CBO), Non-Government Organization (NGOတွေရဲ့ အခန်းကဏ္ဏဟာလည်း အရေးပါပါတယ်။ စေတနာဝန်ထမ်းအဖွဲ့တွေ၊ ဆိုင်ရာကဏ္ဏအလိုက်ဖွဲ့စည်းထားကြတဲ့  လူထုအကျိုးပြု အသင်းပင်းအဖွဲ့အစည်းတွေဟာ ပုံစံမျိုးစုံနဲ့ ကဏ္ဏတိုင်းမှာလူထုတွေ စနစ်တကျသိရှိပြီး ပါဝင်လာနိုင်ဖို့ အတွက် ကူညီပေးနေကြတာပါ။ ဒီအသင်းပင်းအဖွဲ့အစည်းတွေမှာ လူထုတွေ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်းဖြင့် ဆွေးနွေးပွဲတွေမှာ တက်ရောက်ဆွေးနွေးနိုင်ခြင်းဖြင့် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းဖြင့် လူထုတွေဟာ ဒီမိုကရေစီနိုင်ငံတစ်ခုပီပြင်လာအောင် ပူးပေါင်းပါဝင်ပေးရမှာပါ။

ဒီမိုကရေစီနိုင်ငံအဖြစ် ခံယူထားတဲ့နိုင်ငံတိုင်းမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန်အရေးပါပါတယ်။ အဲဒီမှာ လူထုပူးပေါင်းပါဝင်မှုဆိုတဲ့နေရာမှာ လူထုအနေနဲ့ တာဝန်ခံမှု  တာဝန်ယူမှု ဆိုတာကလည်း အရေးပါပါတယ်။ ကိုယ်တိုင်က ဥပဒေအရ သတ်မှတ်ထားတဲ့ အခွန်တွေ ပေးဆောင်ဖို့ လူထုအကျိုးပြုဥပဒေတွေကို စနစ်တကျလိုက်နာဖို့ ဆိုတာတွေကလည်း ပြည်သူလူထုတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ စနစ်တကျ ပူးပေါင်းပါဝင်မှုတွေဘဲ ဖြစ်ပါတယ်။

ဒီမိုကရေစီအလေ့အထ ရှင်သန်လာတာနဲ့အမျှ၊ ရင့်ကျင့်လာတာနဲ့အမျှ ကောင်းမွန်တဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုတွေဖြစ်တဲ့ (Democratization) ထွန်းကားလာတာနဲ့အမျှ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု တွေဟာ ပိုပြီး စနစ်တကျ လာမှာ ဖြစ်ပြီး နိုင်ငံရဲ့ တည်ငြိမ်ဖွံ့ဖြိုးမှုကိုလည်း များစွာ ထောက်ပံ့ဖြစ်လာ စေမှာပါ။ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်ဖွံ့ဖြိုးမှုလို့ပြောမယ်ဆိုရင်လည်း မြို့ပြဒေသလူသူအသိများသော ဒေသသာလျှင် တည်ငြိမ်ဖွံ့ဖြိုးခြင်း၊ နိုင်ငံရဲ့ လူမျိုးတစ်ခုတည်းသာ တည်ငြိမ်ဖွံ့ဖြိုးခြင်းမဟုတ်ပါဘဲနှင့် နိုင်င်ငံအတွင်းမှာရှိတဲ့ နေရာဒေသအသီးသီးက လူမျိုးပေါင်းစုံ သာတူညီမျှ တည်ငြိမ်ဖွံ့ဖြိုးမှုရှိရှိမှသာ လျှင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ အေးချမ်းတည်ငြိမ်သောနိုင်ငံအဖြစ်သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ လူထုပါဝင်မှု ဆိုတာကလည်း လူမျိုးပေါင်းစုံ၊ နေရာဒေသအသီးသီးက လူထုလူတန်းစားအလွှာစုံ ပူးပေါင်းပါဝင်မှုဖြင့်သာလျှင် ရရှိနိုင်မည်လို့ ယူဆပါတယ်။  ဒါကြောင့် အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုး တက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်လာစေရေးအတွက် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်နှင့်အညီ လူထုပါဝင် အုပ်ချုပ်သည့် နိုင်ငံဖြစ်လာစေရေးအတွက် အရေးတကြီးလုပ်ဆောင်ရမှာဖြစ်တဲ့ “Public Participation for Democracy” “ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်”ရေးသည် အင်မတန်မှ အရေးကြီးကြောင်း ဆွေးနွေးတင်ပြရင် တင်ပြနိဂုံးချုပ်ပါတယ်။