Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ် ရေးကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် အောက်တိုဘာ လ ၈ ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်၍ တစ်လသာ လိုတော့ကြောင်း၊ ရွေးကောက်ပွဲပြီးပါက ပထမအကြိမ်လွှတ်တော်ပုံမှန် အစည်းအဝေးများ ကျင်းပမည်ဖြစ်၍ ကျင်းပမည့်ရက်ကို မကြာမီ ထုတ်ပြန်ကြေညာသွားရမည် ဖြစ်ပါကြောင်း၊ ကျန်သည့်လွှတ်တော် သက်တမ်းကာလအပေါ် မူတည်၍ လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးမည်ဖြစ်၍ အရေးကြီးသည့် အစည်းအဝေးဖြစ်ပါကြောင်း။

ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် ဥပဒေများကို လေ့လာဆောင်ရွက်ရသည့်နည်းတူ အချို့ဥပဒေများကို ကျန်သည့် သက်တမ်းအတွင်း၌ ဆက်လက်ဆောင်ရွက်ရန်ရှိပါကြောင်း၊ အစည်းအဝေးတွင် ပြည်ထောင်စု၏ နောက်ဆက်တွဲ ဘဏ္ဍာငွေ ခွဲဝေသုံးမှုဥပဒေကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လွှတ်တော် သက်တမ်းအတွင်း မဖြစ်မနေဆောင်ရွက်ရမည့် ဥပဒေများရှိပြီး သေချာစွာ လျာထားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အရေးကြီးသည့် ဥပဒေများနှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင်များက တင်ပြဆွေးနွေးကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် (၂၃-၉-၂၀၁၅) ရက်တွင် ပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၅) ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ထို့နောက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် သုံးသပ်ဆောင်ရွက်ပြီးသော ဥပဒေများ၊ ဆောင်ရွက်ရန် ကျန်သောဥပဒေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၉ ရက်