Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာနိုင်ငံ ပြည်သူပြည်သားများအားလုံး ဒီမိုကရေစီ၏ အနှစ်သာရ အသီးအပွင့်များကို အပြည့်အဝရရှိခံစားနိုင်ကြပါစေကြောင်း ဦးစွာပထမဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို ဒီမိုကရေစီအနှစ်သာရ ပြည့်ဝစွာဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် ငါးကြိမ်ရှိပြီဖြစ်ပါသည်။ ဒီမိုကရေစီသည် နိုင်ငံသားအားလုံး၏ လူမှုဘဝနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များတွင် တန်းတူညီမျှ ပြောဆိုရပိုင်ခွင့်ရှိသည့် အုပ်ချုပ်မှုပုံစံဖြစ်ပြီး အားလုံးအတွက် ခွင့်တူညီမျှရှိသင့်သည်ဟု ယူဆသောအခွင့်အရေးကို လူတိုင်းခံစားဆောင်ရွက်ရန်လိုပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများရှိပါမှ ဒီမိုကရေစီသည် အမြဲသက်ဝင်ရှင်သန်နိုင်မည် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားအားလုံးကို ဒီမိုကရေစီ အခွင့်အရေးများအပြည့်အဝ အပ်နှင်းထားပြီးဖြစ်ပါသည်။ ဒီမိုကရေစီလိုက်နာကျင့်သုံးရေးတွင် နိုင်ငံသားအားလုံး ပါဝင်ျကင့်သုံးကြရပါမည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖြစ်သည့်အတွက် ပြည်သူပြည်သားအားလုံး ပါဝင်ဆောင်ရွက်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်နှင့် လူ့အဖွဲ့အစည်းပေါင်းစည်း ညီညွတ်မှုကို ဖော်ဆောင်နိုင်မှသာ ပြည်တွင်းငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။

ဒီမိုကရေးစီစနစ်ကို ကျင့်သုံးသော နိုင်ငံတိုင်းတွင် Democoracy Culture ဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရန်လိုအပ်ပြီး ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ယုံကြည်လက်ခံကျင့်သုံးသည့် လူ့ဘောင်ဘဝရှိရပါမည်။ လူ့အဖွဲ့အစည်းတွင်း ဒီမိုကရေစီကျင့်စဉ်များ အခြေခိုင်ရေးတွင် ဒီမိုကရေစီပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည် ဖြစ်ပါသည်။ လူတိုင်းကအခွင့်အရေးနှင့် တာဝန်သိမှု၊ တာဝန်ယူမှုတို့ကို မျှတစွာပေါင်းစပ် ကျင့်သုံးနိုင်ရပါမည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဆီသို့ ခိုင်မာသောဆုံးဖြတ်ချက်၊ ရည်မှန်းချက်ဖြင့် လျှောက်လှမ်းခဲ့သည့်အတွက် ယနေ့အချိန်တွင် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအောင်မြင်မှု အသီးအပွင့်များသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပေါ်ထွန်းလာရေးဟူသည့် ဆုံးဖြတ်ချက်၊ ရည်မှန်းချက်များကို ပြည်သူတစ်ရပ်လုံးက အသိစိတ်ဓာတ်ရှိစွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကူညီဆောင်ရွက် ခဲ့ကြခြင်းပင်ဖြစ်ပါသည်။

ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနောက်ခံ အခြေအနေများ၊ လူမှုပုံစံများ၊ ဓလေ့ထုံးစံယဉ်ကျေးမှုများနှင့် စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိပါတီများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အစုအဖွဲ့များနှင့် ပြည်သူများအားလုံး၊ သက်ဆိုင်သူများအားလုံး (Stakeholders) များ၏ ဒီမိုကရေစီ ဖော်ဆောင်နိုင်မှုအပေါ်တွင် မူတည်ကာ ပုံစံအမျိုးမျိုး၊ ချဉ်းကပ်မှုအမျိုးမျိုး ကွဲပြားနိုင်သော်လည်း ပြည်သူပြည်သားတို့၏ စိတ်နေစိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အတွေးအခေါ်မြင့်မားမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့သည် ဒီမိုကရေစီဖော်ဆောင်ရေး၏ အဓိကအချက်များ ဖြစ်ပါသည်။                 

ယနေ့အချိန်သည် နိုင်ငံတော်နှင့် ပြည်သူအားလုံး၏ အနာဂတ်မျှော်မှန်းချက်များကို ဖော်ဆောင် ပေးမည့် အရေးကြီးသောကာလ ဖြစ်ပါသည်။ မကြာမီကျင်းပတော့မည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ များသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်ကြီးမားသည့် အဆင့်တစ်ဆင့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပါသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများဖြစ်စေရန် နိုင်ငံတော်အစိုးရနေဖြင့် အစွမ်းကုန်ကူညီ ဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ်နိုင်ငံတော် သစ်တစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်ရန် အတွက် မဲဆန္ဒရှင်ပြည်သူများ အားလုံးကလည်း တာဝန်ကျေပွန်ကြရန် လိုအပ်ပါသည်။

လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူအားလုံးက နိုင်ငံသားတာဝန်ဖြစ်သည့် ဆန္ဒမဲပေးခြင်းတာဝန်ကို မပျက်မကွက် ထမ်းဆောင်ကြရမည်ဖြစ်ပါသည်။ ဆန္ဒမဲပေးရာတွင် မိမိတို့ကို အမှန်တကယ်ကိုယ်စားပြုမည့် ပြည်သူများ၏ လိုလားချက်များကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့်  ရည်အသွေးရှိသည့် လူထုကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရန် အထူးအရေးကြီးပါသည်။ မှန်ကန်သောရွေးချယ်မှုများဖြင့်သာ နိုင်ငံသားအားလုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီထွန်းကားပြီး ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲများက ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံရှိသည့် လူမျိုးစုများစွာ နေထိုင်သော နိုင်ငံဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်း စဉ်များတွင် နိုင်ငံ၏လူမှုသဟ ဇာတဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို ထိခိုက်နစ်နာစေသည့် ကိစ္စရပ်များ မပေါ်ပေါက်စေရန် နိုင်ငံရေး ပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအားလုံး စည်းကမ်းရှိမှု၊ စိတ်နေစိတ်ထားရင့်ကျက်ပြည့်ဝမှု၊ အတွေးအခေါ် မြင့်မားမှု၊ ဆင်ခြင်တုံတရားရှိမှုဖြင့် ဒီမိုကရေစီကို ဖော်ဆောင်သွားကြရမည် ဖြစ်ပါသည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၏ ဆောင်ပုဒ်မှာ “Public Participation for Democracy” (ဒီမိုကရေစီအတွက် ပြည်သူများပါဝင်ဆောင်ရွက်) ဟူ၍ ဖြစ်ပါသည်။ ယင်း ဆောင်ပုဒ်သည် ပြည်သူများ၏ အခန်းကဏ္ဍကို ပိုမိုအနက်အဓိပ္ပာယ် ဖွင့်ဆိုပြသည့်သဘော သက်ရောက်ပါသည်။ ဒီမိုကရေစီဖြစ်စဉ်များ အားလုံးတွင် ပါဝင်ဆောင်ရွက်နေကြသည်။ ပုဂ္ဂိုလ်များအားလုံးက ဒီမိုကရေစီယန္တရားအဆင့် အဆင့်ဆင့်၌ ပြည်သူများ ပိုမိုပါဝင်နိုင်မည့် ခွင့်အလမ်းများကို ဖော်ဆောင်ပေးရန်လည်း လိုအပ်ပါသည်။ တစ်ဆက်တည်းအနေဖြင့် ပြည်သူများ၏ အသိပညာပေး ရေချိန်မြင့်မားလာအောင် ပြုစုပျိုးထောင်၍ ဒီမိုကရေစီ၏ အနှစ်သာရများကို ပိုမိုရရှိခံစားနိုင်ရန်လည်း အားလုံးကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။

ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် ဒီမိုကရေစီနိုင်ငံသား မြန်မာပြည်သူပြည်သားများအားလုံး ဒီမိုကရေစီစံနှုန်းများနှင့်အညီ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ အပြန်အလှန်နားလည်လေးစားမှု အများ၏သဘောထားကို လိုက်နာ၊ လူနည်းစု၏သဘောထားကို အလေးထားရင်း နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ကြရန်နှင့် ရင့်ကျက်ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်သွားကြပါရန် တိုက်တွန်းလိုက်ရပါသည်။