Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် “ဝ” ဒီမိုကရက်တစ်ပါတီမှ ဖတ်ကြားသည့် စာတမ်း

ယနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်လူကြီးမင်းများနဲ့ ပါတီစုံအသီးသီးမှ ညီအကိုတိုင်းရင်းသားကိုယ်စားလှယ်များအားလုံးကို အထူးပင် လေးစားပါကြောင်းနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ ဗဟိုကော်မတီဝင် ဦးအိုက်ယွန်းမွန်းဖြစ်ပါတယ်။

ယနေ့ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားအတွက် စာတမ်းကို ဖတ်ကြား တင်သွင်းခွင့်ရတဲ့အတွက် များစွာမှဘဲ ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း ရှေးဦးစွာ ဖော်ပြလိုပါတယ်။

ဒီမိုကရေစီနဲ့ ပတ်သက်လို့ ဒီမိုကရေစီရဲ့အဓိပ္ပာယ်၊ ဒီမိုကရေစီကို နားလည်လက်ခံဖို့ထားရှိတဲ့ မူဝါဒ၊ သဘောထားများ၊ ဒီမိုကရေစီစနစ်နဲ့ အများအကျိုးကို သယ်ပိုးရန်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်များအကြောင်းကို အနည်းငယ် တင်ပြဆွေးနွေးလိုပါတယ်။

ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းဟာ ဂရိဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်မှာ “ဒီမို”ဆိုတာ “ပြည်သူလူထု” “ကရေစီ”ဆိုတာက “ပြည်သူ့အုပ်ချုပ်ရေး” လို့ အဓိပ္ပာယ်ရှိကြောင်း လေ့လာမှတ်သားရပါတယ်။ ဒီအဓိပ္ပာယ်ကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူအတွက်ပြည်သူ များပါဝင်ဆောင်ရွက်ရမည့် စနစ်အမှန်ပင် ဖြစ်ကြောင်းထင်ရှားလှပါတယ်။ ဒါကြောင့် ယနေ့ ကျင်းပ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီအတွက်ဆောင်ပုဒ်မှာ “Public Participation for Democracy” “ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်” ဆောင်ပုဒ်ကို “ဝ”ဒီမိုကရက်တစ်ပါတီမှ ပြည်သူများနှင့် လက်တွဲကာကြိုဆိုလိုကြောင်းပြောပြလိုက်ပါတယ်။ ဆောင်ပုဒ်ကို ပေးပို့လာတဲ့ နိုင်ငံတကာပါလီမန်အဖွဲ့(Inter-Parliametary Union-IPU)ကိုလဲ ကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောပြလိုပါတယ်။

ယနေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပါလီမန်များအတွက် အထူးအခွင့်အရေးတစ်ရပ်ကို စီမံပေးတဲ့နေ့ဖြစ်ပြီးတော့ ပါလီမန်နဲ့ ဒီမိုကရေစီအကြောင်း ဆွေးနွေးရာမှ နိုင်ငံသားတွေကို ချိတ်ပေးတဲ့ နေ့လဲဖြစ်ပါတယ်။ ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း “လျော်ညီစွာ ငြင်းပယ်စွာမရနိုင်တဲ့ အမှန်တရား”များကို ဆွေးနွေးဖော်ထုတ်နိုင်ရန် ကမ်းလှမ်းပေးထားခြင်းလဲဖြစ်ပါတယ်။ နိုင်ငံသားတွေက ကမ်းလှမ်းမှုကို ရယူလေ့ကျင့်ပြီး အစိုးရ အနေဖြင့် အားပေးလေးစားမှုပြုခြင်းဖြစ်ပါတယ်။ ပြည်သူများပါဝင်ဆောင်ရွက်ရာမှာ အခြေအနေအပေါ် မူတည်ပြီး အခြေခံရမည့် အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ပြည်သူများဟာဒီမိုကရေစီကိစ္စအတွက် ပါဝင် ဆောင်ရွက်ဖို့အခွင့်အရေးနဲ့ တာဝန် (၂)ရပ်ရှိပါတယ်။ သမရိုးကျဖြစ်တဲ့ ခေါင်းဆောင်ကိုမဲဖြင့် ရွေးချယ်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သမရိုးကျမဟုတ်တဲ့သဘောဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်လို့ လူထုက လူထုကိစ္စတွေကို သူတို့ကို သူတို့ သတိပေးမယ်။ တွေ့ကြုံ၊ ခံစား၊ နားကြား၊ မြင်မြင်သမျှတွေနဲ့ ပတ်သက်လို့နိုင်ငံရေးစကားပြောလာကြမယ်။ ပြီးတော့ အမြင်နဲ့ မကိုက်ညီဘူးဆိုရင် ခွင့်ပြုချက်ရယူပြီးဆန္ဒပြခြင်းဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီရဲ့ ရလဒ်ဖြစ်တဲ့ လူအခွင့်အရေးနဲ့ တရားမျှတမှုတွေ အားနည်းခြင်း၊ ကင်းမဲ့ခြင်း တွေကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒီဖြစ်ရပ်တွေဟာ တစ်ကမ္ဘာလုံးရဲ့နိုင်ငံအသီးသီးမှာ ဖြစ်လေ့ ဖြစ်ထရှိသော ပြဿနာတစ်ခုဖြစ်ကြောင်းကိုလဲ တွေ့ရှိကြရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လေ့လာကြည့်မယ်ဆိုရင် အကြောင်းတရားပေါင်းစုံ ဖွဲ့စည်းဖြစ်ပေါ်လာပြီး တွန်းကန်အားသဘောဖြစ်တဲ့ အကျိုးတရားများစွာပေါ်ပေါက်လာကြောင်း တွေ့ရှိကြရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအကျိုးတရားများကို တစ်ကမ္ဘာလုံးအတွက် အကောင်းဆုံးသောဒီမိုကရေစီရလဒ်ဖြစ်အောင် တည်ငြိမ်အေးချမ်းသော လူသားကမ္ဘာဖြစ်ရေး၊ အဖြစ်နိုင်ဆုံး တရားမျှတစွာဖြင့် ခေတ်မီတိုးတက်သော လူ့ကမ္ဘာဖြစ်လာစေရေး၊ မေတ္တာတရားအေး ရိပ်မှာ ညီညွတ်သော လူသားကမ္ဘာအဖြစ် ဆက်လက်တည်ရှိရေစးတို့ကို ဖြစ်စေချင်ပါတယ်

ဒါကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို အေးချမ်းတည်ငြိမ်ပြီး  ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီရွှေနိုင်ငံတောင်သစ်ကြီးအား ဆက်လက် တည်ဆောက် သွားရာမှာ ဒီမိုကရေစီအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်စို့ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဒီမိုကရေစီပန်းတိုင်ဆီ အရောက်ချီတက်ဖို့၊ လက်တွဲကြစို့လို့ ဒီမိုကရက်တစ်ပါတီမှ ပြည်သူတစ်ရပ်လုံးကို လေးစားစွာ ဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါသည်။