Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) က ဖတ်ကြားသည့်စာတမ်း

ဒီမိုကရေစီအတွက်ပြည်သူများပါဝင်ဆောင်ရွက်

“ ဒီမိုကရေစီဆိုတာ ပြည်သူတွေက ပြည်သူတွေနဲ့ ပြည်သူတွေအတွက်လုပ်တဲ့ နိုင်ငံရေးဖြစ်တယ် ” လို့ အီဘရာဟင်လင်ကွန်းက ပြောခဲ့ပါသည်။ ဒီမိုကရေစီ သည် ပြည်သူလူထုအတွက် နိုင်ငံရေးဖြစ်သော်လည်း မည်သည့်အရာက ပြည်သူလူထုအတွက်နိုင်ငံရေး ဟုဆိုသည်ကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ပါက ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဟု မဆိုနိုင်ပေ။ သို့ဖြစ်ပါ၍ ပြည်သူအားလုံးက နိုင်ငံရေးကို ကောင်းကောင်းနားလည်နေရန် လိုအပ်ပါသည်။

ဒီမိုကရေစီ သည် အာဏာရှင်စနစ် ၏ ဆန့်ကျင်ဘက်ဖြစ်သော်လည်း ဒီမိုကရေစီစနစ်တွင်ပင် အာဏာချုပ်ကိုင်မှုမှာ နားလည်ကျွမ်းကျင်ပြီး မိမိကိုယ်တိုင်လှုပ်ရှားဆောင်ရွက်မည့် ပြည်သူများ၏ လက်ထဲတွင်ရှိနေပါသည်။ ယင်းသည် အောက်ကနေအထက်သို့ အာဏာချုပ်ကိုင်မှုဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီ ဆိုသည်မှာ လွှတ်တော်အမတ်ရွေးကောက်ခြင်း၊ အကြောင်းကိစ္စများကို အများဆန္ဒနှင့် ဆုံးဖြတ်သည့် နိုင်ငံရေးလုပ်ထုံးလုပ်နည်းဆိုသည်ထက်ပိုပြီး ကြီးမားကျယ်ပြန့်ပါသည်။ ဒီမိုကရေစီ ၏ တူည်ီသည့်အခြေခံစိတ်ဓာတ်သဘောထားများ စိမ့်ဝင်အမြစ်တွယ်နေမည်ဆိုပါက မည်မျှပင်အလုပ်အကိုင်များ ယုံကြည်ကိုးကွယ်သည့်ဘာသာများ၊ လူမျိုးများခြားနားနေပါစေ လူသားအချင်းချင်းအကြားတွင် တူညီသည့် နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ စသည့် ဆက်ဆံရေး ပေါ်ပေါက်လာမည်သာဖြစ်ပါသည်။ ဘာသာစကား၊ ယဉ်ကျေးမှုများမတူကွဲပြားသည့် လူမျိုးစုများအကြားတွင်လည်း တူညီသည့်နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာပါမည်။ ယင်းမှတဆင့် တပေါင်းတစည်းထဲဖြစ်လာကာ ရန်စောင်ခြင်း၊ ဂုတ်သွေးစုပ်ခြင်းနှင့် စစ်ပွဲများမရှိသည့် ငြိမ်းချမ်းသောကမ္ဘာကြီးဖြစ်ပေါ်လာမည်ဖြစ်သည်။

တိုင်းပြည်တစ်ပြည်၌ ဒီမိုကရေစီစနစ်ပီပီပြင်ပြင် ထူထောင်မည်ဆိုပါက ပြည်သူတွေနှင့် အစိုးရ အဖွဲ့တွေမှာ မတူညီမှုများအပေါ် နားလည်သည်းခံသဘောထားကြီးပေးတတ်သော ကျင့်စဉ်မှာ အဓိက လိုအပ်သော အချက်ဖြစ်ပါသည်။ ဒီမိုကရေစီ တည်းဟူသော နိုင်ငံ၌ လူ့အဖွဲ့အစည်း၊ အစဉ်အလာ စသည်တို့ကို ဖန်တီးသောအခါတွင်လည်း လူသားအချင်းချင်းဆက်ဆံရေးတွင် သည်းခံနိုင်မှု ကိုမဖြစ်မနေ တည်ဆောက်ကြရမည်ဖြစ်ပါသည်။ သည်းခံနိုင်မှု သည် သည်းခံနိုင်သော သဘောထား အမြင်၊ အလေ့အကျင့်တို့နှင့် သက်ဆိုင်သဖြင့် မိမိတို့အနေဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးဟူ၍ ပြောဆိုနေသော်လည်း ဒီမိုကရေစီအမူအကျင့်ဖြစ်သော သည်းခံရေးတရား ကိုကောင်းမွန်စွာ မခံနိုင်ယူပါက အပြောနှင့်အလုပ် ညီညွတ်မျှတမှုရှိမည်မဟုတ်ပါ။

ဒီမိုကရေစီ အတွက် ပြည်သူများ ပါဝင်ဆောင်ရွက်ရာတွင် နိုင်ငံသားများပူးပေါင်းပါဝင်မှု၊ တန်းတူညီမျှမှု၊ နိုင်ငံရေးသည်းခံနိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ ပုံမှန်လွတ်လပ်မျှတသော ရွေးကောက်ပွဲများကျင်းပမှု၊ စီးပွားရေးလွတ်လပ်မှု၊ သြဇာအာဏာထိန်းချုပ်မှု၊ အခွင့်အရေးများကို ဥပဒေကြမ်းတင်သွင်းနိုင်မှု၊ ရွေးကောက်ပွဲရလဒ်များကို လက်ခံနိုင်မှု၊ လူ့အခွင့်အရေးများ၊ ပါတီစုံစနစ် နှင့် ဥပဒေစိုးမိုးမှုစသည့် အချက်များကို ဂရုပြုဆင်ခြင်ရမည်ဖြစ်ပါသည်။ ပြည်သူများသည် ဤအချက်များကို မှတ်သားလေ့လာ၍ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်မည်ဆိုပါက နိုင်ငံရေးသည်းခံနိုင်မှု ကိုမဖြစ်မနေ ပြုစုပျိုးထောင်ထားပြီး နှလုံးသွင်းကျင့်သုံးခြင်းဖြင့်သာ အဆင့်မြင့်ဒီမိုကရေစီစနစ် သို့တက်လှမ်းနိုင်မည်ဖြစ်ပါသည်။ သည်းခံနိုင်မှု သုညဖြစ်ပါက ဒီမိုကရေစီ စနစ်သည် အခက်အခဲပြဿနာပေါင်းစုံဖြင့်သာ ရင်ဆိုင်နေရမည်ဖြစ်ပါသည်။ သည်းခံနိုင်မှုရှိပါက လူ့အခွင့်အရေးကို လက်ခံနိုင်သကဲ့သို့ လူတိုင်းအတွက် အခြေခံလွတ်လပ်မှုများကိုလည်း လေးစားရာရောက်ပေမည်။ သို့မှသာ တိုင်းပြည်နှင့်လူမျိုးသည် ဖွံ့ဖြိုးတိုးတက်မှု အားအင်ပြည့်ဖြိုးတို့နှင့် အတူ ပို၍ကောင်းမွန်သောအနာဂတ်ကို ပုံဖော်တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မတရားမှုများ၊ မကောင်းမွန်သောအပြောအဆို၊ အရေးအသား၊ အကြံအစည် အပြုအမူများနှင့် လက်တုံ့ပြန်သည့် အလေ့အကျင့်များကိုရှောင်၊ စစ်ပွဲများကို ရပ်ဆိုင်းနိုင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သော မင်္ဂလာရှိသော လူယဉ်ကျေးမှုများ စောင့်ထိန်းပြုကျင့်သော အကျင့်သီလဖြစ်သည့် သည်းခံနိုင်မှုကိုဆောင်၍ ဒီမိုကရေစီ အတွက် ပြည်သူများပါဝင် ဆောင်ရွက်ကြပါစို့ ဟု အလေးအနက်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။