Skip to main content

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမှာစကားပြောကြား

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ      (၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိမ်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကော်မတီ၊ ကော်မရှင် ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးမှဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားရာ၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ အနက်မှ ဒီမိုကရေစီစနစ်ကို ခံယူကျင့်သုံးလျက်ရှိကြသည့် နိုင်ငံအသီးသီးတွင် ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် စက်တင်ဘာ ၁၅ ရက်နေ့တိုင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပပြုလုပ်လျက်ရှိကြပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပါတီစုံ ဒီမို ကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်းကျင့်သုံးခဲ့သည့် ၂၀၁၁ ခုနှစ် မှစ၍ ပြည်ထောင်စုလွှတ်တော်၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၅ ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း။

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အတွက် IPU က သတ်မှတ်ရွေးချယ် ထားသည့် ဆောင်ပုဒ်မှာ “Public Participation for Democracy” ဖြစ်ပြီး “ဒီမိုကရေစီ အရေးအတွက် ပြည်သူများပါဝင်ဆောင်ရွက်”ဟု ဖွင့်ဆိုနိုင်ပါကြောင်း၊ တစ်ကမ္ဘာလုံး အတွက် သတ်မှတ်ရွေးချယ်ထားသည့် ယခုနှစ်ဆောင်ပုဒ်သည် မိမိတို့ နိုင်ငံအတွက် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးကို ကြိုဆိုဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုအားပေးခြင်း၊ မဲပေးခွင့်ရှိသူ အားလုံး ပါဝင်မဲဆန္ဒပေးရန် နှိုးဆော်တိုက်တွန်းခြင်းစသည့် သဘောအဓိပ္ပါယ်များနှင့် ပြည်စုံနေသည်ဟု သုံးသပ် ခံစားရပါကြောင်း။

ပွင့်လင်းမြင်သာပြီး လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲကြီး အောင် မြင်စွာ ပြီးမြောက်နိုင်ရန်မှာ မဲဆန္ဒပေးခွင့်ရှိသည့် ပြည်သူများအားလုံး တာဝန်သိသိနှင့် နိုးကြား တက်ကြွစွာပါဝင်ရေးသည် အလွန်အရေးကြီးသည့် လိုအပ်ချက်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်က စပြီး အေးချမ်း ညင်သာစွာ အသွင်ကူးပြောင်းကျင့်သုံးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ကိုယ်တိုင် ယုံကြည်ပြီး လက်ခံကျင့်သုံးနေပြီဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် အမှန်တကယ်ဖြစ်ထွန်း အောင် မြင်အောင်၊ ဆက်လက်ရှင်သန်ခိုင်မာအောင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီး ပွားကို ပိုမိုတိုးတက် အကောင်အထည်ဖော်နိုင်အောင် “ဒီမိုကရေစီအရေးအတွက် ပြည် သူများပါဝင်ဆောင်ရွက်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားအားလုံးက ပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်နှင့်နိုင်ငံသားအားလုံးအတွက် အဓိကနှင့်အရေးကြီးဆုံး လိုအပ်ချက်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘ၀ လုံခြုံတိုးတက် စေရေးဖြစ်ပါကြောင်း၊ ယင်းလိုအပ်ချက်များအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်အချုပ် အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ အခွင့်အာဏာများကို တတ်နိုင်သမျှ ပိုင်းခြားအသုံးပြုပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း တိမ်းစောင်း မှားယွင်းမှု မဖြစ်ရလေအောင် အပြန်အလှန် ထိန်းကျောင်းခြင်းနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း။

လာမည့် နိုဝင်ဘာ ၈ ရက်တွင် မိမိတို့နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးကာလအတွက် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဥပဒေပြုလွှတ်တော်များ၊ ၎င်းမှတစ်ဆင့် အုပ်ချုပ် ရေးအဖွဲ့၊ ပြည်သူ့တရားစီရင်ရေးအဖွဲ့တို့ကို ရွေးချယ်ပေးကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံသားပြည်သူများ ကိုယ်တိုင်ဆန္ဒမဲပေး ရွေးချယ်ပေးရခြင်းသည် အတိုင်း အတာ မည်မျှအထိ အရေးကြီးသည်ဆိုသည်မှာ ထင်ရှားပေါ်လွင်နေသည်ဖြစ်၍ ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ ဆောင်ပုဒ်နှင့်အညီ “ဒီမိုကရေစီအရေးအတွက် ပြည်သူများအားလုံးပါဝင်ဆောင်ရွက်” ကြစေရန် ယခုအခမ်းအနားမှ တစ်ဆင့် ပြည်သူ လူထုအတွင်း သိရှိပျံ့နှံ့ရန်နှင့် လက်တွေ့ပါဝင်ဆောင်ရွက်နိုင်စေရန် တိုက်တွန်း လိုပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ  ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာကို အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်းက လည်းကောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ထံမှ ပေးပိုသည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂ (Inter-Parliamentary Union-IPU)၏ ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အတွက် သတင်း ထုတ်ပြန်ချက်တို့ကို တာဝန်ရှိသူများက လည်းကောင်း ဖတ်ကြားကြသည်။

ဆက်လက်၍ ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားနှင့် စပ်လျဉ်း၍ “ကျောင်းသားလူငယ်များ၊ မြန်မာပြည်သူ့ဖိုရမ်၏ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကရင်ပြည်သူ့ပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ”တို့၏ စာတမ်းများကို စာတမ်းရှင် (၂၂)ဦးက ဖတ်ကြားကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်သူလူထုကို လေးစားတန်ဘိုး ထားကာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒီမိုကရေစီဘက်တော်သားများအနေဖြင့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို ဂုဏ်ပြု လျက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ တွင် ပြည်သူအားလုံးပါဝင်မှ ဒီမိုကရေစီအရေးအောင်မြင်မည်ဆိုသည်ကို အားလုံးက ယုံကြည် လက်ခံကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

ဤအခမ်းအနား ဖြစ်မြောက်အောင်မြင်အောင် ပါဝင်ဆောင်ရွက်ကြသူများနှင့် တက်ရောက်ကြသူများအားလုံးကို မိမိအနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် လွတ်လပ်၍ တရားမျှတသည့် သန့်ရှင်းသောရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စိတ်စေတနာနှင့် ကြိုးပမ်းအားထုတ်နေမှုကို အားပေး အသိအမှတ်ပြု ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့အားလုံးကလည်း နိုင်ငံတော်နှင့်ကော်မရှင်ကို ဝိုင်းဝန်း ကူညီရန်လိုအပ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များ အပါအဝင် မိမိအနေဖြင့်လည်း အကူးအပြောင်းကာလမှာ ဒီမိုကရေစီစနစ် ရှင်သန် အားကောင်းလာစေရေးအတွက် ယခုအချိန်မှစ၍ ပြည်သူအားလုံးက ဒီမိုကရေစီအရေး ပြည်သူအားလုံး ပါဝင်ရေး “Public Participation For Democracy” ဆောင်ပုဒ်အတိုင်း ဒီမိုကရေစီအရေး၊ ပြည်သူအားလုံး ပါဝင်ရေးကို ပျံ့နှံ့သိရှိအောင်နှင့် လက်တွေ့တွင် ပါဝင်ဆောင်ရွက်ကြပြီး မိမိတို့နိုင်ငံကို ငြိမ်းချမ်းသာယာပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင် တည်ဆောက်ကာ နောက်ကျ၊ နိမ့်ကျသောဘဝမှ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ကြပါစေရန် ဆန္ဒပြု လိုက်ပါကြောင်းဖြင့် ပြောကြားကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် သံတမန်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာလွှတ်တော်သမဂ္ဂ (Inter- Parliamentary Union- IPU) က ဒီမိုကရေစီကြေညာစာတမ်းထုတ်ပြန်ခဲ့သည့် ၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် ရွေးချယ်သတ်မှတ် ခဲ့ကြသည်။

ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလျက်ရှိသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံ များကို ဂုဏ်ပြုရန်၊ အုပ်ချုပ်ရေးအစိုးရအဖွဲ့များအနေဖြင့် ဒီမိုကရေစီကျင့်စဉ်များကို အားပေးမြှင့်တင်နိုင်ရန်၊ ပြည်သူများအကြား ဒီမိုကရေစီစိတ်ဓာတ်အစဉ် ရှင်သန်နိုးကြား နေစေရန်၊ ဒီမိုကရေစီကျင့်စဉ် ပြုပြင်ပြောင်းလဲမှုများကို နောင်အနာဂတ် ကာလတွင်ပါ အစဉ်အမြဲ လုပ်ဆောင်ကြနိုင်စေရန် ရည်ရွယ်၍  နှစ်စဉ် စက်တင်ဘာ ၁၅ ရက်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်၍ နိုင်ငံအလိုက် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြရန်  ၂၀၀၇ ခုနှစ် ၆၂ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်